Wednesday, August 6, 2014

လေယာဉ်ပေါ် ဗုံးပါလာကြောင်း သတင်းမှား ပေးပို့သူ တစ်ဦးကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

Wed, 2014-08-06 12:31
လေယာဉ်ပေါ်တွင် ဗုံးတစ်လုံး ပါလာကြောင်း သတင်းအမှား ပေးပို့မှုအတွက် လေယာဉ်ပေါ် လိုက်ပါလာ သည့် မသင်္ကာဖွယ် ခရီးသည် တစ်ဦးကို ဗြိတိန်ရဲများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ခရီးသည် (၂၆၉)ဦးနှင့် အမှုထမ်း (၁၃)ဦး လိုက်ပါလာသော ကာတာလေကြောင်းပိုင် QR23 လေယာဉ် သည် ဩဂုတ်(၅)ရက်တွင် ဒိုဟာမှ ပျံသန်းလာပြီး မန်ချက်စတာ လေဆိပ်တွင် ချောမောစွာ ဆင်းသက်နိုင် ခဲ့သည်။ အဆိုပါ A330-30 အမျိုးအစား လေယာဉ်ကို ဗြိတိန်လေတပ်မှ Typhoon တိုက်လေယာဉ် တစ်စီး က လေဆိပ်သို့ ဆင်းသက်သည့် အချိန်ထိ ခြံရံလိုက်ပါ ပျံသန်းခဲ့သည်။

လေယာဉ်မှူးသည် လေယာဉ်ပေါ်တွင် ပေါက်ကွဲစေတတ်သည့် ကိရိယာတစ်ခု ပါလာကြောင်း သတင်းစ ကားကို ခရီးသည်တစ်ဦးထံမှ ပေးပို့သည့် စာရွက်ဖြတ်ပိုင်း တစ်ခုဖြင့် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ “တော်ဝင်လေတပ် တိုက်လေယာဉ် တစ်စီးက မန်ချက်စတာ လေဆိပ်ကို ဦးတည်လာတဲ့ လေယာဉ် ကို စောင့်ကြည့် ပျံသန်းခဲ့ပါတယ်။ ဒါကလည်း လေယာဉ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ ကိရိယာတစ်ခု ပါလာတယ်လို့ လေယာဉ်မှူးဆီက သတင်းပေးပို့မှုကို ကြိုတင်ရရှိထားလို့ပါ”ဟု ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန်အိုဟာရာက ပြောကြားခဲ့သည်။

လေယာဉ်ဆင်းသက်လာပြီးနောက် လေဆိပ်ကို (၂၅)မိနစ်ကြာမျှ ပိတ်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ ရသည်။ ခရီးသည်များကို လေယာဉ်ပေါ်မှ ဆင်းခွင့်မပေးခဲ့ဘဲ လက်နက် အပြည့်အစုံနှင့် အထူးတပ် ဖွဲ့ဝင်များက တက်ရောက်လာကာ အသက်(၄၇)နှစ်အရွယ် လူတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းကို လတ်တလောတွင် မေးမြန်းစစ်ဆေးနေဆဲ ဖြစ်သည်။ “ခရီးသည်တွေ၊ အမှုထမ်းတွေ အဆင်ပြေစေရေး နဲ့ ဘေးကင်းစေရေးက ကျွန်တော်တို့ရဲ့ ဦးစားပေး လုပ်ငန်းစဉ်ပါ။ လက်ရှိဖြစ်ရပ်ကို ရဲက တာဝန်ယူ စစ်ဆေးနေပါတယ်။ ဒါကြောင့် သီးခြားမှတ်ချက် မပေးလိုပါဘူး”ဟု ကာတာလေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့သည် လေယာဉ်ပေါ်တွင် စေ့စေ့စပ်စပ် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း မသင်္ကာဖွယ်ရာ မည်သည့်အရာကိုမျှ မတွေ့ခဲ့ချေ။ “ဒီခြိမ်းခြောက် သတိပေးမှုကို လက်ခံရရှိချိန်မှာ ဘယ်အတိုင်းအတာထိ ယုံကြည်ရမလဲ ဆိုတာကို ကျွန်တော်တို့ မသိနိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း အမြင့်ဆုံး အရေးပေါ် အခြေအနေမျိုးနဲ့ တုံ့ပြန်ဖို့ကလွဲရင် ကျွန်တော်တို့ အနေနဲ့ တခြားရွေးချယ်စရာ မရှိပါဘူး”ဟု လည်း ရဲတပ်ဖွဲ့ အကြီးအကဲ အိုဟာရာက ပြောကြားသွားသည်။
7Day Daily
_Ref: BBC

0 comments:

Post a Comment