Saturday, August 2, 2014

အပြည်ပြည်ဆိုင်ရာ တရားရုံးအထိတိုင်မယ်လို့ ဦးဥတ္တရမိန့်ကြား

လန်ဒန်မြို့ သာသနာ့ယံသီ ကျောင်းတိုက်ဆရာတော် ဦးဥတ္တရ က သံဃာ့မဟာနာယက ဥက္ကဌနဲ့ အတွင်းရေး မှူးဆရာတော်တွေအပါအ၀င် သံဃာအပါး၂၀ကို ဗဟန်းမြို့နယ်နဲ့ တာမွေမြို့နယ်တရား ရုံးတွေမှာ တရားစွဲဆိုဖို့ကြိုးစားခဲ့ရာမှာ အဲ့ဒီမြို့နယ် တရားရုံးတွေက လက်မခံတဲ့အတွက် အထက်အဆင့် တရားရုံးတွေကို ဆက်လက်တင်ပြသွားမှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တိုင်ကြားမယ်လို့ RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။

ဆရာတော်ဦးဥတ္တရနဲ့ တခြား ရဟန်း ၄ ပါးကို ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ မဟာသန္တိ သုခ ကျောင်းတိုက်က ဖမ်းဆီးခေါ်ဆောင်သွားကာလူဝတ်လဲစေပြီး အင်းစိန်ထောင်မှာ ရက်အနည်း ငယ်ကြာ ဖမ်းဆီးထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်ဦးဥတ္တရက ဗဟန်းမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၁၆ ရက်နေ့က တရားရုံးအမိန့်စာမပါပဲ ဖမ်းဆီးချုပ်နှောင်မှု၊ မတရားတားဆီးမှုစတဲ့ အမူတွေနဲ့ သံဃာ့နာယက ဆရာတော် အပါး၂၀ ကို တရားစွဲဖို့ သွားရောက်လျှောက်ထားခဲ့ရာမှာ ပယ်ချခံခဲ့ရသလို သြဂုတ်လ ၁ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ဆက်ပြီး တရားစွဲဆိုရာမှာလည်း တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ဦးဥတ္တရက ခုလိုမိန့်ပါတယ်။

"ဘုန်းကြီးတို့ကတော့ ဒီ မြန်မာနိုင်ငံတွင်းမှာဖြစ်တဲ့ အခုဖြစ်နေတဲ့ပြဿနာဆိုတော့ ပြောရမယ်ဆို ရင် မြန်မာနိုင်ငံတွင်းမှာပဲ တက်နိုင်သလောက် တရားဥပဒေဘောင်အတွင်းမှာပဲ ဘုန်းကြီးတို့ ရှင်းရ မှာပေါ့နော်၊ တကယ်ဆို မြန်မာနိုင်ငံအတွင်းမှာပဲ ရှင်းလို့မရတော့ဘူး၊ ရှင်းနိုင်မယ့်အနေအထား အခွင့်အရေးမပေးဘူးဆိုရင်တော့ အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ ရှင်းရမှာပေါ့၊ ဘုန်းကြီးက အဲ့လိုဆုံးဖြတ်ထားပါတယ်"

အဲ့ဒီမြို့နယ်တရားရုံးတွေက အခုလိုငြင်းပယ်မှုနဲ့ပတ်သက်ပြီး ဆရာတော်ဦးဥတ္တရနှင့် ဆရာတော် ၄ ပါး ကို အစိုးရကတရားစွဲဆိုထားတဲ့ အမူတွေမပြီးပြတ်သေးတာကြောင့် ဆရာတော်ဖက်က ပြန်လှန်တရားစွဲတာကို စီမံခန့်ခွဲမူအရ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက သံဃာ့မဟာနယကအဖွဲ့ အမိန့်နဲ့ ပီနန်ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနှင့် ဦးပညာဝရတို့ကို ၂၀/၉၀ နဲ့ ပုဒ်မ ၂၉၅ (က) ဖြင့် လူဝတ်လဲ ဖမ်းဆီးချုပ်နှောင်ကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုအဖြစ် တာမွေမြို့နယ် တရားရုံးမှာ
တရားစွဲဆိုထားတာဖြစ်ပါတယ်။
RFA Burmese

0 comments:

Post a Comment