Sunday, August 10, 2014

မေတ္တာရှင်မကြီး

Sunday, 10 August 2014 04:58
“ဆဲဆဲဆိုဆို ပြည်သူ့အတွက်ပဲ လုပ်ခဲ့တာ။ အရင်တည်းက NLD နဲ့ ရပ်တည်ခဲ့တာ မဟုတ်ဘူး” ဟု သူက ရဲရဲတင်းတင်း ဆိုလာသည်။ သူ့အနေနှင့် စိတ်ပါရာ စကားလုံးများစွာကို လွှတ်တော်အတွင်း သာမက ပြင် ပနေရာတို့၌ပင်လျှင် ကရားရေလွှတ်တရစပ် ပြောဆိုတတ်သူ ဖြစ်သည်။ တစ်ခါတစ်ရံ ရန်တွေ့နေသည်ဟု ထင်ရလောက်သည်ဟု လွှတ်တော်အတွင်း ဝေဖန်မှုများ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ စကားပြောနေရလျှင် ညာလက် သို့မဟုတ် ဘယ်လက်က လေထဲ ဝဲပျံတတ်သည်မှာ သူမ၏ အမှတ်အသား တစ်ခုပင်။

သူမသည် ၂၀၁၄ ခုနှစ်အတွင်း လူသိများလာသော PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးရန် လွှတ်တော်အတွင်း တင်သွင်းသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ပင် ဖြစ်သည်။

စစ်ဘေးရှောင်ခဲ့ရသူ
လွတ်လပ်ရေးမရမီကာလ မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်း ရွှေဘိုနယ်သို့ မိဘများ ထွက်ပြေးတိမ်းရှောင် မှုကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဒေါ်ခင်ဝိုင်းကြည်ကို မွေးဖွားခဲ့သည်။ ယင်းဒေသသည် စစ်ကိုင်းတိုင်း ဝက်လက်နယ်ဘက်ရှိ တောရွာလေးတွင် ချက်မြှုပ်ခဲ့ရသည်။ ၅ နှစ်သမီးအရွယ်တွင် မန္တလေး သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြန်သည်ဟု လွမ်းတသရှိသော ငယ်ဘဝရုပ်ကို သူမက ပြန်ပြောပြသည်။ ထိုအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်း၊ အစိုးရ စာသင်ကျောင်းသို့ တရွေ့ရွေ့ ဖြည်းဖြည်းချင်း ခရီးဆက်ခဲ့ ရပြန်သည်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်အထိ။ ဤဘဝခရီး၏ အချိုးအကွေ့က ကြမ်းသည်။ ရူပဗေဒ ဘာသာရပ်အဓိကဖြင့် ဒုတိယနှစ်တွင်ပင် သူမ၏ ပညာရေး ဆုံးခန်းတိုင်လေသည်။ “မိဘတွေ စီးပွားရေးမကောင်းလို့ အပြီးအပိုင် ကျောင်းထွက်ခဲ့ရတာ” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
ကျောင်းဆရာမဘဝမှ နိုင်ငံရေးသို့

တက္ကသိုလ်မှ ထွက်လာသည့်အချိန်တွင် အလယ်တန်းပြ ကျောင်းဆရာမအဖြစ် ဘဝကို အသက်မွေးခဲ့ သည်မှာ ဘဝ၏ ပထမအဆင့် လှုပ်ရှားမှု ဖြစ်သည်။ စာအုပ်တစ်အုပ်တွင် ဘာသာနှစ်ခု ရေးမှတ်ရ သည့် ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့မြင်ရသည်။ ထိုကျောင်းသားများကို ရိုက်နှက်သော၊ ဒဏ်ပေးသော ဆရာ၊ ဆရာမတို့ကို မကြိုက်။ ကျောင်းစာသာမက မုန့်ဖိုးအထိပါ ချို့တဲ့သူကျောင်းသားများကို ကူညီထောက်ပံ့ခဲ့ရသည်ဟု သူမက ထပ်လောင်းပြောပြသည်။ သင်္ချာ၊ သိပ္ပံနှင့် အင်္ဂလိပ်စာ ဘာသာရပ်များ ကို သင်ကြားခဲ့သည်မှာ သူ့အတွက် အမှတ်တရများ ဖြစ်သည်။ ၁၉၈၇ ဟုသာ သူမှတ်မိသည်။ မန္တလေး တိုင်း ပါတီယူနစ်အဖွဲ့၏ လှုပ်ရှားမှုကို သူဝင်ရောက် ဖြစ်သည်။ သို့သော် ရေရှည်မဟုတ်၊ “အမေက ငိုနေလို့ ပြန်ထွက်လိုက်ရတယ်” ဟု ဆိုရှာသည်။

ထိုအချိန်က မိဘမျက်နှာကို လျစ်လျူမရှုသည့် စိတ်က ထိုအချိန်တွင် ကြီးစိုးခဲ့သည်ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ ထိုမှတစ်ဆင့် ကျောင်းဆရာမ အလုပ်ကို စွန့်လိုက်ပြီး မိမိဝမ်းရေးအတွက် ဖြေရှင်းချက်ကောင်း မည့် လမ်းစကို ရှာသည်။ စက်မှု (၁) တွင် အငယ်တန်းစာရေးအဖြစ် ရုန်းကန်ဖို့ သူမဆုံးဖြတ်ခဲ့ပြန်သည်။ ထိုအချိန်က ဒီမိုကရေစီ ရရှိရေးအတွက် ပြင်ပတွင်သာမက ဌာနတွင်း လှုပ်ရှားမှုတို့က နားထဲ အဇ္ဈတ္တထဲ ပျံ့နှံ့လာခဲ့သည်ဟု သူကဆိုသည်။

၁၉၈၈ ခုနှစ် စက်မှု (၁) ဌာန ဌာနစုမှူး စာမေးပွဲ ဖြေချိန်ဖြစ်သည်။ သူ့အတွက် ရန်ကုန်မြေပေါ်သို့ ခြေချ bသည့်နှစ် ဖြစ်လာ၏ ။ ရန်ကုန်တက္ကသိုလ်အနီး၊ လှိုင်တက္ကသိုလ်အနီး၊ အင်းစိန်လမ်း၊ ပြည်လမ်းရှိ ဦးခေါင်းပဝါစည်း လူငယ်များ၏ လှုပ်ရှားမှုက သူမကို သွေးကြွစေခဲ့သည်။ “လူငယ်တွေ ဗိုက်ထဲမှာ အူတွေထွက်လာတာကို မြင်ကတည်းက ခံစားလို့ မရဘူး” ဟု သူကဆိုသည်။

ယင်းစကားလုံးများတွင် ဒေါသသံများ မပါတော့ဘဲ ခပ်ဆက်ဆက် ပြောတတ်သော သူမ၏ ပင်ကိုစရိုက် တို့ ပျောက်ကွယ်ကုန်သည်အထိ ဝမ်းနည်းဟန်ပြ၏။

NLD ပါတီဝင် ဒေါ်ခင်ဝိုင်းကြည်
၁၉၈၉ မတ်လတွင် ဝန်ထမ်းဘဝကို ဒုတိယမ္ပိ စွန့်၍ မိခင်ဌာနေ မန္တလေးသို့ ခြေဦးပြန်လှည့်လေ့ပြီ။ NLD ပါတီဝင်တစ်ဦး ဖြစ်လာသည်။ ၁၉၉၀ ရွေးကောက်ပွဲစတော့မည်။ မန္တလေး အရှေ့တောင်ပိုင်း (ယခု မဟာအောင်မြေ၊ ပြည်ကြီးတံခွန်) တွင် ကိုယ်စားလှယ်လောင်း အရည်အချင်း စစ်ခံရသည်။ ထိုအချိန်က ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် ပါတီဗဟို ကော်မတီဝင်နှင့် နိုင်ငံရေး ကျွမ်းကျင်သူတို့၏ အင်တာဗျူးကို ဖြေရသည်ဟု သူကပြောသည်။ “ယောက်ျားတွေရော မိန်းမတွေရော ဖြေတာမှာ အန်တီဝိုင်း ပထမ ရခဲ့တယ်” ဟု သူကဆိုသည်။

သို့သော် ယင်းနယ်မြေအတွင်း ရွေးကောက်ပွဲဝင်ရန် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် (ယခု NLD ပါတီ ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ကို လက်မှတ်ထိုး၍ ပေးအပ်ခဲ့ရသည်ဟု သူမကဆိုသည်။ “ကိုအုန်းကြိုင်က နိုင်ငံရေးနယ်ပယ် ကျွမ်းကျင်တာကြောင့် သူဝင်ပြိုင်ဖို့ သဘောတူခဲ့ပါတယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။ ထို့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အောင်နိုင်ရေး လှုပ်ရှားမှုကို သူတစ်ထောင့် တစ်နေရာမှ သူပါဝင်ခဲ့ရသည်။
၂၀၁၀ ရွေးကောက်ပွဲ


၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲသည် ဒီမိုကရက်ဝင်များအတွက် စိတ်လှုပ်ရှားခဲ့ရသော ကာလတစ်ခုဟု သူမကဆိုသည်။ ထိုစဉ်က NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှု မရှိ၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို သူဝင်ရောက်ခဲ့ပြီ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒီမိုကရေစီရေး ခရီးလမ်းနှင့် လွှတ်တော်ကြမ်းပြင်ကို သူမ ခြေချနိုင်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ လွှတ်တော်အတွင်း နေရာရှိလာလေပြီ။ သို့သော် ပါတီဝင်ဟောင်း ဖြစ်သည့် သူက ပါတီဟောင်းသို့ မခိုလှုံတော့ပေ။ “ပါတီတစ်ခုတည်းကို ကိုယ်စားပြု တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ ပြည်သူ့မျက်နှာပဲ ကြည့်ရမှာ” ဟု ၎င်းကဆိုသည်။

မေတ္တာရှင်မကြီး ဒေါ်ခင်ဝိုင်းကြည်
၂၀၁၂ ခုနှစ်တွင် NDF ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်အချို့ NLD ပါတီသို့ ကူးပြောင်းသွားသည်။ လွှတ်တော်အတွင်း ပါတီစုံဟု ယူဆရလောက်သည်အထိ ဖြစ်လာချေပြီ။

(တစ်) နိုင်ငံဝန်ထမ်း အမျိုးသမီးများ မီးဖွားခွင့်ပါသည့် အလုပ်သမားဥပဒေကို ဒေါ်ခင်ဝိုင်းကြည်က ပြင် ဆင်ရန် အဆိုပြုတင်ပြချက် ဖြစ်သည်။ ယခင်က ဝန်ထမ်းအမျိုးသမီးများ မီးဖွားခွင့် သုံးလ ခွင့်ရရှိမှုကို ယခုခြောက်လအထိ ရရှိအောင် သူမအဆို အောင်မြင်ခဲ့လေသည်။ ထိုစဉ်က အမျိုးသားလွှတ်တော်တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လေးဦးသာ ရှိသည်။ သူမတင်သည့်အဆိုကို ကျန်အမျိုးသမီးသုံးဦးက ကန့်ကွက်ခဲ့ခြင်းက သူမအတွက် အမှတ်တရ ဖြစ်ပေလိမ့်မည်။

(နှစ်) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်များသည် အကျင့်စာ ရိတ္တ ကောင်းမွန်ရမည်ဟူသော ဥပဒေပြဋ္ဌာန်းချက်တွင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် အကျင့်သိက္ခာ ကောင်း မွန်ရမည်ဟု သူမက ထည့်သွင်းပြင်ဆင်သည်။ ယင်းအဆိုသည် အမျိုးသားလွှတ်တော်တွင် နိုင် ၍ ပြည်ထောင်စု လွှတ်တော်တွင် ရှုံးလေသည်။

(သုံး) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများဘဝ မြှင့်တင်ရေးအတွက် သူမ အဆိုပြုသည်။ ၁၉၅၄ ခုနှစ် ရဲတပ်ဖွဲ့ ဥပဒေအတိုင်းသာ ထားရှိမည်ဟု အစိုးရအဖွဲ့က ဖြေခဲ့သည်။ လက်ရှိတွင် ယင်းအဆင့် မြှင့် တင်ရေးအတွက် ဥပဒေကို ပြန်လည် ပြင်ဆင်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုလာလေပြီ။ ထို့ကြောင့် လွှတ်တော်နှင့် အစိုးရကြားတွင် နောက်ကျ ကျန်နေသည်မှာ မည်သူနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူနှင့် အစိုးရအဖွဲ့တို့ကပါ လုပ်ငန်းများ ဝိုင်းဝန်းကူညီ ပံ့ပိုးပေး ရန် ဒေါ်ခင်ဝိုင်းကြည်၏ ဆွေးနွေးတင်ပြချက်သည် နံပါတ်စဉ် တပ်မရသောကိစ္စဟု ဆိုနိုင်သည်။ လွှတ်တော်အတွင်း အမည်တစ်ခုရစေသော အမှတ်တရ ဖြစ်စေသည်။

ယင်းကိစ္စကို NDF ပါတီမှ NLD ပါတီသို့ ကူးပြောင်းသွားသူ ဒေါက်တာ မြတ်ဉာဏစိုးက ကန့်ကွက်သည်။ လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေသော ပြောဆိုမှုဟု ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။ ယခင်လက်တွဲခဲ့သော ပါတီဝင်နှစ်ဦး လွှတ်တော်အတွင်း အချေအတင် ငြင်းခုံကြသည်။

ပြည်သူ့အတွက် မေတ္တာဖြင့် အလုပ်အကျွေးပြုသည်သာ ပဓာနဟု ဒေါ်ခင်ဝိုင်းကြည်က ကရုဏာဒေါ သဖြင့် ခြေစုံကန် ပြောဆိုမှုပြု၏။
“မေတ္တာရှင်မကြီး ဒေါ်ခင်ဝိုင်းကြည် ထိုင်ပါတော့” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြားဝင် ပြောဆိုလိုက်ရသည်။ ထို့ကြောင့် သူမ၏ အမည်ရှေ့တွင် ဂုဏ်ပုဒ်တစ်ခု တိုးခဲ့လေသည်။ ထို့ကြောင့် မေတ္တာရှင် ဒေါ်ခင်ဝိုင်းကြည်ဟု တီးတိုး အမည်တွင်လေသည်။

ပြည်သူ့ဆဲသံ PR ခံ
၂၀၁၃ ခုနှစ်အစပိုင်းမှစ၍ ဒေါ်ခင်ဝိုင်းကြည်၏ မေးခွန်း၊ အဆိုများ လွှတ်တော်အတွင်း တိတ်ဆိတ်သွား သည်။ အဆို မတင်၊ မေးခွန်းမမေးတော့ဟု သူကဆိုသည်။

“သူများတွေ တင်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကိုပဲ ဒိုင်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းကထုတ်ဖော် ပြောဆိုသည်။ ထို့ကြောင့် မေးခွန်းနှင့် အဆိုများ ၂၀ ထက် မကျော်တော့ပေ။

၂၀၁၄ ခုနှစ် ဒဿမအကြိမ် လွှတ်တော် အစည်းအဝေးသည် သူမအတွက် နာမည်ကျော်မည့် ဇာတ်ဝင်ခန်း တစ်ခု ဖြစ်လာသည်။ အများပြည်သူကြား တစိုးတစိမျှ ပြောဆိုမှုမရှိသည့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လာမည့် ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် သူမတင်သွင်းခဲ့လေပြီ။ တိုင်းဒေသကြီးများတွင်သာ ယင်းစနစ် သုံးရမည်ဟု သူက အဆိုပြုခြင်း ဖြစ်သည်။ ရလဒ်ကောင်းများ ပေါ်ထွက်လာသည်။

“အဆိုတင်ပြီးတည်းက ဖုန်းတွေဆက်ပြီး ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောကြတယ်။ ဆဲကြ တယ်။ ယောက်ျားတွေရော မိန်းမတွေရောပဲ” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ တိုက်ဆိုင်လွန်း သည့် ဖြစ်ရပ်က ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၄၆ ရပ်ကွက်ရှိ မိမိနေအိမ်ကိုပါ ထိုအချိန်က သူခိုးဝင်ခိုးသည်။ စာရွက်စာတမ်းနှင့် ကတ်များကျန်ခဲ့၍ ကျေးဇူးတင်ကြောင်း ၎င်းကပြောသည်။

“ငါနဲ့မတူ ငါ့ရန်သူလို နိုင်ငံရေးမှာ ထားလို့မရဘူးလေ” ဟု ၎င်းကဆိုသည်။ သူမတင်သွင်းသော PR စနစ် ကျင့်သုံးရေးအဆိုကို တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ကန့်ကွက်သည်။ တိုင်းရင်းသားပါတီဝင် ကိုယ်စား လှယ်များက မကြိုက်။ ဝေဖန်သည်၊ ကန့်ကွက်စာ ထုတ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားအချေအတင်ဖြစ်သော နေပြည်တော် တပ်ကုန်းမှ ဦးစန်းလွင်နှင့် သူမကို လူမှုကွန်ရက် (Facebook) ပေါ်တွင် ပေးစားခံရသည်။ သို့သော် သူမက လုံးဝဂရုမစိုက်။ PR စနစ် ကျင့်သုံးရေးအတွက် ကြံ့ခိုင်ရေးပါတီ၏ ထောက်ခံမှုဖြင့် အမျိုးသားလွှတ်တော်တွင် အောင်မြင်ခဲ့ပြီ ဖြစ်သည်။
 
USDP နှင့် NDF ဆက်ဆံရေး
PR စနစ် တင်သွင်းမည့် အချိန်မတိုင်မီကပင် NDF ပါတီဝင် ဒေါ်ခင်ဝိုင်းကြည်နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ၏ ဆက်ဆံရေးက ယခင်ကာလနှင့် ကွဲပြားခဲ့သည်။ ဆက်ဆံရေး အထူးကောင်းနေသည်ဟု ကျန်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန် ပြောဆိုကြပြီး ဖြစ်သည်။

USDP မှ ဦးခင်ရွှေ၊ ဦးအောင်သိန်းလင်းတို့နှင့် သူမ၏ ပေါ်လွင်သည့် ဆက်ဆံရေး ကောင်းပုံများကြောင့် ဝေ ဖန်မှုများ ထွက်ပေါ်လေပြီ။ ကြံ့ခိုင်ရေးပါတီနှင့် ပေါင်းပြီဟု ထင်ကြေးပေးခံရသည်။ NLD ပါတီ၏ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်ရေးကို သူမက တရားဝင် ကန့်ကွက်ကြောင်း ဟောပြောခဲ့ပြီ။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီ၏ ရင်ငွေ့များ ကူးစက်လေပြီဟု အများစုက လက်ခံထားကြသည်။

USDP နဲ့ NDF က အတွေးတူတာပဲ ဖြစ်မယ်။ PR ကိစ္စမှာ ဘယ်သူ့တိုက်တွန်းမှု၊ အားပေးမှုမှ မပါဘူး။ ကိုယ့်ပါတီက လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ကိုယ်လုပ်တာပဲ” ဟု သူမက ဝေဖန်မှုများ အပေါ် ငြင်းချက်ထုတ်သည်။ နိုင်ငံနှင့် ပြည်သူကောင်းကျိုးအတွက် မည်သည့်ပါတီဝင်မဆို ပေါင်းစည်း ဆက်ဆံမည်ဟုလည်း သူမက ထပ်လောင်းဆိုသည်။ သို့သော် NLD ပါတီဝင်ဟောင်း သူမသည် ယင်းပါတီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေချေပြီ။

ပြည်သူ့အကျိုးကို လိုလားသည်
သူမအတွက် ပြည်သူလူထုနှင့် လွှတ်တော်ပိုင်းမှ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းသည် အကြောင်းမ ဟုတ်တော့ပေ။ ရေရှည်အရေးကိုသာ ကြိုတွေး လုပ်ဆောင်သည်ဟု ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
“No Problem ပဲ။လက်ခုပ်သံပဲကြားကြား၊ ဆဲသံဆိုသံပဲကြားကြား ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လုပ်မှာပဲ” ဟု သူမက ပြတ်သားစွာဆိုသည်။
အောင်ထက်
The Voice Weekly

0 comments:

Post a Comment