Saturday, July 26, 2014

စာချုပ် Vs ခြေချုပ်


Saturday, 26 July 2014 09:41
တစ်နှစ်မပြည့်ဘဲ အလုပ်ထွက်လျှင်၊ ဝန်ထမ်းချင်း ရည်းစားထားလျှင် ကျပ်သိန်းတစ်ရာ ပေးလျော်ရမည်ဟု စာချုပ်တွင် ထည့်ချုပ်ထား၍ လူပြောသူပြော များနေသည်။

နိုင်ငံခြားသား ဧည့်သည်များကို ဘုရင်တစ်ပါးကဲ့သို့ ဒူးထောက်၍ ဝန်ဆောင်မှု ပေးရမည်ဆိုသည့် အလုပ်ကို လုပ်ကိုင်နိုင်သော်လည်း ကျပ်သိန်းတစ်ရာ လျော်ကြေးကြောင့် နောက်လှည့် ပြေးလာကြောင်း အလုပ် သွားလျှောက်ခဲ့သည့် ဒေါ်ဇာဇာ (အမည်လွှဲ) ကဖွင့်ဟသည်။ ယင်းကား ရန်ကုန်မြို့တော် ဗိုလ်တထောင် ဆိပ်ကမ်းတွင် ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သည့် ကြယ်ငါးပွင့် အဆင့်ရှိ Vintage Luxury Hotel အမည်ရ ရေပေါ်ဟိုတယ်၏ အလုပ်ခန့်ထားမှု အခြေအနေ။

“တစ်နှစ်မပြည့်ဘဲ အလုပ်ထွက်ရင် သိန်း ၁၀၀ လျော်ရမယ်။ အလုပ်ဝင်မယ်ဆိုရင် သိန်း ၁၀၀ နဲ့ညီတဲ့ ပိုင်ဆိုင်မှု တင်ပေးရမယ်။ မပေးနိုင်ရင် တစ်ခုခုဖြစ်ရင် သိန်း ၁၀၀ လျော်ပေးဖို့ အာမခံမယ့် သူက လက်မှတ်ထိုးပေးရမယ်” ဟု အလုပ်မဝင်ဝံ့သည့် အကြောင်းအရင်းကို ဒေါ်ဇာဇာက ရှင်းပြသည်။

ထိုကဲ့သို့ တင်းကျပ်မှုကြောင့် အလုပ်မဝင်ဘဲ နောက်ပြန်လှည့်ခဲ့သူ ၁၀ ဦး ခန့်ရှိကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိက လုပ်ငန်းများတွင် အလုပ်ခန့်ထားရာ၌ အလုပ်တည်မြဲရေးအတွက် အနည်းဆုံး လုပ်ကိုင်ရမည့် ကာလ၊ ယင်းကာလအတွင်း အလုပ်ထွက်လျှင် ပေးလျော်ရမည့် လျော်ကြေးနှုန်းထား စသည်ဖြင့် သတ်မှတ်ချက်များ ရှိကြသည်။

အချို့မှာ လုပ်သာကိုင်သာရှိသည်။ အချို့ကား အလုပ်သမား ရုန်းမထွက်နိုင်အောင် တင်းကျပ်ထား သည်။ ရေပေါ်ဟိုတယ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီစာချုပ်တွင် အောက်ပါအတိုင်း တွေ့ရသည်။

သုံးလကြိုတင် နုတ်ထွက်ခွင့်မတင်ဘဲ အလုပ်ထွက်လျှင် ကျပ်သိန်း ၁၀၀ ပေးလျော်ရမည်။ ဝန်ထမ်းအချင်း ချင်း ချစ်ကြိုက်ပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီပေးလျော်ရမည်။ မွေးနေ့ပွဲနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စ များတွင် အခြားဝန်ထမ်းများကို ရုံးချိန်ပြင်ပ၌ (Night Claub၊ KTV၊ အရက်ဘား၊ စားသောက်ဆိုင်) ကျွေးမွေး ပါက တစ်ဦးလျှင် ကျပ်သုံးထောင်အောက် ကျွေးမွေးခွင့်ပြုမည်။ အလုပ်ထုတ်ခံရပါက ပြည်တွင်းပြည်ပ ဟိုတယ်လုပ်ငန်းများတွင် ခြောက်လအတွင်း အလုပ်လုပ်ကိုင်ခွင့်မရှိ စသည်ဖြင့်။

“ဒါက ကုမ္ပဏီတိုင်း လုပ်တဲ့ကိစ္စပါ သဘောတူရင်လုပ်ပေါ့။ မတူရင်မလုပ်နဲ့လေ” ဟု ရေပေါ်ဟိုတယ် Operation Manager မစ္စတာအဲရစ်က တုံ့ပြန်သည်။ အလုပ်သမားများကို အလုပ်ခန့်ရန် နိုင်ငံခြားသား သင်တန်းဆရာများခေါ်ကာ သင်တန်းပေးခြင်း၊ အလုပ်လုပ်ရန် ဝတ်စုံ၊ အမျိုးသမီးများဆိုပါက အလှပြင် ပစ္စည်းများ စသည်တို့အတွက် အလုပ်ထွက် လျော်ကြေးကို ကျပ်သိန်းတစ်ရာ သတ်မှတ်ထား ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့အပေါ်မှာ အများကြီး ရင်းနှီးမြှုပ်နှံထားတဲ့အတွက် သူတို့အနေနဲ့ ဒီဟိုတယ်အပေါ်ကို တစ်နှစ်လောက်တော့ ပြန်လုပ်သင့်တယ်ထင်လို့ စာချုပ်ထဲမှာ ထည့်ချုပ်တာပါ” ဟု မစ္စတာအဲရစ် က ပြောဆိုသည်။ အခြား ဟိုတယ်၊ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံစသည့် လုပ်ငန်းများတွင် သူ့နည်းသူဟန်နှင့် ကန့်သတ်မှု၊ တင်းကျပ်မှုများ ရှိသည်။

အလုပ်ကို အနည်းဆုံးတစ်နှစ် လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်နှစ်မပြည့်ဘဲ နုတ်ထွက်ပါက လုပ်ခ၏ သုံးလစာ ကို ပေးလျော်ရမည်ဟု Bond (ခံဝန်စာချုပ်) ထိုးထားရကြောင်း Central Hotel တွင် လုပ်ကိုင်နေသည့် ဦးပေါက်စ (အမည်ပြောင်) က ပြောကြားသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ၂ နှစ်စာချုပ်ဖြင့် လုပ်ကိုင်ခြင်း ဖြစ်ပြီး ယင်းကာလတွင် အလုပ်ထွက်ပါက ကျပ်နှစ်သိန်း ပေးလျော်ရမည် ဖြစ်ကြောင်း၊ ၂ နှစ်ပြည့်၍ အလုပ်ထွက်မည် ဆိုပါက တစ်လကြိုတင်တင်ရမည် ဖြစ်ပြီး မတင်ပြလျှင် လုပ်ခတစ်လ စာ လျော်ကြေး ပေးရမည် ဖြစ်ကြောင်း ရှင်းပြသည်။

အလုပ်ဝင်လျှင် သုံးသိန်းကို Deposit (စပေါ်ငွေ) တင်ထားရမည်ဖြစ်ပြီး သုံးနှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင် ရသည်ဟု ပြောဆိုသူက ကမ္ဘောဇဘဏ်တွင် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။
“ပေးထားတဲ့ သုံးသိန်းစပေါ်ကို ဘဏ်က အတိုးပေးထားတယ်။ သုံးနှစ်မပြည့်ဘဲထွက်ရင် ပေးထား တဲ့သုံးသိန်း ပြန်မရတော့ဘူး” ၎င်းကဆိုသည်။

သတင်းအေဂျင်စီ လုပ်ငန်းတစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသည့် အယ်ဒီတာတစ်ဦး ကလည်း အလုပ် ဝင်ရောက် လုပ်ကိုင်ရာတွင် တစ်နှစ်အနည်းဆုံး လုပ်မည်ဟု လက်မှတ်ထိုးရပြီး တစ်နှစ်မပြည့်ဘဲ အလုပ် ထွက်ပါက လျော်ရမည့် ပမာဏကို စာချုပ်တွင် ထည့်သွင်းထားခြင်း မရှိကြောင်း ဆိုသည်။ “ဘယ်လောက်လျော်ရမယ် ဆိုတာကို ကွက်လပ်နဲ့ထားတယ်” ဟု ၎င်းကရှင်းပြသည်။

ယခင်ကတည်းက လူမသိသူမသိ ဖြစ်ခဲ့သော စာချုပ်ချုပ် လျော်ကြေးပေးရခြင်းမှာ ယခုနောက်ပိုင်း အဆမတန် ပမာဏများကြောင့် မြင်သာသော ပြဿနာတစ်ရပ်အသွင် ဆောင်လာသည်။

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများတွင် အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်းမရှိဘဲ အလုပ်ရှင်ဘက်က တစ်ဖက်သတ် ရေးဆွဲထားသည့်စာချုပ်တွင် အလုပ်သမားများ လက်မှတ်ထိုးနေ ရခြင်း ဖြစ်ကြောင်းလည်း လုပ်သားများက ဖွင့်ဟကြသည်။ ယင်းစာချုပ်တွင် အလုပ်သမား ငါးရက်အလုပ် ပျက်ပါက အလုပ်ထုတ်နိုင်သည်ဟု ပါရှိကြောင်း New Wave ဖိနပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းကျော်ဦးက ပြောကြားသည်။
“၁၀နှစ်လောက် လုပ်ထားတဲ့ အလုပ်သမားတစ်ယောက်က အဲလို အလုပ်ထုတ်ခံရမယ်။ နစ်နာကြေးလည်း မရဘူးဆိုရင် တော်တော်နစ်နာတယ်” ဟု ၎င်းကဆိုသည်။

အလုပ်ရှင် မနှစ်သက်သည့် လုပ်သား (ဥပမာ- အခွင့်အရေး ဦးဆောင်တောင်းဆိုသူများ) တို့ကို အလွယ်တ ကူ အလုပ်ထုတ်နိုင်ရန် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် မုန့်စားခြင်း၊ ဖုန်းဆက်ခြင်း စသည်တို့အတွက်လည်း သီးခြားဒဏ်ကြေးများ သတ်မှတ်ထားသေးကြောင်း ဦးသိန်းကျော်ဦး က ပြောဆိုသည်။

စံကောင်းပီနံအိတ် စက်ရုံအခြေခံ လုပ်သားအဖွဲ့ဥက္ကဋ္ဌ ရဲထွန်းတောက်ကလည်း အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်တွင် လုပ်ငန်းခွင်အတွင်း အလုပ်သမား အိပ်ငိုက်လျှင် အပြစ်ပေးနိုင်သည့် အချက်ပါ ဝင်ကြောင်း ပြောဆိုသည်။
“အိပ်ငိုက်တာ အပြစ်ပေးတာပေါ့။ လေးကြိမ်ဆိုရင်တော့ အလုပ်ထုတ်နိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီစာချုပ်နှင့် ပတ်သက်၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုး တက်ရေး ဥပဒေတွင် အချက် ၂၁ ချက် သတ်မှတ်ထားသည်။ ယင်းအချက်များတွင် အလုပ်အမျိုးအစား၊ စာချုပ်သက်တမ်း အလုပ်ပိတ်ရက်စသည့် အခြေခံအချက်များ ပါဝင်သည်။ အလုပ်ထွက်ပါက လုပ် သားပေးလျော်ရမည့် လျော်ကြေးနှုန်း၊ အနည်းဆုံး လုပ်ကိုင်ရမည့်ကာလ သတ်မှတ်ချက် စသည်တို့အတွက် တစ်စုံတစ်ရာ ထည့်သွင်းထားခြင်း မရှိပေ။

“ဥပဒေမှာတော့ တားမြစ်ထားတာမရှိဘူး။ စာချုပ်၊ စည်းကမ်းဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းပြီး လုပ်ရတာ တစ်ဖက်သတ်မချရဘူး။ အခြေခံက အဲဒီကလာတာ” ဟု အလုပ်သမားအရေး ဆောင်ရွက် သူ ရှေ့နေဦးဌေးက ဆိုသည်။

အလုပ်ခန့်ထားရေး စာချုပ်နှင့် ပတ်သက်သည့် အချက် ၂၁ ချက် မဟုတ်ဘဲ အခြားအချက်များကို ထည့်သွင်း မည်ဆိုပါက စည်းကမ်းချက်များကို အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းရန် လိုအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

“လုပ်ငန်းပေါ်မှုတည်ပြီးတော့ ချုပ်ကြတာ ရှိတယ်။ အထည်ချုပ် လုပ်ငန်းတွေမှာတော့ သနပ်ခါးမလူးရ၊ နှုတ် ခမ်းနီ မဆိုးရဆိုပြီး ရှိတယ်။ သူ့ပစ္စည်းပျက်မှာ စိုးလို့လေ” ဟု ၎င်းက ဥပမာပေးသည်။ စာချုပ်ပါ အချက်များကြောင့် အလုပ်ရှင် အလုပ်သမား ပြဿနာတက်ပါက ဖြေရှင်းရန် နည်းလမ်းနှစ်လမ်း ရှိသည်။ “တစ်ခုက အလုပ်သမားဝန်ကြီးဌာနကို တင်ပြမလား။ ဒါမှမဟုတ် ပဋိညာဉ် အက်ဥပဒေအတိုင်း ရှေ့နေ နဲ့ ပြင်မလားပေါ့” ဟု ရှေ့နေဦးဌေးက ရှင်းပြသည်။

လျော်ကြေးများကို သတ်မှတ်ရာတွင် အလုပ်သမား ပေးလျော်နိုင်မည့် နှုန်းထားများကိုသာ သတ်မှတ် သင့်ကြောင်း၊ အလုပ်ခန့်ထားရေး စာချုပ်များ မျှမျှတတဖြစ်ရန် အစိုးရက အသေအချာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းသည်။

အလုပ်ထွက်လျော်ကြေး သတ်မှတ်ရာတွင် အလုပ်သမားအတွက် ရင်းနှီးထားရသည့် ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြော ဆိုသည်။
“နစ်နာထားတာက သိန်း ၅၀၊ တောင်းတာက သိန်း ၁၀၀ ဆိုပြီးတော့ တောင်းလို့မရဘူး။ တရားသူကြီးက လည်း စာချုပ်ပါအတိုင်း ဘယ်ပေးမလဲ။ အကျိုးကြောင်းဆီလျော်ဖို့တော့ လိုတာပေါ့” ဟု ၎င်းကမှတ် ချက်ပေးသည်။

လျော်ကြေးသတ်မှတ်ချက်များ မမျှမတမဖြစ်စေရန်၊ စာချုပ်ပါအချက်များ မမျှမတထည့်သွင်း ချုပ်ဆိုခြင်း မပြုလုပ်နိုင်ရန် ဥပဒေတွင်ထည့်သွင်းကာ အခိုင်အမာ ပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း ရှေ့နေ ဦးဌေးက အတိအလင်းဆိုသည်။

“အလုပ်ရှင်၊ အလုပ်သမား အကျိုးစီးပွားနဲ့ တရားမျှတမှုရှိမယ့် အချက်တွေကို တိတိကျကျ ထည့်သွင်းပြဋ္ဌာန်း ဖို့ လိုတယ်” ဟု ၎င်းက တိုက်တွန်းသည်။ အလုပ်ရှင်က စိတ်ကြိုက်ပြင်ဆင်ပြီး တင်းတင်းကျပ် ကျပ် ရေးဆွဲထားသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီ စာချုပ်တွင် အလုပ်သမားသဘောတူမှ လက်မှတ်ထိုးနိုင်သည်။

ရှေ့နေဦးဌေးကမှု “အလုပ်သမားတွေက သေချာဂရုစိုက်မကြည့်ဘဲ လက်မှတ်မထိုးမိဖို့ အရေးကြီးတယ်” ဟု သတိပေးလေသည်။
အောင်မြင့်ထွန်း၊ အောင်သီဟထွန်း
The Voice Weekly

0 comments:

Post a Comment