Wednesday, July 9, 2014

စ သုံးလုံးကို လေးစားပါ

Wed, 2014-07-09 14:53စသုံးလုံးဟုဆိုရာတွင် မကြာမီက ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီးအားလည်းကောင်း၊ သမ္မတရုံး အကြံပေးပုဂ္ဂိုလ်အားလည်းကောင်း ခေါ်ယူစစ်ဆေးသည့် စသုံးလုံးကို မဆိုလိုပါ။ လူပုဂ္ဂိုလ်တစ်ဦး ဘ၀ကိုဖြစ်စေ၊ လူမှုအဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်အောင် တည်ဆောက်ရာတွင် အခြေခံမဏ္ဍိုင်သုံးရပ်အဖြစ် ကျင့်သုံးရမည့် စသုံးလုံးကို ဆိုလိုပါသည်။

စာရေးသူသည် ၂၀၁၂ ခုနှစ်အတွင်းက ‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ငပနော်သီအိုရီ’’ဟူသော ဆောင်း ပါးကိုရေးသားခဲ့၏။ အဆိုပါဆောင်းပါးတွင် ခရမ်းမြို့နယ်၊ မင်းဝဲစက်သူဌေး ဦးဘအေး(ကွယ်လွန်)၏ ‘‘ငပနော်သီအိုရီ’’ကို ဖော်ပြခဲ့ပါသည်။ အဆိုပါသီအိုရီကို အလွန်ကြိုက်နှစ်သက်သော စာဖတ်သူများက စာရေးသူအား ထိုကဲ့သို့ မှတ်သားဖွယ်ရာကောင်းလှသည့် အခြားသီအိုရီများရှိလျှင် ထပ်မံရေးသား ရန် မေတ္တာရပ်ခံခဲ့ကြပါသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တို့၏ မြန်မာဆန်လှသော သီအိုရီများမှာ အလွန်တန်ဖိုးကြီးမား၏။ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် မြန်မာ့လူမှုဘ၀အတွေ့အကြုံ နယ်ပယ်အတွင်း မှ ပေါက်ဖွားလာပြီး အလွန်လက်တွေ့ဆန်သည့် သုံးသပ်ချက်များကို လေ့လာအပ်သည်မှာ အမှန်ဖြစ်၏။ အထူးသဖြင့် ပစ္စုပ္ပန်ကာလ အစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိကအပိုင်း ပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု စသည့် မဟာဗျူဟာများ အကောင်အထည်ဖော်နေသည့်အချိန်တွင် မင်းဝဲစက်သူဌေးဦးဘအေး၏ ‘‘စ သုံးလုံးသီအိုရီ’’ကို လေ့ လာမှတ်သားသင့်သည်ဟု ယူဆ၍ ထပ်မံရေးသားဖော်ပြလိုက်ရခြင်း ဖြစ်ပေသည်။

ပထမဆုံးသော ‘စ’လုံး၏ အဓိပ္ပာယ်မှာ ‘စနစ်’ဖြစ်၏။ ဦးဘအေးသည် ရေချိုးရာတွင် ၀တ်ဆင်သည့် ရေ လဲပုဆိုးကိုလှန်းရာ၌ပင် ကြိုးတန်းပေါ်လွှားတင်ပြီးနောက် အောက်စနှစ်ခုကို ညီနေအောင်ညှိပြီး လှမ်းလေ့ရှိ ၏။ တစ်စတိုရှည် လုံးဝမလှမ်းပေ။ ဤမျှစနစ်ကျသူဖြစ်၏။ ‘‘မင်းတို့မှတ်ထား ဗုဒ္ဓဟာ စနစ်မရှိခင် ဘုရားမဖြစ်ဘူး။ စနစ်ရှိမှ ဘုရားဖြစ်တာ၊ အဲဒီစနစ်က အစွန်းတရားနှစ်ပါးကိုရှောင်တဲ့ စနစ်ပဲကွ’’ ဟု ပြောလေ့ရှိ၏။

တစ်နေ့သ၌ စက်ဆရာအသစ်က ဆန်စက်အင်ဂျင်ကို ပြင်ဆင်ပြီးနောက် ဖြုတ်လိုက်သော ပစ္စည်းများ ပြန် တပ်သောအခါ အရေးကြီးသော ၀ါရှာတစ်ကွင်း ပျောက်နေ၏။ စက်ပြင်စဉ် ကြမ်းပေါ်၌ အလွယ်တကူ ချထားရာမှ ပျောက်သွားခြင်း ဖြစ်၏။ အင်ဂျင်ကို တစ်နာရီအတွင်း ပြင်ဆင်ပြီးသော်လည်း ၀ါရှာကိုရှာမ ရသဖြင့် စက်မလည်နိုင်သည်မှာ နှစ်နာရီမျှ ထပ်မံကြာမြင့်နေ၏။ ဦးဘအေးက ‘‘မင်းကိုစက်ပြင်ရင် ဖြုတ် တဲ့ပစ္စည်းထည့်တဲ့ ဗန်းနဲ့ ခွက် ငါပေးထားတယ်။ အဲဒီထဲထည့်တဲ့စနစ်ကို ဘာဖြစ်လို့ မကျင့်သုံးတာလဲ။ စနစ်မရှိတဲ့ မင်းကြောင့် ဟိုမှာ စပါးလှည်းတွေ အလှည့်ကိုစောင့်ရင်း အော်ကုန်ကြပြီ။ တာလီသမားနဲ့ စပါးသယ်တဲ့လူတွေ အလုပ်ရပ်ကုန်ပြီ။ မင်းရဲ့ ၀ါရှာတစ်ကွင်းက သူတို့ထမင်းအိုးကို ရိုက်ခွဲလိုက်ပြီ’’ ဟုပြောရာ စက်ဆရာအသစ်မှာ မျက်ရည်များကျပြီး တောင်းပန်လေတော့၏။ ဦးဘအေးက သူ၏လက်ထဲမှ ဘူးကိုထိုးပေးပြီး ‘‘အဲဒီထဲမှာ အရင်က မလိုတော့ဘူးဆိုပြီး ပစ်ထားသမျှ ၀ါရှာအဟောင်းတွေ ငါကောက် ထည့်ထားတာ ဆိုဒ်စုံရှိတယ်။ မင်းတော်တာရွေးပြီး တပ်လိုက်၊ အသစ်ကို မော်တော်လူကြုံနဲ့ ၀ယ်မယ့် ပစ္စည်းစာရင်းထဲ ငါထပ်ထည့်ပေးလိုက်မယ်။ နောင်ကို စည်းမရှိ၊ စနစ်မရှိလုပ်ရင် မင်းအပြုတ်ပဲ’’ဟု ဆုံးမခဲ့သည်ကို မှတ်သားခဲ့ရ၏။

ထို့နောက် စပါးသမ္ဗန်များ ဆိုက်ကပ်ထားသော ချောင်းကမ်းသို့ ဦးဘအေး လျှောက်ကြည့်ရာ သူ့မိတ်ဆွေ ဂျုံးဂျုံးဂျရွာသား ဦးသိန်း၏သား စပါးကုန်သည် ပေါက်စမောင်သန်းလွင်ကို တွေ့၏။ မောင်သန်းလွင်သည် စပါးများဝယ်ပြီး ကြိတ်ခွဲခြင်း၊ ဆန်ကို ပြန်လည်ရောင်းချခြင်းအလုပ်ကို စတင်လုပ်ကိုင်သည့် အချိန်ဖြစ်၏။ ဦးဘအေးက မောင်သန်းလွင်အား ‘‘ကောင်လေး မင်းဒီညစောင့်ပြီး ကြိတ်ရမှာကွ။ စပါးတွေဖုံးဖို့ တာလပတ်ပါလား’’ဟုမေးရာ မောင်သန်းလွင်က ‘‘နွေခေါင်ခေါင်ကြီး မလိုပါဘူး ဦးလေးရာ’’ဟု ဖြေ၏။

‘‘ဒီကနေ့ မေလ ၁၅ ရက်ကွ။ မိုးရွာနိုင်တဲ့ ရက်တွေရောက်နေပြီ။ မင်းအတင့်ရဲလို့ မရဘူး။ ဘာမဟုတ်တဲ့ တာလပတ်တစ်ချပ်မရှိလို့ မင်းစပါးတွေ ဆုံးရှုံးသွားရင် မခက်လား။ ကြိုတင်ပြင်ဆင်မှုကို စနစ်တကျ လုပ်ထားတတ်ဖို့ လိုတယ်ကွ။ မင်းငါနဲ့လိုက်ခဲ့’’ဟု ခေါ်သွားပြီး တာလပတ်ကို ထုတ်ပေး၏။ မောင် သန်းလွင်က မယူချင့်ယူချင်နှင့် ယူလာလေ၏။ ‘‘ဒီလောက်ပူလောင်နေတာ ဒါကြီးက ဘာလုပ်မှာလဲ’’ဟု စိတ်ထဲက အောက်မေ့၏။ သို့သော် ညဥ့်သန်းခေါင်ကျော်တွင် မိုးတွေထစ်ချုန်းပြီး အသည်းအသန် ရွာချလေရာ တာလပတ်ဖြင့် ဦးအောင်အုပ်ထားနိုင်၍ စပါးတွေမိုးမစိုဘဲ ရှိစုမဲ့စုအရင်းပြုတ်မည့်ဘေးမှ လွတ်မြောက်ခဲ့သည်ကို ဘ၀တစ်သက်တာ မမေ့ရှာခဲ့ပေ။ ယနေ့ဦးသန်းလွင်သည် မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ယူထားသော လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်နေပေပြီ။ ‘‘ဦးလေးပြောတဲ့ ကြိုတင်ပြင်ဆင်မှုစနစ်၊ အလုပ်အကောင်အထည်ဖော် မှုစနစ်၊ အလုပ်ပြီးပွဲသိမ်းစနစ်ဆိုတာတွေကို ကျွန်တော့်နားထဲက ယနေ့အထိ မထွက်ပါဘူး’’ဟု ပြောလေ့ ရှိပေသည်။

စာရေးသူတို့နိုင်ငံတွင် ကြိုတင်ပြင်ဆင်မှုစနစ်ဆိုသည်ကို အစိုးရဌာနများ၌ပင် ကျင့်သုံးမှု အလွန်အား နည်းနေသေးကြောင်း တွေ့ရှိနိုင်၏။ မိုးရာသီအမီ လျှပ်စစ်ဓာတ်အားလိုင်းများ ကြိုတင်ပြင်ဆင်မှုစနစ် မရှိခြင်းကြောင့် ဇွန်လ ၂ ရက်က လှည်းတန်းဈေးအနီး ပြောင်းဖူးသည်လေးနှင့် ဖိနပ်လာဝယ်သူတို့ ဓာတ်လိုက်သေဆုံးခဲ့ရရှာလေ၏။ ၁၂ ဘီလီယံဟုသာ ကုန်းအော်နေပြီး ရေစီးရေလာကောင်းအောင် ကြိုတင်ပြင်ဆင်မှုစနစ် လုံးဝမရှိခြင်းကြောင့် ရန်ကုန်တစ်မြို့လုံး မိုးရွာတိုင်း ရေမြုပ်ကုန်၏။ မဟာသန္တိသုခ အမည်ရှိ ကျောင်းကြီးအား ပိုင်ဆိုင်မှု၊ ထိန်းသိမ်းမှုစနစ်များကို ရှေးဦးမဆွကပင် စနစ်တကျမစီစဉ်ခဲ့၍ ‘‘မဟာအ၀ီစိဒုက္ခ’’ဟု ကျောင်းအမည်ပြောင်းရမလို ဖြစ်ခဲ့၏။ ပိတ်ရက်တွင် အိပ်ငိုက်နေကြပြီး ကျောင်း ဖွင့်မှ ပြောင်းရွှေ့မိန့်ထုတ်၍ ချက်ချင်းပြောင်းရမည်ဆိုသော ပရမ်းပတာစနစ်ကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမ လောကတွင် ပွက်လောညံ ဂယက်ရိုက်ခဲ့ကြောင်း ကြားသိရ၏။ ရန်ကုန်မှ ကြက်ဘဲဈေးရွှေ့ရန် ဒဂုံဆိပ်ကမ်းမှ ကျူးကျော်တဲများကို အင်အားသုံးဖျက်ဆီးပြီးခါမှ ဈေးရွှေ့ရန် အစီအစဉ်မရှိသေးဟု ဆိုကြပြန်၏။

 ဒုတိယ‘စ’လုံးအဓိပ္ပာယ်မှာ ‘‘စာရင်း’’ဖြစ်၏။ ဦးဘအေးသည် သူ၏သားလတ် တက္ကသိုလ်ကျောင်းသားအား ဆန်စက်သို့ လူကြုံနှင့် စာပေးပို့ရန်အတွက် ရန်ကုန်မြို့၊ ဆရာစံလမ်းနေအိမ်မှ ညောင်တန်း သင်္ဘောဆိပ် သို့ စေလွှတ်၏။ ‘‘မင်းငွေတစ်ဆယ်ကျပ်နဲ့ ဒီစာကိုယူသွား။ သုံးဘီးငှားရင် ကားခငါးကျပ်ကျ မယ်။ မော်တော်နောက်ကျလို့ စောင့်နေရပြီး ထမင်းဆာရင် မင်းဝယ်စားနှစ်ကျပ်ကုန်မယ်။ အပြန်ကို ဘတ်စ်ကားနဲ့ပြန်ခဲ့။ ကားနှစ်ဆင့်စီးရင် ပြားငါးဆယ်ပဲ ကုန်မယ်။ ကျန်တဲ့နှစ်ကျပ်ခွဲကို အပိုထည့်ပေးထား တာ။ ပြန်လာရင် မင်းငါ့ကို စာရင်းရှင်းပြီး ပိုတဲ့ငွေပြန်အပ်’’ဟု မှာ၏။ အချိန်ကား ၁၉၆၃ ခုနှစ်ခန့် ၀န်းကျင်ဖြစ်၏။ ‘‘တက္ကသိုလ်ကျောင်းသားဖြစ်သော သားဖြစ်သူကိုပင်လျှင် အလုပ်တာဝန်ပေးရာ၌ ငွေပိုကို စာရင်းနှင့် အပ်ခိုင်းသူဖြစ်၏။

စက်စာရေးအား ပဲခူးသို့ မော်တော်နှင့်လွှတ်ရာ၌ ငွေကျပ်ငါးဆယ်ပေးလိုက်၏။ ပြန်လာသောအခါ ငွေတစ် ဆယ်ကျပ် ပိုသည်ကို စာရေးက သောက်စားပစ်လိုက်ပြီး ‘‘ပဂိုင်တာကျိုး ပဲခူး (ပဂိုး)ရေကြီး၊ လှေစီး တစ်ဆယ်’’ဟု စာရင်းပြ၏။

ဦးဘအေးက ‘‘လှေစီးငါးကျပ် လစာဖြတ်’’ဟု စာရင်းကို မင်နီတားပြီး မှတ်ချက်ချ၏။ သူ၏သားအလတ်အား ရပ်ကွက်အတွင်း မဟာသင်္ကြန်ဆုပေးမဏ္ဍပ် အတွင်းရေးမှူးလုပ်ပြီး မေလကုန် မိုးရွာသည်အထိ စာရင်းမ ရှင်း၍ အိမ်ပေါ်မှ နှင်ချခဲ့သူဖြစ်၏။ ‘‘လူဟာ ၀င်ငွေထွက်ငွေ စာရင်းမရှိရင် သူတောင်းစားဇာတ်၊ စာရင်းလိမ်ရင် ထောင်သားဇာတ်ခင်းတယ်လို့ မှတ်ကွ’’ဟု အမြဲပြောလေ့ရှိ၏။ စာရင်းဖျောက်ထားရင် ဘာဇာတ်လဲဟုမေးလျှင် ‘‘သူခိုးဇာတ်ကွ’’ဟု ပြောလေ့ရှိ၏။

မျက်မှောက်ခေတ် စာရေးသူတို့နိုင်ငံတွင် ၀န်ကြီးဌာနများမှ ပစ္စည်းဝယ်ယူသည့် ဈေးနှုန်းများကို မူရင်းနိုင်ငံ အကောက်ခွန်ဈေးနှုန်း၊ ပင်ရင်းစက်ရုံဈေးနှုန်း စသည်တို့ဖြင့် တိုက်ဆိုင်စစ်ဆေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုကုန်ကြလေပြီ။ စာရင်းတွင် သက်ဆိုင်ရာကို ပေးရသည်မှာ ၁၀ ရာခိုင်နှုန်းရှိသည်ဟုလည်း ဆိုကြ၏။ အလွန်ရှက်ဖွယ်ကောင်းလှ၏။ စာရင်းလိမ်၊ စာရင်းဖျောက်ဇာတ်တွေ များနေပြီထင်၏။ ဆိုလာစနစ်သုံးပစ္စည်းဝယ်ရာတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၀ယ်သောပစ္စည်းထက် နယ်စပ်ရေးရာဝန်ကြီးဌာနက ၀ယ်သောပစ္စည်းက အရည်အသွေးပိုကောင်းနေသည် ဆိုခြင်းမှာလည်း မဖြစ်သင့်ပေ။ ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီက လက်ရှိပြဿနာဖြစ်ပွားနေသည့် သာသနာရေးဝန်ကြီးဌာနနှင့် ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ ဖြေရှင်းမှုများ ပြုလုပ်နေရသည့် ပြန်ကြားရေး ၀န်ကြီးဌာနအပြင် အားကစားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ်စိစစ်ရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ဇွန်လ ၂၅ ရက်ထုတ် ဂျာနယ်သတင်းများအရ သိရှိရပြန်၏။ ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရသုံးစွဲနေသည့် Non Budget ဘီလီယံတစ်သိန်းကျော် ရှိသော ငွေများသုံးစွဲမှုကို စစ်ဆေးနိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို လည်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းကြောင်း သိရှိရ၏။ စာရေးသူတို့နိုင်ငံတွင် ‘‘သွားရင်းသောက်တာ ပုလင်း-စားရင်းပျောက်တာစာရင်း’’ ဟု ဆိုရိုးမပြုကြရအောင် သတိမလပ်ကြဖို့ လိုပေသည်။

နောက်ဆုံးတတိယမြောက် ‘စ’လုံး၏ အဓိပ္ပာယ်ကား ‘စုဆောင်းခြင်း’ ဖြစ်လေ၏။ ဦးဘအေးက ‘အိမ်ထောင်သက်မွေး-ခြနှယ်မြှေးသား’ဆိုတာ အိမ်ထောင်တစ်ခု အောင်မြင်ဖို့ ခြများတောင်ပို့ဆောက်သလို တဖြည်းဖြည်းစုရမယ်ဆိုတဲ့ သမ္မာအာဇီဝ အခြေခံသဘောတရားပဲကွ။ အရွယ်ရောက်ရင် လူတိုင်းလိုလို အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား။ သူတောင်းစားလည်းအလုပ်လုပ်ရတာပဲ။ ဒါပေမဲ့ အလုပ်လုပ်တဲ့ လူချင်းယှဉ်ရင် စုဆောင်းအား ပိုကောင်းတဲ့လူက ရေရှည်မှာ ပိုပြီးချမ်းသာတာ နိယာမသဘောပဲကွ’’ ဟု ပြောလေ့ရှိ၏။

‘‘မင်းအလုပ်ကို စနစ်တကျလုပ်ပြီးပြီ။ စာရင်းဇယားလည်းရှိပြီးပြီ။ နောက်ဆုံး ၀င်ငွေတွေရလာတဲ့အခါ ကျတော့ ‘‘ကောင်းကောင်းစားမယ်၊ များများစားမယ်၊ ခဏခဏစားမယ်’’ဆိုရင် မင်းဘ၀က ဒုံရင်းဖြစ်မှာပဲ’’ ဟုဆို၏။ ‘‘ကောင်းကောင်းစားမယ်၊ ခဏခဏစားမယ်။ နည်းနည်းစားမယ်ဆိုရင် မင်းသုံးပုံတစ်ပုံစုမိပြီး ‘‘ကောင်းကောင်းစားမယ်၊ တစ်ခါတစ်ရံစားမယ်၊ နည်းနည်းစားမယ်’’ ဆိုရင် မင်းသုံးပုံနှစ်ပုံစုမိပြီ။ အဲဒါကို မင်းတွေးတတ်တွက်တတ်ရင် စီးပွားရေးပါရဂူဖြစ်ပြီကွ။ ဘာကျမ်းမှလေ့လာဖို့ မလိုဘူး။ ရှင်းရှင်းလေးကွ’’ဟု ဆိုခဲ့လေ၏။

လက်ရှိ စာရေးသူတို့နိုင်ငံကို ကြည့်လျှင် ပို့ကုန်ထက် သွင်းကုန်က အလွန့်အလွန်များနေ၏။ ၂၀၁၄-၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လ ၁၃ ရက်အထိ ၂ နှစ်ကျော်ကာလ၌ပင် လိုငွေက ဒေါ်လာ ၁၀၈၅ ဒသမ ၁၆၇ သန်းရှိကြောင်း သိရှိရ၏။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်က ဘတ်ဂျက်လိုငွေမှာ ၁၆၃၅ ဘီလီယံ၊ ၂၀၁၃-၁၄ နှစ်က ၂၈၈၆ ဘီလီယံရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂၇၅၁ ဘီလီယံရှိမည်ဟု သိရ၏။ နှစ်စဉ်လိုငွေတွေ အလွန်များနေ၏။ အချို့က ဘတ်ဂျက်ဆိုလျှင် အလှူခံပုံးကို သွန်ချလျှင်ရသောငွေဟု ထင်နေသူများရှိ ၏။ ဖောင်းပွမှုနှုန်းကလည်းမြင့်၊ ချေးငွေတွေကလည်း တရိပ်ရိပ်တိုးနေပြန်၏။ နိုင်ငံပိုင် Fixed Assets များ၊ Foreign Exchange Reserve များ တိုးလာဖို့ တစ်နှစ်ထက်တစ်နှစ် စုဆောင်းငွေတွေများရပါမည်။ အလွဲသုံးစားမှုများ ကင်းစင်မှလည်း ပိုမိုစုဆောင်းနိုင်မည် ဖြစ်၏။ ‘‘ခြနှယ်မြှေးသား’’မဟုတ်ဘဲ ‘‘ခြနှယ်မှေး စား’’တာတွေ ပျောက်ဖို့လို၏။ ထိုအခါမှသာ ပြည်သူတို့သည် အနည်းဆုံးအဆင့် ‘‘ကောင်းကောင်းစား၊ နည်းနည်းစား၊ တစ်ခါတစ်ရံစား’’ နိုင်သောဘ၀သို့ ရောက်နိုင်ကြမည် မဟုတ်ပါလော။

ဘာပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများအောင်မြင်၍ သဲနုန်းများကင်းစင်သော Wave များ မြင့် တက်လာဖို့အတွက် ‘စသုံးလုံး’ကို လေးစားပါဟု ဆိုချင်ပါသည်။ စနစ်တကျလုပ်ပါ။ စာရင်းအင်း မှန်ကန်မှုရှိ ပါ။ စုဆောင်းနိုင်ရန် ချွေတာကြပါ။
မြင့်မိုရ်ဆွေ
အတွဲ (၁၃)၊ အမှတ် (၁၇)
7Day Daily

0 comments:

Post a Comment