Thursday, August 14, 2014

ပြည်သူငါးသန်းဆန္ဒ လက်ခံမှာလား


NLD ၄၃၆ ပြင်ရေးလူထုဆန္ဒ ဟောပြောပွဲ
Thursday, 14 August 2014 09:24
ခုဆိုရင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်းလှုပ်ရှားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေးလူထုဆန္ဒ လက်မှတ်ငါးသန်းနီးပါးရတဲ့ကိစ္စ လိုအပ်သလို ဆက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော်ကို တရားဝင်တင်ပြလိုက်ပါပြီ။ သြဂုတ် ၁၃ ရက် နေ့စွဲနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကို လိပ်မူထားပြီး ဦးဉဏ်ဝင်းနဲ့ ဦးကိုကိုကြီးတို့ လက်မှတ်ရေးထိုးပေးပို့လိုက်တာပါ။ စာထဲမှာ ဘာပါသလဲ၊ ဘယ်လို အဓိပ္ပာယ်ဆောင် သလဲ၊ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

စာထဲမှာ သူတို့ရဲ့လူထုဆန္ဒလက်မှတ်ကောက်ခံမှုကို အကျဉ်းချုံးဖော်ပြထားပြီး လွှတ်တော်နာယက သူရဦးရွှေမန်းစကားကို ကိုးကားထားသလို လွှတ်တော်ဆောင်ပုဒ်ကိုလည်း ပြန်ထောက်ပြထားပါတယ်။

သူရဦးရွှေမန်း ပြောစကားအဖြစ် “လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်အတွင်း မိမိတို့ နယ်မြေများ၊ ဒေသအသီးသီးသို့ သွားရောက်ကြပါ။ မဲဆန္ဒရှင် ပြည်သူများရဲ့အသံကို နားထောင်ကြပါ။ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အတွက် စိတ်ကောင်းစေတနာကောင်းနဲ့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ကြပါ။ ပြည်သူ့အကျိုးစီးပွားကို ပြည်သူများနှင့်အတူ လက်တွဲညီညီ ဆောင်ရွက်ကြပါ”လို့ ကိုးကားထားပါတယ်။

အလားတူ “လွှတ်တော်ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတာကို ကိုးကားထားပါတယ်။ နိဂုံးချုပ်အပိုဒ် မှာတော့ လွှတ်တော်ဆောင်ပုဒ်အရပဲ ကြည့်ကြည့်၊ လွှတ်တော်နာယကရဲ့လမ်းညွှန်ချက်အရ ပဲ တွေးတွေး ပြည်သူငါးသန်းနီးပါးရဲ့ ၄၃၆ ပြင်ရေး လွှတ်တော်က လုပ်ဆောင်ပေးဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။

ပထမဆွေးနွေးဖို့လိုတာက ငါးသန်းနီးပါးသော ပြည်သူတွေရဲ့ဆန္ဒသဘောထား လက်မှတ်ပါ။ ခေတ် သစ် မြန်မာ့သမိုင်းမှာ ဒီလောက်များပြားလှတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေကို စနစ်တကျကောက်ခံပြီး လွှတ်တော် ဒါမှမဟုတ်၊ အဖွဲ့အစည်း တစ်ခုခုဆီ တင်ပြတာမျိုး မရှိခဲ့ဖူးပါဘူး။ အကြမ်းဖျင်းအားဖြင့် မြန် မာနိုင်ငံမှာ အရွယ်ရောက်ပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေသန်း ၂၀ ကျော်ရှိနိုင်ပါတယ်။ အဲဒီအထဲကမှ ငါးသန်းနီးပါးရဲ့ လက်မှတ်ဆိုတာ အလွန်များပြားတဲ့ အရည်အတွက်လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ကာလ လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မရှင်တစ်ရပ်ဖွဲ့တဲ့အခါ အဲဒီကော်မရှင် ကို ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးအောင်သိန်းလင်းတို့က ပုဒ်မ ၅၉(စ) မပြင်ရေးအပါအ၀င် အချက်တချို့ မပြင်ဆင်ရေးအတွက် ကောက်ခံထားတယ်ဆိုတဲ့ လက်မှတ် တစ်သိန်းကျော်တင်သွင်းခဲ့ပါတယ်။

အဲဒီလက်မှတ်တွေဟာ ယုံကြည်စိတ်ချရမှု မရှိဘူးဆိုပြီး သံတော်ဆင့်သတင်းဂျာနယ်က အထောက်အ ထားတွေနဲ့တကွ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ မှန်တယ်၊ မမှန်ဘူးအတည်မပြုနိုင်ပါစေဦး လွှတ်တော်ကော်မတီဟာ အဲဒီလက်မှတ် တစ်သိန်းတင်ပြတာကို ထည့်သွင်းစဉ်းစားဖို့ ဆုံးဖြတ်ခဲ့ကြပါ တယ်။ တရားဝင်မှတ်တမ်းတင်ခဲ့ပါတယ်။

နောက်တစ်ကြိမ်ကတော့ မျိုးစောင့်ဥပဒေ လေးခု ပြဋ္ဌာန်းပေးဖို့တင်ပြတဲ့ လက်မှတ်တစ်သန်းကျော် ကိစ္စဖြစ်ပါတယ်။ ဒီလိုဥပဒေမျိုးပြဋ္ဌာန်းဖို့ လိုမလို၊ တကယ်လို့ လိုအပ်ခဲ့ရင် ဘယ်လိုဥပဒေအမျိုးအစား၊ ဥပဒေဘယ်နှစ်ခု ပြဋ္ဌာန်းသင့်တယ်စသဖြင့် လွှတ်တော်တွင်း ဆွေးနွေးတိုင်ပင်တာ လုံးဝ (လုံးဝ) မလုပ်ဘဲ သူရဦးရွှေမန်းကိုယ်တိုင် သူ့ဘာသာသူ၊ သူ့သဘောနဲ့သူ ဥပဒေပြုသင့်တယ်ဆိုပြီး ဆုံးဖြတ်၊ သူ့ဘာသာသူ အစိုးရနဲ့ တရားရေးဘက် ဥပဒေပြုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ အတည်ပြုနိုင်၊ မပြုနိုင် ဆန်းစစ်ထားခြင်း မရှိတဲ့ လူတစ်သန်းကျော် လက်မှတ်ဆိုတာနဲ့ သူရဦးရွှေမန်းက ခုလို လုပ်လိုက်တာပါ။

ခုတစ်ကြိမ်မှာတော့ စနစ်တကျကောက်ယူထားတဲ့ လက်မှတ်ငါးသန်းလာပါပြီ။ ဘာအတွက် လက်မှတ် ကောက်ယူရတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ တရားဝင်အတိအလင်း ဟောပြောစည်းရုံးပြီး ကောက်ခံထားတဲ့ လက်မှတ်တွေပါ။

ဦးအောင်သိန်းလင်းတို့ လက်မှတ်တွေလို ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်သူတွေက ဘာအကြောင်းနဲ့ ဘယ်လိုပုံစံ ကောက်သွားမှန်းမသိဘဲ ဘွားကနဲ ပေါ်လာတဲ့ လက်မှတ်တွေလိုမျိုး မဟုတ်ပါဘူး။ ပြောရရင် သူရဦးရွှေမန်းအနေနဲ့ ဒီကိစ္စလွှတ်တော်ထဲမှာ ဆွေးကို ဆွေးနွေးပေးရပါလိမ့်မယ်။ လိုအပ်ရင် ဖွဲ့စည်း ပုံပြင်ရေး ကော်မရှင်နဲ့ မသက်ဆိုင်ဘဲ လူထုငါးသန်းဆန္ဒဖြစ်တဲ့ ဒီ ၄၃၆ ပြင်ရေး သီးသန့်ဆောင်ရွက် ရပါလိမ့်မယ်။

ပုဒ်မ ၄၃၆ ဆိုတာကတော့ ဒီလိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတချို့ကို ပြင်ဆင်ချင်ရင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

“ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဆိုပြီး ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေက အဲဒီ ပြဋ္ဌာန်းချက်ကို ပြင်ချင်တာပါ။ လူထုငါးသန်းကလည်း ဒါကို ထောက်ခံတယ်လို့ ဆိုထားပါတယ်။

တကယ်လို့ ဒါကိုပြင်ဖို့ လုပ်ကြကိုင်ကြ ပြီဆိုရင်တောင် ပြဿနာတွေ အများကြီး ရှိနိုင်ပါတယ်။ ဘယ်လိုပြင်မ လဲဆိုတဲ့ ကိစ္စပါ။ ပုဒ်မ ၄၃၆ ကို အလွယ်တကူ အဓိပ္ပာယ်ဖွင့်ရရင် ပုဒ်မတချို့ကို ပြင်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ ထောက်ခံမှရမယ်၊ တချို့ကိုတော့ သူတို့ ထောက်ခံရုံမက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မှရမယ်လို့ဆိုထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ လိုလားချက်ကတော့ တပ်မတော် သားအမတ်တွေ မထောက်ခံရင်လည်း ပြင်လို့ရချင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒီကိစ္စ ဘယ်လိုဖြစ်လာ မယ် မပြောနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် လူထုငါးသန်းနီးပါးရဲ့ ဆန္ဒ လွှတ်တော်နာယက သူရဦးရွှေမန်း နားထောင်မလား၊ နားမထောင်ဘူးလား၊ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ လက်ခံမလား၊ လက်မခံဘူးလား၊ တပ်မတော်သားအမတ်တွေကရော အလေးဂရုပြုမလား မပြုဘူးလားဆိုတာ သိပ်မကြာခင် အဖြေပေါ်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Mizzima - News in Burmese

0 comments:

Post a Comment