Monday, July 28, 2014

လီဆယ်မှုတဲ့လား

လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်သည့် သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော “ဘာသာခြား လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ်္မပြုကျင့်ခဲ့သည်”ဟု ဆိုသည့် မှုခင်းသတင်းတစ်ရပ်မှအစပြုကာ ဘာသာကြီး နှစ်ခုအကြား ပဋိပက္ခကြီး ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ထိုပဋိပက္ခကြီးက ဇူလိုင်လ ၁ ရက်၊ ညနေ ၆ နာရီဝန်းကျင် မန္တလေးမြို့ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီးလက်ဖက်ရည်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူရာမှ နှစ်ဖက်လူအုပ်စုတို့အကြား ပဋိပက္ခ စတင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ပဋိပက္ခအစပျိုးခဲ့သည့် အဓမ္မပြုကျင့်မှုဆိုသည်မှာ လိမ်လည်လီဆယ်တိုင်း တန်းထားသည့် အမှုဖြစ် ကြောင်း ဇူလိုင်လ ၁၉ ရက် ရက်စွဲဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ရှင်းလင်းခဲ့သည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရန်ကုန်မြို့ကို လုံခြုံရေးတာဝန်ယူခဲ့ဖူးသည့် အသက် ၇၀ အရွယ်ရှိပြီ ဖြစ်သောတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က သူ့ဘ၀တွင် လီဆယ်တိုင်တန်း
ရာမှတစ်ဆင့် ဘာသာကြီးနှစ်ခုကြား ကြီးမားသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းမျိုးမကြုံ တွေ့ခဲ့ဖူးကြောင်း ဆိုသည်။

“ကျွန်တော် ရန်ကုန်တိုင်း နေရာတော်တော်များများကို လုံခြုံရေးတာဝန်ယူခဲ့ဖူးပါတယ်။ လီဆယ်တိုင်တန်း ရာကတစ်ဆင့်ဘာသာရေး ပဋိပက္ခထိ ဖြစ်သွားတာမျိုးတစ်ခါမှ မကြုံခဲ့ဖူးဘူး။ နောက်ပိုင်း အသွင်ကူး ပြောင်း လာတဲ့ ကာလတွေမှာ နိုင်ငံရေးအနေအထားအရ စံပြ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။လီဆယ် တိုင်တန်းမှုဆို တာ ဖြစ်ပေါ်မှု အခြေအနေတစ်ရပ်ရပ် အပေါ်မှာဖန်တီးတယ်ဆိုတဲ့သဘောက ကြုံတွေရစမြဲမို့ မှန်ချင် မှန်မယ်၊ မှားချင်မှားမယ်။ ဒါပေမဲ့သတိထားဖို့တော့ လိုမယ်” ဟု ဆိုသည်။

မန္တလေးမြို့တွင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူ ကိုဇော်မင်းထွန်းက “လိမ်တိုင်တယ်။ မတိုင် ဘူးဆိုတာ ပြဿနာ ရဲ့ အဓိကအချက်မဟုတ်ဘူး။ လိမ်တိုင်တာက အခုမှရှိတာလား။ အရင်ကလည်းရှိခဲ့တာ ပဲလေ။ ဒီအမှုမှ အခုလို ဘာကြောင့် ဖြစ်တာလဲ။ အဓိကလုပ်သင့်တာက နောက်ကွယ်လရာက်ရောက် အရေးယူဖို့လိုတာ။ အဲဒီလို မလုပ်နိုင်ဘူးဆို ကျွန်တော်တို့နိုင်ငံက စိုးတထိတ်ထိတ် ဖြစ်နေရဦးမှာပဲ” ဟု ပြောသည်။

ထိုလိမ်လည်လီဆယ်တိုင်တန်းသူကို ပျဉ်းမနားမြို့မရဲစခန်းမှ (ပ)၃၁၂/၂၀၁၄ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/ ၅၁၁/ ၁၄၇/ ၁၈၂/၁၀၉ စသည့် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူခဲ့ကာ ပျဉ်းမနားမြို့နယ် တရားရုံးတွင် လိမ်လည်လီဆယ်တိုင်တန်းသူ မဖြူဖြူ ၀င်း(ခ) ကတုံးမကိုပင် ဇူလိုင်လ ၂၃ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီ ဖြစ်သည်။

သို့သော် လီဆယ်တိုင်တန်းမှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် ပဋိပက်္ခကြီးကြောင့် လူနှစ်ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့သည်။ ပဋိပက္ခတွင် ပါဝင်သူ ၄၉ ဦးကိုဖမ်းဆီးထားသည်။ ရှစ်ဦးမှာ ထွက် ပြေးလွတ်မြောက်နေသည်အထိ ဘာသာရေးအသွင်ဆောင်သည့်ပဋိပက္ခကြီးအဖြစ် ကြီးမားပြင်း ထန်စွာ ပေးဆပ်ခဲ့ရပြီ ဖြစ်သည်။

မန္တလေးဖြစ်စဉ်ကြီးသည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခထဲတွင် ရုပ်ဆိုးအကျည်းတန် ဆုံးဖြစ်သည်ဟု ဆိုရပေမည်။

lisaeလူသားချင်း နှစ်ဦးနှစ်ဖက်၊ မိသားစုနှစ်စု အကြား ပုဂိ္ဂုလ်ရေးမုန်းတီးမှုကနေ လီဆယ်အမှုဖွင့် တိုင်ကြားခဲ့ ရာမှတစ်ဆင့် လှုံ့ဆော်သူ များကြောင့် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခ ဖြစ်ပွားခဲ့ရ သည်အထိ ဖြစ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။

လီဆယ်တိုင်တန်းမှုဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက်၊ ည ၁၀ နာရီက မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီးလက် ဖက်ရည်ဆိုင်ရှိ ဆိုင်ဝန်ထမ်းဖြစ်သူ မစိုးစိုး က ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဦး ဆန်းမောင် နှင့်ဦးနေ၀င်းတို့ ညီအစ်ကိုနှစ်ဦးက နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်အသစ်တွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ၂၉ရက်၊ နံနက် ၃ နာရီတွင် ပျဉ်းမနား-တောင်ညို ကားလမ်းဘေး၌ ကားကိုရပ် ကာ အဓမ္မပြုကျင့်၍ တိမ်းရှောင် သွားကြသည်ဟု ပျဉ်းမနားရဲစခန်းတွင် လီဆယ်တိုင်ကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းမီဒီယာများအပေါ် မှုခင်းသတင်း များထုတ်ပြန်မှုကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ လမှစတင်ကာ ကန့်သတ်မှုများရှိခဲ့ပြီး အဓမ်္မ ပြုကျင့်သည့်သတင်းများကိုမူ လုံးဝ ထုတ် ပြန်မှုမျိုး မရှိတော့ပါပေ။

သို့သော် ကန့်သတ်ထားသည့်ကြားမှာ ပျဉ်းမနားမြို့တွင် လီဆယ်တိုင်ကြားခဲ့သည့် အဓမ္မပြုကျင့်မှုမှာ ပြင်ပ သို့ မည်သို့မည်ပုံ ပေါက်ကြားသွားသနည်းဆိုသည့် အချက် မှာလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေ ပါသည်။

ယင်းသို့ မန္တလေးမြို့တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ပတ်ကျော်ကြာမြင့်လာမှသာ ပြည် ထဲရေး ၀န်ကြီး ဌာနမှထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် အဓမ်္မပြုကျင့်ခံရသည့် မစိုးစိုးမှာ အမည် ရင်းမဟုတ်ကြောင်း၊ ဟာဂျီထွန်းထွန်းဆိုသူက ဦးဆန်းမောင်နှင့် ဦးနေ၀င်းတို့ အပေါ် ပုဂ်္ဂိုလ်ရေးမုန်း တီးမှု ကြောင့် ပြစ်ဒဏ်ကြီးစွာကျခံနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားရန် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူ အညီတောင်းခံခဲ့ရာ မဖြူဖြူဝင်း (ခ) ကတုံးမက ခင်ပွန်းသည်ထောင်ကျသဖြင့် ငွေလိုနေသည့် မဖြူဖြူမင်း (ခ)ကတုံးမကို ငွေကျပ် ၁၀ သိန်းပေးမည်ဟု ဆိုကာ လီဆယ်တိုင်တန်းရန် စေခိုင်းခဲ့ခြင်း ဖြစ် သည်ဟု ရှင်းလင်း ဖော်ပြထားသည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန် ချက်သည်အချိန် ယူလွန်းသည်ဟု ဝေဖန်မှုများရှိနေပြီး ရဲတပ်ဖွဲ့ဝင်များသည်လည်း စတင်ဖြစ်ပွားသည့် အချိန်ကတည်းက လျင်မြန်စွာ စုံစမ်းထုတ်ပြန်ခဲ့လျှင် ပြဿနာကြီးထွားလာသည် အထိ ဖြစ်မ လာနိုင်ကြောင်း ရှေ့နေဦးကိုနီက သုံးသပ်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲကစုံစမ်းတဲ့နေ ရာမှာ ဒီလောက်အထိ အချိန်ယူစရာ မလိုဘူး။ စဖြစ်တဲ့အချိန်က တည်းက ခပ်မြန်မြန် စုံစမ်းပြီးထုတ်ပြန်ရင် ဒီလောက်အထိဖြစ်မလာဘူး။ ရဲတွေက အခုလိုထုတ်ပြန်မှုမျိုး မလုပ်နိုင်သေးရင်တောင် အဲဒီဆိုင်မှာ ဗုဒ်္ဓ ဘာသာမိန်းကလေး မရှိပါဘူးဆိုတာကို စောစောထုတ်ပြန်နိုင် ခဲ့ရင် လှုံ့ဆော်သူတွေအတွက်လည်း လှုံ့ဆော်ဖို့ခက်သွားမယ်။ မန္တလေးမှာ ဒီအမှုကို အကြောင်းပြ ပြီး သေသေချာချာ လှုံ့ဆော်မှုတွေလုပ်နေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းထောက်ပြပြီးစောစောထုတ်ပြန်ခဲ့ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့လီဆယ်တိုင် တန်းမှုမှတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ရသည် မှာ ဖြစ်တောင့် ဖြစ်ခဲဖြစ်စဉ်မျိုးဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များသည် အဓမ္မပြုကျင့်မှုတစ်ခုကို စစ်ဆေးသည့်အခါ အနည်းဆုံးအချိန်တစ်ပတ်မှ နှစ်ပတ်အထိယူရပြီး ကျူးလွန်စဉ်က ၀တ်ဆင်ထားသည့် အ၀တ်အစားတွင် သုတ်ပိုးရှိ၊မရှိကို ဓာတ်ခွဲစစ်ဆေးရသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနမှ ဒု-ရဲအုပ် တစ်ဦးက ပြောသည်။

“များသောအားဖြင့် လီဆယ်ပြီးတိုင်တဲ့ အမှုက မုဒိမ်းမှုနဲ့တိုင်တာများတယ်။ သူတို့ချင်း ပုဂ်္ဂိုလ်ရေးမုန်းတီး လို့လုပ်တာ။ တစ်ခါတလေကျတော့လည်း ကျွန်တော်တို့အနေနဲ့ မဟုတ်မှန်းသိသော်လည်း အမှုဖွင့်ပေးရ တာတွေ ရှိတယ်။ ပြီးတော့မှ လီဆယ် တိုင်တန်းမှုနဲ့တိုင်တဲ့သူကို တရားပြန်စွဲတာ။ တိုင်တဲ့သူအတွက်က လည်း သူ့မှာအရှက်ကွဲခံပြီးတိုင်ရတဲ့အတွက် အမှုဖွင့်ပေးပြီးမှ စစ်ရတယ်” ဟု ၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်းအချို့တွင် အဓမ်္မပြုကျင့်မှုနှင့် စပ်လျဉ်းပြီး လီဆယ်တိုင်တန်းမှုမျိုး နှစ်စဉ် ရှိခဲ့ သော်လည်း ရာခိုင်နှုန်း အလွန်နည်းပါးကာ လီဆယ်တိုင်တန်းမှုမှ တစ်ဆင့်ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်းမှာ မန္တလေးပဋိပက္ခသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ဦးကျော်က “ရဲတော့ လုပ်လိုက်တာ အမှုဘယ်လောက်ခိုင်မာမှု ရှိလဲမရှိလဲဆိုတာ သူတို့အပေါ်မှာ မူတည် တယ်။ ဒီနေ့ နိုင်ငံကို တည်ငြိမ်ရေးကိုထိပါးနိုင်တဲ့ အနေအထားတွေက ဘာသာရေးနဲ့ လူမျိုးရေးက ကျွန် တော်တို့ တကယ့်ကို ခေတ်စားနေတာတွေ ဖြစ်နေတယ်။ အဲဒါကို ကျွန်တော်တို့ စနစ်တကျ ကိုင်တွယ်ဖို့လို တယ်။ အဲဒီလို ပဋိပက္ခဖြစ်နိုင်တဲ့ ဒေသတွေမှာ အတတ်နိုင်ဆုံး ကိုင်တွယ်ဖို့လိုတယ်။ ရဲကလည်းပေါ့ပျက် ပျက်ပဲ ဘယ်တော့မှာ အလေးထားတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ လုံခြုံရေးအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သူတို့ခေါင်းထဲထည့်ချင်မှထည့်မယ်” ဟု ပြောသည်။

အဓမ္မပြုကျင့်မှုတစ်ခုကို စစ်ဆေးရာတွင် အနည်းဆုံး အချိန်တစ်ပတ်မှ နှစ်ပတ်အထိယူရသည်မှာ ယေဘုယျ သာဖြစ်ပြီး တရားဝင်ထုတ်ပြန်ထားသည့် ဥပဒေအရ အချိန်တစ်လအထိ ယူခွင့်ရှိသော်လည်း ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားနေသည့်အချိန်တွင် ရဲဝန်ထမ်းများက ပိုမိုအားထုတ်လုပ်ဆောင်သင့်သည်ဟု ရှေ့နေဦးကိုနီ က ပြောသည်။

“အခု အမှုဖြစ်ပြီး သုံးပတ်လောက်ကြာမှ ထုတ်ပြန်ချက်ထုတ်တယ်။ ဥပဒေအရဆိုရင် အမှုတစ်ခုကို တစ်လ အထိ စစ်လို့ရတယ်။ ဒါပေမဲ့ မန္တလေးမြို့ကြီး ပြာကျတော့မယ့် အခြေအနေ ဖြစ်နေတဲ့အချိန်မှာ မြန်မြန် စစ်ပြီး ဒါဟာ မဟုတ်ဘူးလို့ မြန်မြန်ထုတ်ပြန်သင့်တယ်။ အရေးကြီးနေတဲ့ အချိန်လေ”ဟုလည်း ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတိုင်းမှာ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာဖြစ်နေပြီး ထို ပဋိပက္ခများ၏နောက်ကွယ်တွင် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်နေသည်ဟုလည်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

ယခုမန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှာလည်း လူတစ်စု၏ လှုံ့ဆော်မှုကြောင့် ကြီးထွား လာခဲ့ခြင်း ဖြစ်သော်လည်း ယင်းသို့လှုံ့ဆော်နေသူများကို ထိရောက်သည့် အရေးယူမှုမျိုး လုပ်ဆောင်နိုင်ခြင်း မရှိသေး ပါ။

မန္တလေးမြို့တွင် ဇူလိုင်လ ၂ ရက်၊ ညပိုင်းက သေဆုံးခဲ့သူ ဦးထွန်းထွန်း၏ဈာပန အခမ်းအနားကို ဇူလိုင်လ ၄ ရက် မွန်းလွဲ ပိုင်းတွင် အေးရိပ်မွန်သုသာန်သို့ ပို့ဆောင် သင်္ဂြိုလ်အပြီး လူတစ်စုသည် တုတ်၊ ဓားများ ကိုင်ဆောင်၍ လမ်းမပေါ်တွင်လှည့်ပတ်သွားလာနေမှုကို ရဲတပ်ဖွဲ့ဝင်များက အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရပ်ကြည့်နေသည့်အပေါ် မြို့ခံလူထုကလည်းအမြင်စောင်းနေကြသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခတိုင်းတွင် လှုံ့ဆော်သူများကို အရေးယူနိုင်ခဲ့ခြင်းမရှိသော် လည်း ယခု မန္တလေး ပဋိပက္ခတွင် လှုံ့ဆော်အကြမ်းဖက်သူဟု ယူဆရသည့် လူဦးရေ ၄၀ ကျော် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

မန္တလေးပဋိပက္ခတွင် လှုံ့ဆော်အကြမ်းဖက်သူဟု ယူဆရသူများကိုဖမ်းဆီးထိန်းသိမ်းထားသည့်အပေါ် မန္တလေးမြို့ခံတစ်ဦး က “အခု ရဲတွေဖမ်းထားတယ်ဆိုတဲ့ သူတွေက အထင်နဲ့မှန်းပြီး ဖမ်းထားတာပါ။ အဲဒီအထဲမှာ တကယ်လှုံ့ဆော်တဲ့သူတွေလည်း ပါချင်ပါမယ်။ ဒါပေမဲ့ တကယ် လှုံ့ဆော်ခဲ့တဲ့သူ ဟုတ်သ လားမဟုတ်လားဆိုတာကို တိတိပပဖော်ထုတ်အရေးယူနိုင်တာမျိုး မရှိသေးပါဘူး” ဟု ပြောသည်။ ပဋိပက္ခများ စတင်ဖြစ်ပွားရသည့်အခြေခံအကြောင်းတရားသည် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို အခြေခံပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှတစ်ဆင့် လှုံ့ဆော်သူများကြောင့် ပြဿနာကြီးထွားလာခဲ့ရသည် အထိ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၌ အဓမ်္မမှု ၆၅၄ မှုအနက် ကလေးသူငယ် အဓမ္မမှု ၃၃၆ မှု၊ ၂၀၁၃ ခုနှစ် တွင် ၇၃၄ မှုအနက် ကလေးသူငယ်မှု ၃၁၅ မှု၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်အထိ အမှုပေါင်း ၄၀၈ မှုအနက် ကလေးသူငယ်မှု ၁၈၀ မှု ဖြစ်ပွားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင်လည်း ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း အဓမ္မပြုကျင့်မှု ၄,၆၉၈ မှု ဖြစ်ပွားခဲ့ကာ တိုင်းနှင့်ပြည်နယ်အလိုက် အဓမ္မပြု ကျင့်မှုများသုံးသပ်ချက်အရ ကယားပြည်နယ် သည် ဖြစ်ပွားမှုအနည်းဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံး ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုး ရေး၊ ဘာသာရေးအကြောင်းပြ ပဋိပက္ခများသည် သမ္မတဦးသိန်း စိန် ပြည်ပခရီး ထွက်ခွာနေချိန်၊ ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိချိန်တို့တွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှာလည်း သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်သည့်ခရီး စဉ်မှ ပြန်လည် ရောက်ရှိလာပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ လက်ရှိအချိန်အထိ အဆိုးရွားဆုံး အနေအထားတွင်ရှိနေပြီး ဥပဒေ အတိုင်း လုပ် ဆောင်မှုအပိုင်း၌လည်း အားနည်းလျက် ရှိနေသည်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ သွေး ထိုးလှုံ့ဆော်မှုများတွင်လည်း တရားဥပဒေအရ ထိရောက်စွာအရေးယူမှုမရှိဘဲ မင်းမဲ့စရိုက်ဖြစ်စေရန် အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေပေသည်။ ယခုကဲ့သို့ လီဆယ်တိုင်တန်းမှုမှတစ်ဆင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ မြန်မာ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာအတွက်များစွာ ထိခိုက် နစ်နာရသည်။

ရဲတပ်ဖွဲ့ဝင်များသည် မန္တလေး ပဋိပက္ခဖြစ်ပွားနေစဉ်အချိန်တွင် လိုအပ်သည့်အင်အားကို အသုံးမပြုခဲ့သည့် ကိစ်္စ အပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး လက်ပံတောင်းတောင်အရေး၊ မလက်တိုကျေးရွာ အရေးတို့တွင် အင်အားသုံးအရေးယူမှုများ ရှိခဲ့သလို ယခုမန်္တလေးကိစ္စတွင် အင်အားသုံးအရေးယူမှုမျိုး မရှိခဲ့ပါ။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပဋိပက်္ခ များမှာ စတင်မဖြစ်ပွားမီကတည်းပင် တားဆီးနိုင်သည့် အခြေ အနေတွင်ရှိနေပြီး ယင်းသို့ မတားဆီးနိုင်ပါကလည်း လှုံ့ဆော်နေသည့်အချိန်တွင် လှုံ့ဆော်သူများကို ထိထိရောက်ရောက် အရေးယူသင့်သည်။

“ကျွန်တော့်အနေနဲ့ပြောရရင် အရေးယူမှုအပိုင်းမှာ အားနည်းနေပါသေးတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ဆက်တိုက်ဖြစ်ပွား ခဲ့တဲ့ပဋိပက်္ခတွေမှာ တကယ်လှုံ့ဆော်တဲ့ သူတွေ ကို အခုထိ မဖော်ထုတ်နိုင်သေးဘူး။ အခုဖြစ်တဲ့ကိစ်္စကလည်း မဟုတ်တာကို အဟုတ်လုပ်ပြီး လှုံ့ဆော်နေတာ။ ဖြစ်ခဲ့ တာတွေအားလုံး ကို ပြန်ကြည့်လိုက်ရင် မဖြစ်ခင်ကတည်းက တားလို့ရတဲ့ ဟာတွေချည်းပဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုး မှု အရမ်း အားနည်းနေသေးတယ်လို့ မြင်တယ်” ဟုရှေ့နေဦးကိုနီက ထောက်ပြပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များကိုလည်း (EU) က ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်ခေါင်းစဉ်ဖြင့် ပဋိပက္ခများဖြေရှင်းကိုင် တွယ်ပုံ၊ လူစုလူဝေး အားစနစ်တကျ ထိန်းသိမ်းခြင်းအပိုင်းများ၊ ရဲတပ်ဖွဲ့၏အုပ်ချုပ်ရေးနှင့် တာဝန်ယူမှု စသည်တို့ကို သင်တန်းပို့ချနေစဉ် ကာလအတွင်း မန္တလေးပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂ (EU) က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ၂၀၁၅ မတ်လ အထိ (၁၈)လကြာသည့် အထက်ပါသင်တန်းကို ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီ ယံခန့်) အကုန်ကျခံ ပို့ချနေချိန်လည်း ဖြစ်သည်။

ဘာသာရေးကို အကြောင်းပြကာ ဖြစ်ပွားလာသည့် ပဋိပက္ခများမှာ အစိုးရသစ် တက်ရောက်လာပြီးနောက် ပိုင်း မကြာခဏ ဖြစ်ပွားနေခဲ့ပြီး လာမည့်ကာလများတွင်လည်း ပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည်ဆို သည့် ကောလာဟလများမှာလည်း ပျံ့နှံ့လျက် ရှိသည်။

မည်သို့ပင်ဆိုစေ မန်္တလေးပဋိပက်္ခ ဖြစ် ပွားခဲ့သည့်ဂယက်မှာ မန္တလေးမြို့နေ ပြည်သူများ လက်ရှိအချိန်အထိ ခံစားနေရဆဲပင် ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားစဉ်က ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို ည ၉ နာရီမှ နံနက် ၅ နာရီအထိ မြို့နယ် ခြောက်ခုတွင် ဇူလိုင်လ ၃ ရက် ထုတ်ပြန် ခဲ့သည်။

ယင်းသို့ သတ်မှတ်ထားခဲ့ရာမှ ဇူလိုင်လ ၂၁ ရက်က ညမထွက်ရအမိန့်ကို နံနက်ပိုင်း နှစ်နာရီ ဖြေလျှော့ပေး လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအတွက် အဆင်ပြေမှု အနည်းငယ်ရှိလာသော်လည်း လမ်းဘေးဈေး သည်များဖြစ်သည့် အခြေခံလူတန်းစားများ အတွက် အဆင်မပြေသေးပါ။

“အခု ပုဒ်မ ၁၄၄ ကို နံနက်ပိုင်း နှစ်နာရီ လျှော့ပေးတယ်။ ဒါပေမဲ့ လမ်းဘေး ဈေးရောင်းရတဲ့ ဈေး သည် တွေအတွက်က ညပိုင်းကိုပဲ အဓိကထားပြီးရောင်းနေရတာ။ ညဘက် ၉ နာရီ နောက်ဆုံး အိမ်ပြန်ရတာ ဆိုတော့ သူတို့အတွက် စီးပွားရေး အရမ်း ထိခိုက်တယ်။ မနက်ပိုင်းဖြေလျှော့ပေး လိုက်တဲ့အတွက်လည်း ကောင်းပါတယ်။ ၀ါတွင်း ကာလမှ သံဃာတော်တွေအတွက် အရုဏ်ဆွမ်းကြွ ရတာတွေအတွက် အဆင်ပြေ သွားတာပေါ့” ဟု မန္တလေး မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခကြား မြေစာပင် ဖြစ်ခဲ့ရသည်မှာ မန္တလေးမြို့ နေပြည်သူလူထုများသာဖြစ်ပြီး အဓိကထိခိုက်ခဲ့သည်မှာ လက်လုပ်လက်စား အခြေခံလူ တန်းစားများသာ ဖြစ်သည်။

ဦးကျော်က “တိုင်းပြည်အတွက် ထိခိုက်နစ်နာသွားတဲ့ဖြစ်ရပ်တွေက အနုတ်လက္ခဏာပြတဲ့ဟာတွေက ၀မ်းနည်းစရာတွေကတော့ ကောင်းတာပေါ့ဗျာ။ အဲဒီတော့ ဒါတွေမဖြစ်အောင် ကျွန်တော်တို့ ဘယ်လို ထိန်းသိမ်းမလဲ။ ဒီပြဿနာတွေရှိလာပြီဆိုရင် အရေးကြီးဆုံးက ရဲစခန်းမှာပဲ တာဝန်ရှိတယ်ပေါ့ဗျာ။ လုံခြုံရေး၊ ဘာသာရေးနဲ့ ပတ်သက်လာတဲ့ ပြဿနာတွေကို စနစ်တကျ ကိုင်တွယ်ဖို့ အရေးကြီးတယ်။ ရဲတွေက ပေါ့ပျက် ပျက်နေတာ များတယ်။ ပိုက်ဆံ ပေးရင် လုပ်ပေးမယ်ဆိုတာမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ သင်္ဃန်း ကျွန်းမှာကိုယ်တွေ့အနေအထားတွေ အများကြီးပဲ” ဟု သုံးသပ်ထားသည်။
ဖြိုးဝေလင်း၊ ကျော်စွာဝင်း
Mizzima - News in Burmese

0 comments:

Post a Comment