Wednesday, August 13, 2014

ဒုဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သားတစ်ဦး၏ ကား ခိုးယူခံရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ် ပြင်ဦးလွင် ဂေါက်ကွင်း အနီး ရပ်နားထားသည့် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုသေသနတပ်၊ ဘူမိဗေဒဌာနမှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်သား တစ်ဦး၏ တိုယိုတာဗင် ခဲရောင် မော်တော်ကားကို သြဂုတ်လ (၁၀) ရက်နေ့က ပြောက်ကျား အင်္ကျီဝတ်ဆင်ထား သူတစ်ဦးက ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ (၁၀) ရက်နေ့ နေ့လည် (၁) နာရီ အချိန်က ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၅) ရှိ ပြင်ဦးလွင် ဂေါက်ကွင်းတွင် တပ်မတော်သိပ္ပံနှင့် နည်းပညာ သုတေသနတပ်မှ ဘူမိဗေဒဌာန (ကြည်း) မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်သား တစ်ဦးသည် ဂေါက်ရိုက်ရန် အတွက် တပ်မတော်မှ ထုတ်ပေးထား သည့် တိုယိုတာဗင် ခဲရောင်ယာဉ်ဖြင့် ရောက်ရှိကာ အဆိုပါကားကို ဂေါက်ကွင်း ကားပါကင်၌ ရပ်ထား ခဲ့ကြောင်း၊ ညနေ(၄) နာရီ ဂေါက်ရိုက်ပြီးချိန်တွင် မိခင်တပ်သို့ပြန်ရန် အတွက် ကားပါကင်တွင် ရပ်ထားသော ကားအားသော့ဖွင့်၍ ကားနောက်ခန်းတွင် ဂေါက်အိပ်များ တင်ဆောင်ပြီးနောက် ကားပါကင် အနီးရှိ ရွှေပုလဲ စားသောက်ဆိုင်တွင် သူငယ်ချင်းဖြစ်သူ ဒုဗိုလ်မှူးကြီး တစ်ဦးနှင့် နှုတ်ဆက် စကားပြောနေ စဉ် မျက်မှန် တပ်ထားသော အသက် (၂၇)ခန့် အရွယ်ရှိ ( မည်မသိ) ပြောက်ကျားအင်္ကျီ ၀တ်ဆင်ထားသူ က သော့တန်းလန်းဖြင့် ရပ်ထားသည့် အဆိုပါယာဉ်အား ခိုးယူမောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

ထိုသို့ ခိုယူမောင်းနှင် ထွက်ပြေးသူအား ဆက်လက် စုံစမ်းရာ ပုဂံညောင်ဦး မြို့နယ်၊ ရေ၀င်ရပ်ကွက် တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရ သဖြင့် ပြင်ဦးလွင်၊ မြို့မရဲစခန်းတွင် (ပ)၁၅၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉ (ဂ)အရ အမှုဖွင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ အဆိုပါ ယာဉ်နှင့် တရားခံအား ဖမ်းဆီးရမိရေး ပိတ်ဆို့ ရှာဖွေ စုံစမ်းခဲ့ရာ မန္တလေး-လားရှိုး အတက်လမ်း မိုင်တိုင် ၂၄/၂ အနီး တွင် ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ပြီး၊ ကားခိုးယူမောင်းနှင် ထွက်ပြေးသူ တရာခံအား ပြင်ဦးလွင် ရပ်ကွက်ကြီး (၃)ရှိ ဟိုက်ဘော့ဂက်စ်ဟောစ်မှ ဖမ်းဆီးရမိကာ စစ်ဆေးလျှက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Messenger News Journal

0 comments:

Post a Comment