Tuesday, August 5, 2014

မိုးများ၍ တောင်ကျရေများစီးဆင်းသောကြောင့် သုဝဏ္ဏ၀တီမြို့ရှိ ရပ်ကွက်များမှ လူနေအိမ်များ ရေကြီးနစ်မြုပ်ကာ ကားလမ်း ယာယီပိတ်

သထုံ ၊ သြဂုတ် ၊ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏ၀တီမြို့တွင် သြဂုတ်လ ၅ ရက်နေ့က မိုးများပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း ၆ ဖာလုံခန့် နှင့် ကျိုက္ကော်၊ သိမ်ဆိမ် နှင့် တောင် ကြား ရပ်ကွက်တို့မှ လူနေအိမ်များ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံများ ရေဘေးဒုက္ခကြုံတွေ့နေ ရပြီး ခရီးသွားပြည်သူများ အခက် အခဲဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိ ရသည်။ “နံနက် ၉ နာရီလောက်က စပြီး ရေတက်လာတာပါ၊ ၁၀ နာရီလောက်မှာ ရေက တအား များလာလို့ ကားလမ်းယာယီပိတ်ထားရတယ်။

 အနိမ့်ပိုင်းက တဲအိမ်တွေက ခေါင်မိုးလောက်ဘဲ ပေါ်တော့တယ်။ ကားလမ်းပေါ်မှာတင် ရေက အမြင့် ၅ ပေ လောက်တက်လာပြီ” ဟု ကျိုက္ကော် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။ “ကျွန်မအသက် ၆၀ လောက်ရှိပြီ၊ တစ်ခါမှဒီလောက်ရေကြီး တာ မဖြစ်ဖူးသေးဘူး။ နာဂစ်မုန်တိုင်း အချိန်ကတောင် ဒီလောက်ရေမကြီး ခဲ့ဘူး။ တောင်ကျရေက များပြီး အောက်မှာ ရှိတဲ့ ချောင်းတွေကရေမ ဆွဲနိုင်တော့ ခုလို ရေတဖြည်းဖြည်းများ လာတာလို့ ထင်ပါတယ်” ဟု ရေနစ်မြုပ်ဒဏ်ခံရသူ တစ်ဦးကဆိုသည်။ ရေနစ်မြုပ်မှု ဒဏ်ခံနေရ သူများအား သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့များတို့ပူးပေါင်းကာ ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပြီး ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေပြောင်း ပေးခဲ့ကြသည်။

“ရေတွေဝိုင်းနေတဲ့ အိမ်၊ ကျောင်းတွေမှာ ပိတ်မိနေသူတွေကို လိုက်လံရှာဖွေပြီး ကြိုးစားကယ်ဆယ်ရတာ အချို့နေရာတွေမှာရေစီးကသန်တော့ အရမ်းခက် ခဲပါတယ်။ ရေက ဘယ်အချိန်ထိဆက်ပြီး ကြီးမလဲမ သိတော့ ဒီဒုက္ခသည်တွေအတွက် ရိက္ခာ၊ အ၀တ်အထည်နဲ့ ဆေးဝါး နောက်ပြီး အဓိက ကတော့ ရေကောင်းရေသန့် တွေရရှိဖို့ လိုအပ်ပါတယ်။” ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ရေဘေးဒဏ်ခံနေရသူများအား ကျိုက္ကော်အထက်တန်းကျောင်းတွင် အရေးပေါ် ကယ်ဆယ်ရေး စခန်းဖွင့် လှစ်ထားရှိကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ လိုအပ်သူများအား အရေးပေါ်ကျန်းမာရေး စစ်ဆေးကုသပေးပြီး သထုံမြို့နယ်အတွင်းမှ စေတနာရှင်များက အစားအစာ၊ ရေ နှင့် အ၀တ်အထည်များကို လိုက်လံ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar

0 comments:

Post a Comment