Wednesday, August 6, 2014

ခရီးသည်များထံမှ တိုင်ကြားမှု ထက်ဝက်ကျော်မှာ ယာဉ်စီးခပိုမို တောင်းခံမှု ဖြစ်

 ရန်ကုန်၊ သြဂုတ် ၆
ယခုနှစ် ခုနှစ်လတာကာလအတွင်း ခရီးသည်များထံမှ တိုင်ကြားမှု ထက်ဝက်ကျော်မှာ ယာဉ်စီးခပို မို တောင်းခံမှုများ ဖြစ်ကြောင်း မထသ(ဗဟို)မှသိရသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဘတ်စ်ယာဉ်လုပ်သားများနှင့် ပတ်သက်၍ ခရီးသည်များထံမှ တိုင်ကြားမှု စုစုပေါင်း ၆၁၆ မှုရှိသည်။ ၄င်းအနက် ယာဉ်စီးခ ပိုမို တောင်းခံမှုမှာ ၃၆၁ မှု၊ မချေမငံ/ရိုင်းပြစွာ ဆက်ဆံမှု ၁၁၄ မှု၊ သတ်မှတ် မှတ်တိုင် မရပ်မှု ၄၆ မှု၊ ဂိတ်စ/ဂိတ်ဆုံးမမောင်းနှင်မှု ၂၈ မှု၊ မဆင် မခြင်မောင်းနှင်မှု ၂၄ မှု၊ သတ်မှတ်လမ်းကြောင်းမမောင်းနှင်မှု ၂၂ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ၁၀ မှု နှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၉ မှုတို့ မှာ အများဆုံးတိုင်ကြားခံရခြင်းဖြစ်သည်။

မထသ(ဗဟို)မှ ဥက္ကဌ ဦးလှအောင်က " ခရီးသည်အများစုက ယာဉ်စီးခပိုတောင်းတာကို တိုင်ကြတယ်။ အဲဒီထဲမှာမှ မီနီဘတ်စ်ယာဉ်တွေ အဖြစ်များနေတယ်။အဲဒါတွေကို စီစစ်ပြီး အရေးယူနေပါတယ် "ဟုပြောသည်။

တိုင်ကြားမှု ၆၁၆ မှုထဲမှ ၁၇၈ မှုသာစီစစ်ပြီး ခရီးသည်များထံသို့ ပြန်ကြားနိုင်သေးကြောင်း၊ ၂၀၁၃ ခုနှစ်တွင်မူ ခရီးသည်များထံမှ တိုင်ကြားမှု စုစုပေါင်း ၃၃၀ သာရှိကြောင်းသိရသည်။

ယခုနှစ်ဇူလိုင်လအထိ ခရီးသည်တင်ယာဉ်မတော်တဆမှု ၁၃၉ မှုရှိပြီး ဒဏ်ရာရရှိမှု ၄၅၄ မှုနှင့် သေဆုံးသူ ၅၈ ဦးရှိကြောင်းမထသ(ဗဟို)စည်းကမ်းထိန်းသိမ်းရေးဌာနမှသိရသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

0 comments:

Post a Comment