Wednesday, August 13, 2014

တောင်ကိုရီးယား စစ်သား (၂) ဦး ကိုယ့်ကိုယ်ကို သတ်သေမှု ထပ်မံဖြစ်ပွား

တောင်ကိုရီးယားတွင် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ၀င်ရောက် စစ်မှုထမ်းရသော စစ်သားနှစ်ဦး ကိုယ့်ကိုယ် ကို သတ်သေမှု ထပ်မံ ဖြစ်ပွား ပြန်ကြောင်း သိရသည်။

ဆိုးလ်မြို့ရှိ အထက်ပါ စစ်သားနှစ်ဦး အနက် တစ်ဦး၏ နေအိမ်တွင် နှစ်ဦးလုံးကို ကြိုးဆွဲချ လျက်သားတွေ့ရှိ ခဲ့ရခြင်း ဖြစ်ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။ တောင်ကိုရီးယား စစ်တပ်၏ အထူး ဂရု စိုက် စောင့်ကြည့်ရမည့် အမှုထမ်း စစ်သားများ စာရင်းတွင် ထိုနှစ်ဦးစလုံး ပါဝင်နေ ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း တောင်ကိုရီးယား စစ်တပ်တွင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နှစ်နှစ် ၀င်ရောက် ထမ်းဆောင်သော စစ်သား များ သတ်သေမှု အများအပြား ဖြစ်ပွားခဲ့သည်။ ဇွန်လတွင် အလားတူ စစ်သားတစ်ဦးသည် ရဲဘော်ရဲဘက် ငါးဦးကို ပစ်သတ်ပြီး နောက်ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ရာ သေဆုံးခြင်းမရှိဘဲ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ နောက်တစ်လတွင် အလားတူပင် စစ်သားနှစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြန်သည်။ ထိုသုံးဦးလုံးသည် စစ်တပ်အတွင်း အဆင်ပြေအောင် နေထိုင်ရန် အခက်အခဲရှိ သဖြင့် ဂရုစိုက်စောင့်ကြည့်ရမည့် စစ်သားများ စာရင်းတွင် ပါဝင်သူများဖြစ်နေသည်။

ဧပြီလက နှစ်နှစ် စစ်မှုထမ်း စစ်သားတစ်ဦး သေဆုံးမှုသည်လည်း ရဲဘော် အချင်းချင်း အနိုင်ကျင့်ခြင်း များကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ထိုအမှုနှင့် ပတ်သက်ပြီး စစ်သားခြောက်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကာ လေးဦးကို လူသေစေမှုဖြင့် စွဲချက် တင်ထားသည်။ စစ်တပ် အတွင်း အနိုင် ကျင့် နှိပ်စက်မှုများကို ဖော်ထုတ်ကာ တရားမျှတမှု ဆောင်ကြဉ်းဖို့ တောင်ကိုရီးယား သမ္မတ ပါ့ခ်ကွမ်ဟဲ ကလည်း စစ်တပ်ကို တိုက်တွန်း ပြောကြားထားသည်။ ကိုရီးယားစစ်ပွဲ ပြီးစဉ်ကတည်းက တောင်မြောက် ကိုရီးယားနှစ် နိုင်ငံသည် အပစ်အခတ်ရပ်စဲရေးသာ လုပ်ထားရာ မူဝါဒအားဖြင့် စစ်ပွဲ အနေအထားသာ ရှိသေး သဖြင့် တောင်ကိုရီးယားတွင် အမျိုးသားများ စစ်မှုမထမ်းမနေရ နှစ်နှစ် သတ်မှတ်ထားသည်။
Messenger News Journal

0 comments:

Post a Comment