Monday, July 21, 2014

တရုတ်ယွမ်ငွေ ကမ္ဘာပေါ်တွင်တတိယသုံးစွဲမှုအများဆုံးငွေကြေးဖြစ်လာရန်ခန့်မှန်း

(ဓာတ်ပုံ-Wall Street Journal)
တရုတ်အစိုးရအနေဖြင့် ၎င်း၏ယွမ်ငွေတန်ဖိုးကို မြှင့်တင်နေသောကြောင့် အမေရိကန်နှင့် ယူရိုငွေတို့ ပြီးနောက် တတိယအသုံးများဆုံး နိုင်ငံတကာ ငွေကြေးအဖြစ်သို့ ငါးနှစ်အတွင်း ရောက်ရှိလာနိုင်မည့် အခြေအနေများရှိနေသည်ဟု ဇူလိုင် ၂၀ ရက်က ထုတ်ပြန်လိုက်သည့် တရုတ်နိုင်ငံ Renmin University တက္ကသိုလ်၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ယမန်နှစ်အတွင်းက နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေဖြင့် ပေးချေမှုပမာဏမှာ ၄.၆၃ ထရီလီယံ(ဒေါ်လာ ၇၄၆ ဘီလျံ) ရှိခဲ့ရာ ၂၀၁၂ ခုနှစ် ပမာဏထက် ၅၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော ကြောင့် နိုင်ငံတကာ နယ်စပ်ကုန်သွယ်ရေးတွင် ပေးချေမှုပမာဏစုစုပေါင်း၏ ၂.၅ ရာခိုင်နှုန်းရှိကြောင်း ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် နောက်ဆုံးသုံးလပတ်အကုန်တွင် တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုမှ ယွမ်ငွေဖြင့် ပေးချေမှုမှာ ၅၃၃ ဘီလျံရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ် အလားတူကာလထက် ၁.၉ဆ ပိုမိုများပြားခဲ့သည်။ လက်ရှိအချိန်တွင်မူ ယွမ်ငွေသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အသုံးများဆုံး ငွေကြေးဖြစ်နေပြီး ဗြိတိန် ပေါင်နှင့် ဂျပန်ယန်းတို့က တတိယနေရာနှင့် စတုတ္ထနေရာတို့တွင် အသီးသီးရှိနေကြသည်။

တရုတ်နိုင်ငံပြင်ပတွင် ယွမ်ငွေဈေးကွက်သည် လွန်ခဲ့သောနှစ်များအတွင်း လျင်မြန်စွာတိုးတက်နေပြီး ယွမ်ငွေဖြင့် ကြွေးမြီရှင်းလင်းနိုင်ရေး၊ ငွေပေးချေနိုင်ရေးတို့ကို တရုတ်ပြည်သူ့ဘဏ်အနေဖြင့် ဗြိတိန်၊ ဂျာမနီ၊ လူဇမ်ဘတ်၊ပြင်သစ်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။

ဥရောပဘဏ္ဍာရေးဌာနများသည် ဈေးကွက်ပြိုင်ဆိုင်မှုများ လုပ်ဆောင်လာရသောကြောင့် ယွမ်ငွေဈေးကွက် သည် ဥရောပတိုက်တွင် အလားအလာကောင်းများစွာရှိနေကြောင်း တက္ကသိုလ်ဥက္ကဌနှင့် တရုတ်ပြည်သူ့ ဘဏ်ငွေကြေးမူဝါဒဆိုင်ရာ ကော်မတီအဖွဲ့ဝင် ချန်ယူလူက ပြောကြားခဲ့သည်။

China Center for International Economic Exchanges ၏ ဒုတိယဥက္ကဌ ဝေကျန်ဂိုကလည်း တရုတ်အစိုးရအနေဖြင့် ဒူဘိုင်း၊ တောင်အာဖရိကနှင့် လက်တင်အမေရိကတိုက်နိုင်ငံများ တွင် ငွေကြေးလုပ်ငန်းဆိုင်ရာ ဌာနများထပ်မံဖွင့်လှစ်ရန် အကြံပြုတိုက်တွန်းထားသည်။
 The Yangon Globe

0 comments:

Post a Comment