Friday, August 29, 2014

တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ အစိုးရအဖွဲ့တွေ

ရန်ကုန်မြို့တွင် ဇွန်လ ၂၁ရက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဗဟန်းမြို့ ရွှေတိဂုံဘုရားအနီး ဗဟန်း ၃လမ်းတွင် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)


ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ဗဟန်းအမတ် ဒေါက် တာ ညိုညိုသင်းက ရန်ကုန်မြို့မှာ ရေမြောင်းတွေ ပိတ်ဆို့နေပြီး ရေလျှံတဲ့ ကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတဲ့ မေးခွန်းတစ်ခု မေးပါတယ်။ ဒေါက်တာညိုညိုသင်းမေးတဲ့ မေးခွန်းဟာ ရေကြီးရေလျှံတယ်ဆိုတဲ့ ကိစ္စ မေးတာထက် တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်း အဓိက မေးတာပါ။ ဒီလို မေးခွန်းမျိုးဟာ ရန်ကုန် တိုင်းအစိုးရကိုတင်မက သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကိုပါ မေးသင့်တဲ့ မေးခွန်းမျိုးပါ။ ဒေါက်တာညိုညိုသင်း ဘယ်လိုမေးခဲ့သလဲ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဘာတွေ ပြန်ဖြေသလဲ၊ ဒီလို ကိစ္စမျိုး ဘယ်လို သဘောထားသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ရအောင်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ဒေါက်တာ ညိုညိုသင်းမေးတဲ့ မေးခွန်းအပြည့်အစုံက ဒီလိုပါ။ “ရန်ကုန်တိုင်း ဒေ သကြီးအတွင်း ရေကြီးရေလျှံမှုများအတွက် မည်သည့်ဝန်ကြီးဌာနမှာ တာဝန်ရှိပါသနည်း၊ မည်သည့်မြို့ နယ်များတွင် မည်သို့သော လုပ်ငန်းမျိုးကို မည်မျှအကုန်အကျခံ၍ ဆောင်ရွက်ပါမည်နည်း။ အကယ်၍ ၂၀၁၅ မိုးရာသီ၌ ရန်ကုန်မြို့တွင် ရေမြောင်းများ ပိတ်ဆို့ရေလျှံပါက တာဝန်ရှိသူမှာမ ည်သည့် မြို့နယ်တွင် မည်သူဖြစ်၍ မည်သို့ အရေးယူ ဆောင်ရွက်မည်ကို ပြည်သူသို့ ရှင်းလင်းစွာ လွှတ်တော်မှတစ်ဆင့် တင်ပြထားရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ မေးခွန်းက ထပ်ပြီး ရှင်းပြဖို့ မလိုလောက်အောင် အလွန်ရှင်းလင်းပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြန်လည်ဖြေကြားပါတယ်။ သူ့ရဲ့အဖြေမှာ “ရန်ကုန်တစ်တိုင်းလုံး ဆိုရင်တော့ ကျွန်တော် တာဝန်အရှိဆုံးပေါ့ဗျာ၊ မြို့နယ်တစ်ခုချင်းစီဆို သက်ဆိုင်ရာမြို့နယ် စည်ပင်အရာရှိ ဘယ်သူဘယ်သူ တာဝန်ရှိတာပေါ့ဗျာ။ တကယ်လို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လို့မှ ရေကြီးရေ လျှံ ရေမြောင်းပိတ်ဆို့တာတွေ ထပ်ဖြစ်လာရင် ကျွန်တော်တာဝန်ရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်စည်ပင်အရာရှိတွေ တာဝန်ရှိသူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ထဲက တာဝန်ရှိသူတွေ တာဝန် ယူ နုတ်ထွက်ပါ့မယ်ခင်ဗျား”ဆိုပြီး ဖြေလိုက်မယ်လို့တော့ မမျှော်လင့်ကြပါနဲ့။ မြို့တော်ဝန် ဦးလှမြင့် ဘုရားစူးအဲလို မဖြေခဲ့ပါဘူး။

သူဖြေတာကတော့ အတော်လေးကို ရှည်လျား၊ ထွေပြား၊ ပေများပါတယ်။ အချိန်လည်း အတော်ကြာပါ တယ်။ သူ့အဖြေကို ချုပ်လိုက်ရင် ရန်ကုန်က ရေကြီးရေလျှံ ပြဿနာတွေ ဖြေရှင်းဖို့အတွက် နိုင်ငံတော်က ဘတ်ဂျက် ကျပ်ငွေ ၁၂ ဘီလီယံကျော် ချထားပေးတဲ့အကြောင်း၊ အဲဒီများပြားလှတဲ့ ဘတ်ဂျက်တွေကို မြန် မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီး ဌာန၊ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီတို့ ဘတ်ဂျက်ကို ခွဲဝေရယူပြီး လုပ်ကိုင်နေကြတဲ့အကြောင်း အသေးစိတ် ဖြေသွားပါ တယ်။ အဖွဲ့အားလုံး ၀န်ထမ်းအားလုံးဟာ သူ့တာဝန်နဲ့ သူတာဝန်ထမ်းဆောင်နေတာ ဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့၊ ပေါ့လျော့တဲ့ ၀န်ထမ်းတွေကိုတော့ အရေးယူသွားမယ်ဆိုပြီး ဖြေခဲ့ပါ တယ်။ ဒီလောက်ပါပဲ။ သူ့အဖြေထဲမှာ ဘယ်သူ တာဝန်ရှိသလဲ တိတိကျကျ မပါပါဘူး။ ဒီအတွက် လုပ်ငန်းမအောင်မြင်ရင် ဘယ်သူက တာဝန်ခံမလဲ၊ ဘယ်သူ တာဝန်ယူမလဲ ပြောမသွားပါဘူး။ ဒီထက် နားလည်လွယ်အောင် ရှင်းပြရရင် ရန်ကုန်က ရေကြီး ရေလျှံတဲ့ ပြဿနာ သူတို့ ငွေကြေးသုံးစွဲပြီး ဖြေရှင်းနေ တယ်၊ ကြိုးစားဖြေရှင်းနေတယ်၊ ဒါပေမဲ့ တာဝန်မယူနိုင်ဘူး၊ လုပ်ငန်းတွေ မအောင်မြင်ရင်လည်း၊ နောက် ထပ် ဒီလိုပဲ ဆက်ဖြစ်နေရင်လည်း ဘယ်သူ့ကိုမှ တာဝန်ခံခိုင်းဖို့၊ အရေးယူဖို့ မရှိဘူးဆိုတာပါ။

ဒါဆိုရင် ရေကြီးရေလျှံကိစ္စကို တာဝန်မယူ၊ တာဝန်မခံတာတော့ ဟုတ်ပါပြီ၊ အခြား ကားလမ်းတွေ ကျပ်တဲ့ ကိစ္စ၊ ကားပါကင်တွေ မရှိတဲ့ ကိစ္စ၊ တန်ဖိုးနည်းအိမ်ရာတွေ မရှိသလောက် နည်းနေတဲ့ ကိစ္စစသဖြင့် စသဖြင့် ကိစ္စတွေမှာရော တစ်စုံတစ်ယောက်က တာဝန်ယူ၊ တာဝန်ခံနေပြီလားလို့ မေးရင်လည်း ဟင့်အင်း လို့ပဲ ဖြေရမှာပါ။ ရန်ကုန်တိုင်းအစိုးရ အဲလို ဖြစ်နေတယ်ဆိုတော့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာရော အဲလိုတာဝန်ယူမှု၊ တာဝန်ခံမှု ရှိနေပြီလားလို့ မေးရင်လည်း ဒီအဖြေပဲထွက်မှာ ဖြစ်ပါတယ်။ ဘယ်လိုတာဝန်ယူမှု တာဝန်ခံမှုမျိုးမှ မရှိပါဘူး။

တကယ်တော့ အရင်စစ်အာဏာရှင်ခေတ်က အစိုးရ၀န်ထမ်းတွေဆိုတာဟာ အထက်အဆင့်ဆင့် အာဏာပိုင်တွေရဲ့ အမိန့်ကို နာခံပြီး အလုပ်လုပ်ရတယ်။ အဲဒီ အထက်အဆင့် အာဏာပိုင်တွေကိုပဲ တာဝန်ခံရတယ်၊ တာဝန်ယူရတယ်ဆိုတာ မဆန်းပါဘူး။ အာဏာရှင်စနစ် ဖြစ်လို့ပါ။ ကိုယ်လုပ်လိုက်တာ ဘာဖြစ်ဖြစ်၊ ဘယ်ကို ရောက်ရောက် အောင်မြင်တာ မအောင်မြင်တာ အရေးမကြီး အထက်လူကြီး ကျေ နပ်အောင် လုပ်ပြ၊ ပြောဆိုပြ၊ ဆက်ဆံပြရင် ကိုယ့်အလုပ် အာမခံချက်ရှိခဲ့တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအာဏာရှင်စနစ် မဟုတ်တော့ပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ဒီမိုကရေစီတံခါးဝကို သွားမယ်၊ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်လို့ ပြောဆိုထားခဲ့ပါပြီ။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်အောင် ကြိုးစားမယ်လို့ ကတိအထပ်ထပ်ပေးခဲ့ပြီးပါပြီ။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်အောင် လုပ်မယ်လို့လည်း ပြောဆိုထား ပြီးပါပြီ။ ဒါပေမဲ့ ကြီးကြီးသေးသေး ဘယ်ကိစ္စ တစ်ခုမှာမှ တာဝန်ခံသူ၊ တာဝန်ယူသူ တိတိကျကျ ရှိမနေခြင်းက ဆိုးပါတယ်။

တိုင်းပြည်မှာ မူးယစ်ဆေးဝါး ပြဿနာတွေ ကြီးမားကျယ်ပြန့်လာနေပါတယ်။ တာဝန်ယူမယ့်သူ မရှိပါ။ သက်ငယ် မုဒိမ်းမှုတွေ ပေါများလာပါတယ်။ တာဝန်ခံမယ့်သူ မရှိပါ။ နေပြည်တော်လမ်းမှာ ယာဉ်မတော် တဆဖြစ်ပြီး လူတွေတဖြုတ်ဖြုတ် သေနေပါတယ်။ ဘယ်သူ့မှာမှ တာဝန်မရှိပါ။ ဒီလို ဘယ်ကိစ္စတစ်ခု တလေမှာမှ တာဝန်ယူသူ၊ တာဝန်ခံသူ မရှိလေတော့ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအသီးသီးဟာ အရင်ခေတ်ကလိုပဲ ကိုယ့်အထက် အာဏာပိုင်တွေကိုပဲ ကြည့်ပါတော့တယ်။ ကိုယ့်အလုပ် ဘယ်လောက် မအောင်မြင်သည်ဖြစ်စေ၊ ဘာပြဿနာမှ မရှိ၊ ကိုယ့်အထက် အာဏာပိုင် ငြိုငြင်ရင်တော့ အရေးယူခံရမယ်၊ ကိုယ့်လုပ်ရပ်ကြောင့် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်ရောက် အရေးမကြီး၊ ကိုယ့်အထက် အာဏာပိုင်သဘောကျရင် အလုပ်မြဲနေလိမ့်မယ်ဆိုတဲ့ ခေတ်ဟောင်း စနစ်ဟောင်းက လုပ်ပုံလုပ်နည်းတွေ ဆက်ပြီး ရှင်သန်နေတာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ပုံစံနဲ့ ဆက်သွားနေဦးမယ်ဆိုရင် အစိုးရအဖွဲ့အသီးသီးအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေကို ဘယ်တော့မှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Mizzima - News in Burmese

0 comments:

Post a Comment