Thursday, July 31, 2014

အီဘိုလာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း စိုးရိမ်မှုများ မြင့်တက်လာ

အနောက် အာဖရိကတွင် ကူးစက် ပြန့်ပွား ခဲ့သော အီဘိုလာ ဗိုင်းရပ်စ်သည် အခြား ကမ္ဘာ့ တိုက်ကြီးများ သို့လည်း ပျံ့နှံ့သွား နိုင်ကြောင်း စိုးရိမ်မှုများ  မြင့်တက် လာသောကြောင့် ဥရောပ နှင့် အာရှ နိုင်ငံ များသည်  ထိုဗိုင်းရပ်စ်နှင့် ပတ်သက်၍ နိုးကြား သတိရှိ နေကြပြီး ကျန်းမာရေး စေတနာ့ ဝန်ထမ်း အဖွဲ့ကြီး တစ်ခု ကလည်း ထိုကူးစက် ရောဂါမှာ ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်နေကြောင်း သတိပေး ထားသည်ဟု ဇူလိုင် ၃၁ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ဂီနီ၊ လိုင်ဘေးရီးယား နှင့် ဆီယာ လီယွန် နိုင်ငံများတွင် ထိုရောဂါ ကူးစက်မှု ပိုမိုဆိုးရွား နေလျက် ရှိကြောင်း နယ်စည်းမထား ဆရာဝန်များ အဖွဲ့က ဆိုခဲ့ပြီး ကမ္ဘာပေါ်တွင် အဆိုးဆုံး အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားမှုအား ကိုင်တွယ် ဖြေရှင်း နိုင်ရန် ထိရောက်သော မဟာဗျူဟာ တစ်ခုမျှ မရှိသေး ကြောင်းလည်း သတိပေး ခဲ့သည်။ အမေရိကန် ငြိမ်းချမ်းရေး အဖွဲ့ ကလည်း ထိုနိုင်ငံ သုံးခုမှ စေတနာ့ ဝန်ထမ်း ဒါဇင်ပေါင်း များစွာကို ပြန်လည် ခေါ်ယူ ခဲ့ကြောင်း ကြေညာ ခဲ့သည်။

ဟောင်ကောင် ကလည်း ရောဂါ ကူးစက်မှုဟု မသင်္ကာဖြစ်ဖွယ် ကိစ္စရပ်များ အတွက် ရောဂါ ပြန့်ပွားမှု ကာကွယ်ရေး လုပ်ငန်းစဉ် များကို လုပ်ဆောင်လျက် ရှိကြောင်း ကြေညာ ခဲ့သည်။ ရောဂါ လက္ခဏာ ရှိနေကြောင်း ယူဆ ခဲ့ရသည့်၊ အာဖရိကမှ ဟောင်ကောင်သို့ ပြန်ရောက် လာခဲ့သူ အမျိုးသမီး တစ်ဦးအား စစ်ဆေး ခဲ့ရာတွင် ရောဂါ မရှိကြောင်း စစ်ဆေး တွေ့ရှိ ခဲ့ရသော်လည်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ ဥရောပ သမဂ္ဂ  ကမူ ထိုဗိုင်းရပ်စ်ပိုး အန္တရာယ်နှင့် ပတ်သက်၍ ရင်ဆိုင် ဖြေရှင်းရန် အသင့် ရှိကြောင်း ဆိုခဲ့သည်။



အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ (ICAO) သည် ရောဂါ ကူးစက်မှု ရပ်တန့်ရေး ဆိုင်ရာ ဖြစ်နိုင်ခြေ ရှိသော နည်းလမ်း များနှင့် ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေး အရာရှိ များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

ထိုဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဗြိတိန်တွင် လူတစ်ဦးသာ ထိုရောဂါ ကူးစက် ခံခဲ့ရကြောင်း တွေ့ရှိ ခဲ့ရ သော်လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ဟမ်မန်ဒ်သည် အခြေအနေကို အကဲဖြတ် သုံးသပ်မည့် ဗြိတိန် အစိုးရ၏ COBRA အကျပ် အတည်း စီမံ ခန့်ခွဲရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိသည်။

“ဝန်ကြီးချုပ်ဟာ အဲဒါကို အလွန် ပြင်းထန်တဲ့ အန္တရာယ် တစ်ခုအဖြစ် ရှုမြင်ပါတယ်။ အဲဒါကို ကျွန်တော်တို့ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့၊ အသစ် ထွက်ပေါ် လာတဲ့ အန္တရာယ် တစ်ရပ် အဖြစ် ကျွန်တော်တို့ အထူး အာရုံစိုက် ထားပါတယ်” ဟု ဟမ်မန်ဒ် က ဆိုခဲ့သည်။

အကောင်းဆုံး ချဉ်းကပ်နည်းမှာ ရောဂါ အရင်းအမြစ် ဖြစ်ရာ အနောက် အာဖရိကတွင် ရောဂါ ကူးစက်မှုကို ဖြေရှင်း နိုင်ရေး အတွက် နောက်ထပ် အကူအညီများ ပေးရန် ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေးက ဆုံးဖြတ် ခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။ အီဘိုလာ ဗိုင်းရပ်စ် ရှိသူသည် ရက်ပိုင်း အတွင်း သေဆုံး နိုင်ပြီး အဖျား ပြင်းထန်လေ့ ရှိကာ ကြွက်သားများ နာကျင်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း နှင့် အချို့ ဝေဒနာရှင် များတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မူမမှန် ဖြစ်ခြင်း နှင့် တောက်လျှောက် သွေးယို ခြင်းများ ဖြစ်ပွားလေ့ ရှိသည်။

မတ်လက စတင် ရေတွက်လျှင် ရောဂါ ဖြစ်ပွားခဲ့ သူပေါင်း ၁၂ဝ၁ ဦး ရှိခဲ့ပြီး ဂီနီ၊ လိုင်ဘေးရီးယား နှင့် ဆီယာလီယွန် နိုင်ငံများ တွင် လူ ၆၇၂ ဦး သေဆုံး ခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ကိန်းဂဏန်းများ အရ သိရသည်။ အမေရိကန် ငြိမ်းချမ်းရေး အဖွဲ့ ကလည်း ထိုနိုင်ငံသုံးခုမှ စေတနာ့ ဝန်ထမ်း ဒါဇင်ပေါင်း များစွာကို ပြန်လည် ခေါ်ယူ ခဲ့ကြောင်း ကြေညာ ခဲ့သည်။
Mizzima News

0 comments:

Post a Comment