Wednesday, August 13, 2014

ဝန်ကြီးဟောင်း ဦးဆန်းဆင့် အသက်ရှူ ကျပ် မန္တလေးမှပါရဂူနှစ်ဦး ခေါ်ယူကုသခဲ့ ရဟုဆို

နန္ဒ၊ နေပြည်တော်၊ သြဂုတ်-၁၂
တရားရင်ဆိုင်နေရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်မှာ သြဂုတ် ၁၀ရက်တွင် အသက်ရှူကျပ် သဖြင့် မန္တလေးမှ ပါရဂူနှစ်ဦးကို ရမည်းသင်းအကျဉ်းထောင်သို့ ခေါ်ယူကာ အောက်ဆီဂျင် ပေးကုသခဲ့ ရကြောင်း ၎င်း၏ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက သြဂုတ် ၁၂ ရက်၌ စံတော်ချိန် သို့ ပြောဆိုခဲ့သည်။

" တနင်္ဂနွေနေ့က အသက်ရှူလို့ မ၀ဘူးဆိုပြီးတော့ မန္တလေးက ဆရာဝန်ကြီးတစ်ဦးရယ်၊ နှလုံးပါရဂူ တစ်ဦးရယ် နှစ်ဦးစလုံးလာကုသပေး ရတယ်။ အန်ကယ့်ကိုတွေ့ချင်တယ်ဆိုလို့ တနင်္လာနေ့မှာ သွားတွေ့တော့ ကုသပေးခဲ့တဲ့ အခြေအနေကြောင့် လန်းဆန်း နေပါတယ်။ ဒီနေ့ရုံးထုတ်တော့လည်း လန်းဆန်းနေပါတယ် " ဟု ဦးတင်ထွန်းက ပြောဆိုသည်။

ဒက္ခိဏသီရိခရိုင်တရားရုံး၌ ခုနစ်ကြိမ်မြောက်ရုံးထုတ်တွင် ဦးဆန်းဆင့် ၏လက်မောင်း၌ ဆေးသွင်းထား သည့်လက္ခဏာတွေ့ရပြီး အမှုစစ်ရာတွင်လည်း ခေတ္တအနားပေးမှုများ ပြုလုပ်ခဲ့ရသည်။ ပုဒ်မ ၄၀၉/၁၀၉ နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးဦးမြင့်ဦး၊လက်ထောက် ညွန်ကြားရေးမှူး ဦးထွန်းမြင့်အောင်နှင့် ယာဉ်မောင်းကျော်ဝင်းလှိုင်တို့ကို တရားလိုပြသက်သေများအဖြစ် စစ်ဆေးခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နှင့် ပတ်သက်၍ တရားလိုပြသက်သေများအဖြစ် သာ သနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ သာသနာရေးဦးစီးဌာ န ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် ရဲမှူးမျိုးသန့်တို့ကို စစ်ဆေးခဲ့သည်။နံနက် ၉ နာရီ ၄၅ မိနစ် ၀န်းကျင်မှ ညနေ ၃နာရီ ၁၅ မိနစ်အထိ ကြာမြင့်ခဲ့သော ရုံးထုတ်သို့ မိသားစုဝင်များလည်း လာရောက်ခဲ့ပြီး အမှုစစ် အပြီး ပြန်လည်ထွက်ခွာချိန်တွင် ကားအတွင်းမှ ၀န်ကြီးဟောင်းဦးဆန်းဆင့်၏ လက်ပြနှုတ်ဆက်မှု မှာ မြင်ရသူအားလုံးအတွက် ကြေကွဲစရာဖြစ်ခဲ့ရသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်ကို သြဂုတ် ၁၅ရက်တွင် ဒက္ခိဏသီရိခရိုင်တရား ရုံး၌ပင် ထပ်မံရုံးထုတ် မည်ဖြစ်သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment