Wednesday, July 30, 2014

ရန်ကုန်မြို့လယ်၌ လမ်းပြောင်းပြန်မောင်း၍ လူနှစ်ဦးသေဆုံးသည့် ယာဉ်တိုက်မှုကျူးလွန်သူကို ညတွင်းချင်းဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်မြို့လယ် ဆူးလေဘုရား အနီးတွင် ဇူလိုင် ၂၈ ရက်နေ့ညက လမ်း ပြောင်းပြန်မောင်း၍ လူနှစ် ဦးသေဆုံးသည်အထိ ဖြစ်ခဲ့သည့် ယာဉ်တိုက်မှုမှ မောင်းနှင်သူကို ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းအမှုကို စစ်ဆေးနေသူ ရဲအုပ်အောင်လှိုင်စိုးက ပြောကြားသည်။

ကားမောင်းထွက်ပြေးသူမှာ စားသောက်ဆိုင်တွင် လုပ်ကိုင်သည့် အမျိုးသမီးများ သွားလိုသည့်နေရာကို လိုက်ပို့ ပေးနေသူဖြစ်ပြီး ၎င်းကိုဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ယင်းအမှုကို စစ်ဆေးနေသူ ရဲအုပ်အောင် လှိုင်စိုးက ဆက်လက်ပြောကြားသည်။

ယာဉ်တိုက်မှုများ ဆက်တိုက် ကျူးလွန်ခဲ့သူ အသက် ၂၄ နှစ်အရွယ် မောင်မောင်ဆိုသူကို ယာဉ်တိုက်မှု ဖြစ် စဉ်က ၎င်း၏ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးများ နေထိုင်သည့် စမ်းချောင်းမြို့နယ် ဗဟို လမ်းပေါ်ရှိ အဆောင်တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် လေးနာရီကျော်က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ယာဉ်မှုစစ်ဌာနမှ ဒုတိယတပ်ဖွဲ့ခွဲမှူးလည်းဖြစ်သူ ၎င်းကဆိုသည်။

မောင်မောင်သည် ၎င်း၏ သူငယ်ချင်းတစ်ဦးထံမှ ယာဉ်ကိုငှားရမ်းကာ သူငယ်ချင်း အမျိုးသမီးလေးဦး၊ အမျိုးသားတစ်ဦးနှင့်အတူ မုန့်ထွက်စားချိန်တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်းဖြစ်ပြီး မောင်မောင်မှာ ယာဉ်မောင်းလိုင်စင် မရှိကြောင်း ရဲအုပ်အောင်လှိုင်စိုးက ရှင်းပြသည်။
“စားသောက်ဆိုင်က အမျိုးသမီးတွေ သွားချင်တဲ့နေရာကို လိုက်ပို့ပေးတဲ့သူပါ။ လုပ်နေတာ တစ်နှစ်လောက် ရှိပြီ” ဟု အထက်ပါရဲအုပ်က ပြောဆိုသည်။

ယခုလက်ရှိတွင် ယာဉ်တိုက်မှု ကျူးလွန်ရာ၌ အဓိကတာဝန်ရှိသူ မောင်မောင်တစ်ဦးတည်းကိုသာ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး ယာဉ်ပေါ်တွင် လိုက်လာသည့် ကျန်လူငါးဦးကို ဖမ်းဆီးထားခြင်း မရှိကြောင်း ရဲအုပ်အောင်လှိုင်စိုးက ဆိုသည်။

အဆိုပါယာဉ်သည် ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ၃၁ လမ်း (အောက် ဘလောက်) မှ မဟာဗန္ဓုလလမ်းပေါ်သို့ လမ်းပြောင်းပြန် ကွေ့ထွက်လာခဲ့ပြီး မြန်မာ့ဆက်သွယ်ရုံးအနီး အရောက်တွင် ယာဉ်ထွက်ရန် နောက်ဆုတ်စဉ် အခြားယာဉ်နှစ်စီးကို တိုက်မိသဖြင့် နယ်ထိန်းရဲတပ်ဖွဲ့က တားဆီးစဉ် မောင်းထွက်ပြေးခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ပန်းဘဲတန်း နယ်ထိန်းရဲက တားတော့ မရပ်ဘူး။ မရပ်လို့ ရဲကကားပေါ် ခုန်တက်ပြီးပါ သွားတော့ ကြောက်အားလန့်အားနဲ့ ကွေ့မိကွေ့ရာ ဝိုက်တော့ လမ်းပြောင်းပြန် ဖြစ်သွားတယ်။ ပြီးမှ မဟာဗန္ဓုလလမ်းကနေ ဆူးလေဘုရားလမ်းအတိုင်း မောင်းပြေးတာ” ဟု ရဲအုပ် အောင်လှိုင်စိုးက ရှင်းပြသည်။

မောင်မောင် မောင်းနှင်လာသည့် ပရိုဘောက်ငွေရောင် 9D-6213 ယာဉ်သည် မဟာဗန္ဓုလလမ်းပေါ်သို့ လမ်းပြောင်းပြန် မောင်းဝင်လာပြီး လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ငါးစီးကို ဆင့်တိုက်ကာ ဆူးလေစေတီကို ကွေ့ပတ်ပြီး ဆူးလေဘုရားလမ်းအတိုင်း မောင်းထွက်ပြေးကြောင်း မျက်မြင်တွေ့ရှိသူ များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများက အတည်ပြုသည်။

ဆူးလေရှန်ဂရီလာ (ယခင်ကုန်သည်ကြီးများဟိုတယ်) အရှေ့လမ်းဆုံရှိ လမ်းလယ်ကျွန်းကို ကျော်တက်ရာ တွင် ယင်းနေရာတွင်ရှိသည့် လူငါးဦးကို တိုက်မိခဲ့ပြီး တစ်ဦးပွဲချင်းပြီး သေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိသည်။

ဒဏ်ရာရရှိသူလေးဦးတွင် စိုးရိမ်ရသူ နှစ်ဦးအနက်တစ်ဦးမှာ ဇူလိုင်လ ၂၉ ရက်နေ့တွင် သေဆုံး သွားကြောင်း ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်မှူး ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မောင်မောင်ကို ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ၃၀၄ (က) လူသေစေအောင် မောင်းနှင်မှု၊ ပုဒ်မ ၃၃၇ သာမန်နာကျင်စေမှု၊ ပုဒ်မ ၃၃၈ အပြင်းအထန် ဒဏ်ရာရစေမှု၊ ၂၀၂ ထွက်ပြေး တိမ်းရှောင်မှု တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းကဆိုသည်။

ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ပန်းဘဲတန်းရဲတပ်ဖွဲ့မှ ဒုတိယရဲတပ်ကြပ် သက်ပိုင်စိုးသည် ကုန်သည် ကြီးများ ဟိုတယ်ရှေ့က လမ်းလယ်ကျွန်းကျော် တက်စဉ် ပြုတ်ကျကျန်ခဲ့ပြီး ဒဏ်ရာများရ ရှိခဲ့သည့် အပြင်လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ပန်းပဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးက ပြောကြားသည်။
The Voice Weekly

0 comments:

Post a Comment