Tuesday, August 5, 2014

ကိုထင်ကျော်ကို နောက်ထပ် ထောင်ဒဏ်တစ်နှစ် ချမှတ်

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက် မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချ လိုက်ပါတယ်။

ဒီနေ့ တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ကိုထင်ကျော်ရဲ့ဇနီးဖြစ်သူ မသန်းသန်းမော် က အခုလိုပြောပါတယ်။

"ဒီနေ့ သင်္ဃန်းကျွန်းတရားရုံးကနေပြီးတော့ ၅၀၅(ခ) ကိုပြစ်မှုမြောက်တယ်ဆိုပြီးတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ နှစ်ချုပ်ရက်များရှိရင် ခံစားစေဆိုပြီးတော့ အမိန့်ချလိုက်ပါတယ်၊ ဒီအမိန့်ချလိုက်တဲ့ အပေါ်မှာတော့ ကိုထင်ကျော်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ တင်ပြခြင်း မို့လို့ ၅၀၅(ခ) မမြောက်ကြောင်း သူ့မှာအပြစ်ကြောင်းကို လျှောက် လဲချက်ပေးတယ်ပေါ့နော်၊ သူ့ကိုအမိန့် ချသည်ဖြစ်စေ၊ လွှတ်သည်ဖြစ်စေပေါ့နော်၊ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်တွေ ကို ပြည်ထောင်စုအစိုးရက ဖြေရှင်း မပေး မချင်းပေါ့၊ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ထောင်ထဲမှာ ရှိသည်ဖြစ်စေ၊ အပြင်ကို လွတ်လာ သည်ပဲဖြစ်စေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူကပြောကြားသွားတယ်"

MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ကျောက်တံတား၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ ၊ တောင်ဒဂုံ စတဲ့ မြို့နယ် ၁၁ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာဖြစ်ပြီး သင်္ဃန်းကျွန်း၊ တောင် ဥက္ကလာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံစတဲ့ မြို့နယ် ၅ မြို့နယ်က စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ခွဲ အမိန့်ချထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ကိုထင်ကျော်ဟာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ အဖျက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ကျောက်တံတား မြို့နယ်တရားရုံးက တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃လ၊ မရမ်းကုန်းမြို့နယ်က အသိမ်းခံထားရ တဲ့ မြေယာတွေပြန်လည်ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ အကူ အညီတောင်းခံခဲ့တာ နဲ့ပတ်သက်ပြီး ဗဟန်းမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခံထားရပါတယ်။ ကိုထင်ကျော် ဟာ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်နီးပါး ပြစ်ဒဏ်ချမှတ် ခံထားရပြီး ဖြစ်ပါတယ်။
RFA Burmese

0 comments:

Post a Comment