Friday, August 29, 2014

ထောင်နှင့်ချီ၍ ခရုများကိုက်ဖြတ်ခံနေရသည့် မွန်ပြည်နယ်မှ လယ်မြေများ

29 August 2014
မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ၊ မုဒုံ၊ ပေါင် နှင့်ကျိုက်မရောမြို့နယ်များတွင် သံလွင်မြစ်၊ အတ္တရံမြစ်တို့နှင့် နီးသည့် ထောင်နှင့်ချီသည့် လယ်ယာမြေများမှာ စပါးဖျက်ခရုများကို မနှိမ်နှင်းနိုင်သောကြောင့် လယ်ပျက်စီး မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

ခရုများ၏ ကိုက်ဖြတ်စားသောက်မှုကို ယခင်နှစ်က ကျိုက်မရောနှင့်ချောင်းဆုံဒေသများတွင် ပိုမိုခံစားခဲ့ ရသော်လည်း ယခုနှစ် မိုးရာသီ၌ ပေါင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင်လည်း ပိုမိုများပြားလာကြောင်း လယ်သမားများထံမှ သိရသည်။

“ဒီနှစ်က ပိုဆိုးလာတယ်ဗျ။ ဒီခရုတွေက နှိမ်နင်းရခက်တယ်။ ဆေးကလည်းဈေးကြီးတယ်။ ကျွန်တော်တို့ လယ်တွေက မြစ်နားနီးတော့ အဲ့ဒီကနေတက်တာ။ မိုးအစကတည်းက တက်နေတာပဲ။ စိုက်ထားတဲ့ လယ် တွေလည်း ကုန်ပြီ။ နောက်နှစ် တော့ ဒီလိုပဲဆိုမစိုက်နိုင်တော့ဘူး။ ကောက်လို့လည်းမကုန် ဘယ်လို လုပ်ရ မလဲကို မစဉ်းစားတတ်တော့ဘူး”ဟု ခရုကိုက်ဖျက်စားသောက်မှုခံရသော လယ်ပိုင်ရှင် ဦးအောင်တင် ၀င်းက ပြောသည်။

အဆိုပါခရုများကို နိမ်နှင်းရန်အတွက် ဆေးဝါးအချို့ ရှိသော်လည်း ခရုများမှာ ဆေးဖြန်းနိမ်နင်းမ ရ ဖြစ်နေ သော်လည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဌာန၏ ကူညီဆောင်ရွက်ပေးမှုကိုမရဟု လယ်သမားများက ဆိုသည်။

“ ဒီခရုတွေကို လူအင်အားနဲ့ကောက်တာမျိုးက ပိုအဆင်ပြေမယ်။ အစိုးရ ဘက်က လိုအပ်ရင် ကွင်းဆင်း ကြည့် ပေးမယ်”ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးမျိုးညွန့်က မီဒီယာများအား သြဂုတ်လ ပထမပတ်အတွင်းက ပြောဆိုခဲ့သေးသည်။

ထိုကဲ့သို့ ခရုများကိုနှိမ်နင်းရာ၌ ခရုသတ်ဆေးကို သုံးစွဲမည်ဆိုပါက သုံးစွဲပုံသုံးစွဲနည်းကို သေချာစွာသိမှ သုံးစွဲ သင့်ပြီး ခရုသတ်ဆေးသုံးစွဲထားသော သီးပင်စားပင်များကို ရက် ၅၀ အတွင်းစားသုံးခြင်းမပြု သင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။

ထို့အပြင်ထိုဒေသများ၌ အဆိုပါခရုများကို စားသုံးနေကြပြီး ခရုများကိုစားသုံးပါက ဦးနှောက် အမြှေးရောင် ရောဂါနှင့် အသည်းရောင်အသားဝါရောဂါတို့ ဖြစ်နိုင်သည့်အပြင် ခရုသတ်ဆေးဖြန်း ထားသော လယ်ကွက် အတွင်းရှိ ခရုများကို စားသုံးမိပါကလည်း အန္တယ်ရှိနိုင်သဖြင့် ဂရုပြုသင့်သည်ဟု အဆိုပါပညာရှင်များထံမှ သိရသည်။
မှူးအိမ်ဇော် (မြစ်မခ)
Shwe Myitmakha Media Group

0 comments:

Post a Comment