Saturday, July 26, 2014

ဘယာနက ဟင်းတခွက်

ဒီအစ်အေ (DSA) အပတ်စဉ်(8) နောက်ပိုင်း ကျောင်းဆင်းလာကြတဲ့ မြန်မာ့ တပ်မတော် အရာရှိတွေ အားလုံးတို့မှာ ၄င်းတို့ စစ်တက္ကသိုလ်တက်နေတဲ့ ၄ နှစ် ကာလအတွင်း ဒုတိယနှစ်သင်ရိုးထဲ မှာ နိုင်ငံရေးဒသန နှင့် အထွေထွေ လူမှုဆက်ဆံရေးဆိုတဲ့ သင်ခန်းစာ ဘာသာရပ်တခု ပြဌာန်းထား တယ်…အဲဒီဘာသာထဲမှာ အထူးစိတ်ဝင်စားစရာကောင်းဆုံးကတော့ ဘာသာရေးနဲ့ပတ်သက်တဲ့ သိပ္ပံအမြင်အယူဆဆိုတဲ့ သင်ရိုးတခုပါ။

အဲဒီသင်ရိုးထဲမှာ ဖေါ်ပြထားပုံက ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှု လိုက်နာဆောင်ရွက်မှု နဲ့ ဘာ သာရေးကျင့်ထုံးများအား ကျင့်ကြံမှု အားလုံးသည် စိတ်ရောဂါ ဝေဒနာရှင်များကသာ ယုံကြည်ခြင်း လိုက် နာခြင်း ကျင့်ကြံကြခြင်းလို့ ဖေါ်ညွန်းထားတာတွေ့ရပါတယ်…ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှ ဘာသာရေး ဆိုင်ရာ ဆောင်ရွက် အားထုတ် လိုက်နာကြသော သူများအားလုံးအား အရူးများဖြစ်ကြကြောင်း စစ် ဗိုလ်လောင်းလေးများ၏ ဦးဏှောက်ထဲသို့ အဆိပ်လောင်းထည့်ထားပေးပြီး နောင်တွင် ဘာသာရေးဆိုင်ရာ အမှန်တကယ်ယုံကြည်သူ အများပြည်သူအားလုံးတို့အား နှိပ်ကွပ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း  ဖြစ်ကြောင်းနှင့် စစ်ဗိုလ်အဆက်ဆက် အာဏာယူအုပ်ချုပ်လာသော နှစ်ပေါင်း (၅၀)ကျော်ကာလ ဘတလျောက်လုံး ဘာသာရေးဆရာ တရားပြဆရာများနှင့် သံဃာတော်များအား အကျဉ်းထောင်း များအတွင်းသို့ ပို့ဆောင်ချုပ်နှောင်ခဲ့သော လုပ်ထုံးလုပ်နည်း လုပ်ကွက်များအား စာဖတ်သူများ
တွေ့မြင်ကြားသိခဲ့ပြီးဖြစ်ကြောင်းနှင့် အကျဉ်းထောင်ထဲတွင် (၁၀)နှစ်(၁၀)မိုး ဖြတ်သန်းခဲ့ရလေသော ဗုဒ္ဓ၏သားတော်များအတွင်းမှ ဆရာတော် အရှင် ဇ၀န၏ အကျဉ်းထောင်ခရောင်းခန်းအား လေ့လာမိကြစေ ရန်စာရေးသူမှ ထပ်ဆင့် ခံစား၍ ဆရာတော်၏ ကိုယ်တိုင်ရေး ဆောင်းပါးအား ထပ်ဆင့် တင်ပြလိုက်ရပါ၏…. (ဂိုလ်ရှယ်လေး)

ဘယာနက ဟင်းတခွက် - အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)
အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ် ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဘဆိုတော့ ငရဲခန်းက ဒုက္ခ ဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိပါမယ်၊ ရေတစ်မျိုး ဘတည်းနဲ့ ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံး နိုင်းခြင်းနဲ့ ထမင်း မာဂလောက်လည်းပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက် စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက် စားတာကိုများ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့မေးရင် ဟင်းတစ်အိုးအတွက် ဒေါက် နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့် ဘေးကနေ စွန့်စွန့်စားစား လုပ်ရတဲ့ ကိစ္စ မဟုတ်လား။ ဒါကြောင့် ဟင်းချက်ရတဲ့ ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလို ဒုက္ခတွေ နဲ့ ရင်းရတိုင်း အတူစား အတူသွားနေခဲ့ရတဲ့ ထောင်ပြင်ပက ရက်တွေကို ပြောမဆုံးဘူး။ သတိတ ရ ပြန်ပြော အဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။ ထောင်ဝင်စာ ပုံမှန်မလာတဲ့ သူတွေကတော့ ထောင် ကပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ်ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန် ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန် ရတာပါပဲ။

ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတစ်ခန်းမှာ ဟာသ ပြောတတ်တဲ့သူ တစ်ယောက်များ ရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။

“ဟိုငါးမန်းတောင် ဟင်းချို အလယ်ချ ဆိတ်သားခါးပတ်နှင့် ငါးသလောက်ပေါင်းက ချန်ထားလို့ မရတော့ ဘူး။ ကုန်အောင်စားပစ်” ဟင်းတစ်ခွက်ရဖို့ စီမံရတဲ့ အတားအဆီးတွေက များလှတယ်။ အပြင်လောက မှာတော့ ဟင်းတစ်ခွက် စီမံရတာကို အနုပညာ မြောက်တဲ့ ကိစ္စလို့ ပြောကြတယ်။ အလှအပ အပြင်အဆင် အထိ မရောက်ခင် ဟင်းတစ်ပွဲတည်း ပါဝင်ရမယ့် ရသမြောက် ဟင်းလျာထဲက အငန်အပေါ့၊ အချို၊ အဆိမ့်၊ အချဉ်၊ အစပ် ညီညွတ် မျှတမှုကို အနုပညာလို့ ပြောကြတာကိုး။ ကိုယ်ကလည်း အားကျမခံ ပြောလိုက်ချင် တယ်။ ထောင်ထဲက ဟင်းတစ်ခွက်မှာ ဘယာနက ရသ၊ ၀ီရ ရသတွေ ရောပြွမ်းထားတဲ့ စိတ်ခံစားမှု ကနေ ပေါက်ဖွားလာတာမို့ ထောင်ထဲက ဟင်းတစ်ခွက်မှာလည်း အနုပညာတွေပါ ပါတယ်လို့ ပြော လိုက်ချင်တယ်။

ထောင်ထဲ စရောက်ခါစကတော့ ချက်ဟင်း ပူပူနွေးနွေးလေးတွေကို တစ်ခါစ်တခါ စားရတတ်တယ်။ ကိုယ်ကလည်း ရောက်စဆိုတော့ ဘယ်လို ပြုလုပ်ဖန်တီးလာခဲ့ကြတယ်ဆိုတာ သဘောမပေါက်ဘူး။ မသိဘူးလေ။ တကယ်က သူတို့တွေရဲ့ ကြိုးစားထားချက်မှာ ဟင်းတခွက်အတွက် သတ္တိတွေ မွေးပြီး ချက်ခဲ့ရတယ်ဆိုတာ နောက်မှ တဖြည်းဖြည်း သိလာရတယ်။

ဟင်းချက်နေတုန်း မိခဲ့ရင် ဒေါက်အခတ်ခံရနိုင်တယ်။ တိုက်အပိတ်ခံရနိုင်တယ်။ အဆင်မသင့်ရင် အရိုက်ခံ ရနိုင်သေးတယ်။ ပလပ်စတစ် တစ်ထပ် အ၀တ်စုတ် တစ်ထပ် ပတ်ထားတဲ့ လောင်စာနဲ့ သူတို့ချက်ခဲ့ကြ မှန်း နောက်မှ သိရတယ်။ တစ်ယောက်က ချက်နေတုန်း နောက်တစ်ယောက်က ကင်းစောင့်ပေါ့။ များသောအားဖြင့်တော့ ထောင်ဝင်စာ ပုံမှန် မလာနိုင်သူတွေက ဒီလို စွန့်စားခန်းကို နေ့စဉ် ပြုလုပ်ကြရတာ။ ဦးဇင်းတို့ ထောင်ထဲ ရောက်ခါစ ရက်တွေမှာ 10-Dလို့ ခေါ်ကြတဲ့ ကျောင်းသားတွေက အများစု။ ဒီကျောင်းသားတွေက လူသစ်ဖြစ်တဲ့ ဦးဇင်းတို့ကို ဂရုတစိုက် ကူညီကြတယ်။ ဦးဇင်းတို့က ချစ်စနိုးနဲ့ အရှည်လေးလို့ခေါ်တဲ့ အောင်မျိုးကျော်ကို ဦးဇင်းတို့ တစ်ဖွဲ့လုံး ကျေးဇူးတင်ကြတယ်။ သူကနေ့စဉ် ဒိုင်ခံ ဟင်းတခွက် ဖန်တီးပေးတယ်။ သူ့အိမ်က အလျှံအပယ် ပုံမှန်လာနေပေမယ့် ထောင်ဝင်စာ မလာသူတွေ ရယ် လူသစ်တွေရယ်ကို ထောင်စကားနဲ့ ပြောရရင် ဒေါက်နဲ့ရင်း တိုက်နဲ့ရင်းပြီး သူချက်ကျွေးတယ်။

ဦးဇင်းတို့ သာယာဝတီထောင်ရောက်တော့ လူသစ်တွေကို အထူး တင်းကြပ်ထားတယ်။ ထောင်ပြောင်း ခါစဆိုတော့ အိမ်တွေကလဲ မသိကြသေးဘူး။ စားရေး အခက်အခဲကို ပထမဦးဆုံး ကြိုးစား ဖြေရှင်းကြည့် သူက ဒေါက်တာထွန်းသူ ဆရာက အင်းစိန်ထောင်မှာလဲ အနေကြာခဲ့သူ ဆိုတော့ လျှို့ဝှက် ဟင်းချက် နည်းတွေကို တတ်ထားပြီးသား။ ဒီတော့ နေ့လည် ထောင်ပိတ်ချိန်မှာ သူစွန့်စားမှု တစ်ခုကို ပြုလုပ် တယ်။ ပေးထားတဲ့ ထောင်ပုံစံ ဒန်ပုဂံပြားက ဟင်းချက်ဖို့ ဒယ်အိုးပေါ့။ ထောင်တွေမှာ နေ့လည် ၁၂နာရီထိုး ကနေ ၂ နာရီအထိ ထောင်ပိတ်ထားတယ်။ ၀န်ထမ်းတွေက အပြင်ထွက်သွားတယ်။ အကျဉ်းသားတွေကို တိုက်ခန်းတွေထဲ ထည့်ပြီး သော့ပြန်ခတ်ထားတယ်။ အင်းစိန်ထောင်မှာ အမြဲဆင်းလို့ ခေါ်ပြီး၊ သာယာဝ တီထောင်မှာတော့ ဘာယာလို့ခေါ်တဲ့ အကျဉ်းသားတွေသာ အခန်းထဲ ထည့်မပိတ်ဘဲ အပြင်မှာ ၁၂-၂ နာရီအတွင်း နေခွင့်ရတယ်။ သူတို့က သန့်ရှင်းရေး လုပ်ရတယ်။ ၅(ည)တွေ အတွက် ဝေယျာဝစ္စ လုပ်ပေးရတယ်။ တကယ်က သူတို့ကို အဲဒီအလုပ်တွေ အပြင် နိုင်ငံရေး အကျဉ်းသားတွေ လုပ်သမျှ သတင်းပို့ဖို့ သူတို့ကို ထားတာ။ တခြားထောင်တွေထက် သာယာဝတီထောင်က ချွန်တွန်း လုပ်သူ ပိုပေါတယ်။ ထောင် အခေါ် “အပ်”တွေတဲ့။ ငချွန်တွေပေါ့။ သူတို့ထဲက တစ်ယောက်က ကိုထွန်းသူ ဟင်းချက်တာကို ချက်ခြင်း သတင်းပို့တယ်။ တာဝန်ကျ ၀န်ထမ်းက ရုံးတင်မယ် ဘာညာပြောတော့ အားလုံးက ၀ိုင်းပြီး ရုံးမတင်ဖို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို ရုံးမတင် ဖြစ်လိုက်ဘူး။ မီးဖိုဖို့ ကိစ္စက ငချွန်တွေကို မတွေ့အောင် လုပ်ဖို့ မလွယ်ဘူး။ ဒီတော့ ချက်ဟင်း မစားရတော့ဘူး။ လူဆိုတာ လိုအပ်ချက်တွေကို ကြံဖန် ကျော်ဖြတ်တတ်ခဲ့ကြတာ မဟုတ်လား။ အခုနည်းလမ်း အသစ် တစ်ခုရတယ်။ အဲဒါကတော့ တိုက်ရှေ့မှာ ရှိနေတဲ့ ချဉ်ပေါင်ရွက်တွေကို ခူးတယ်။ ပလတ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကိုထည့်၊ သံစည်ပိုင်းပြတ်ထဲ ထည့်ယူလာတဲ့ တာလပေါ ဟင်းရည်ပူထဲကို ခုန ချဉ်ပေါင်ရွက်အိတ် ထည့်လိုက်တော့ ချဉ်ပေါင်ရွက်တွေ အကုန်လုံး ပြုတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ ချဉ်ပေါင်ရွက်တွေကို ဇွန်းနဲ့ချေတယ်။ လိုအပ်တဲ့ ငပိထည့်တယ်။ အချိုမှုန့်ခပ်တယ်။ ငါးခြောက်ကြော်၊ ငပိကြော်လေးကို ချဉ်ပေါင်ရွက်မွှေထဲ လိုသလောက် ထည့်လိုက်ပြီး တာလပေါ ဟင်းရည်နဲ့ ရောလိုက်တော့ စားကောင်းတဲ့ ချဉ်ပေါင်ရွက် ချဉ်ဟင်းတစ်ခွက် ရသွားတယ်။

ဒီလိုနဲ့ ပြုတ်စားခဲ့ရတဲ့ ရက်တွေ မနည်းဘူး။ အဆာကောင်းကောင်းနဲ့ ရောလိုက်တော့လည်း စားဖြစ်တဲ့ ဟင်းတစ်ခွက်တော့ ဖြစ်သွားတာပဲ။ ၀န်ထမ်းတွေ ဘာယာတွေဆိုတာကလည်း စားရေး၊ သောက်ရေး ပြည့် စုံကြတာ မဟုတ်ဘူး။ ထောင်ပိုင်၊ ထောင်မှူးတွေက ခိုင်းလို့သာ အစပထမက တင်းကျပ်ထားပေမဲ့ နောက် လပိုင်းရှိတဲ့ ဟင်းတွေ ကျွေးမွေး၊ ပါလာတဲ့ မုန့်တွေ ဝေငှရင်း ရင်းနှီးသွားကြတယ်။ ဟမ်းကောချိုင့်ထဲ ဟင်းချက်စရာ အစုံထည့် ဖိုကြီးက ပြာပူထဲ နှစ်နာရီ၊ သုံးနာရီ သွားမြှုပ်ထားရင် ဟင်းတစ်ခွက်တော့ ဖြစ် လာတယ်။ ဒါတွေ ဘာယာတွေကို စည်းရုံးပြီး လုပ်ခိုင်းရတာပေါ့။ ပါလာတဲ့ ပစ္စည်းတွေကို ဟင်းချက်စရာ ပစ္စည်း ဖြစ်အောင် ကြံဖန်ကြရတယ်။ သကြားတို့၊ ထန်းလျက်တို့ဆိုရင် အချိုမှုန့် အစားသုံးဖို့ စီစဉ်ရတယ်။ မာရီ ဘီစကွတ်တို့၊ ရွှေကျီး မုန့်ကြွပ်တို့လို ဟာမျိုးကိုတောင် ဟင်းချက်စရာထဲ ထည့်လို့ရတဲ့ အထိ လုပ်ဖြစ်လာတယ်။ အန္တရာယ် ပေးမယ့် အနီးကပ်က လူတွေကို စည်းရုံး လိုက်နိုင်တော့ ကိုယ့်အခန်းထဲမှာ ကိုယ်ချက်လို့ရတဲ့ အထိ ဖြစ်လာတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ အရာရှိ တစ်ဦးဦးတွေ့ရင် ပြစ်ဒဏ် ကျခံရနိုင်တယ်။ အပြင်က မုန့်ဟင်းခါးခြောက်တွေကို သွင်းတယ်။ ဟင်းကိုတော့ ပါလာတဲ့ ငါးကြော် ဒါမှမဟုတ် ငပိကြော် တမျိုးမျိုးနဲ့ မုန့်ဟင်းခါးဟင်း ဖြစ်အောင် ဖန်တီးတယ်။ ထောင်ဝင်းထဲမှာ စပါးလင်တွေ က ပေါများတယ်။ စပါးလင်ကို ပါးပါးလှီး၊ ထောင်း။ ငါးကြော်ကို ထောင်းပြီးတော့ မာရီဘီစကွတ် ဒါမှ မဟုတ် ရွှေကျီးမုန့်ကြွပ် တစ်ခုခုကို အမှုန့်ဖြစ်အောင် လုပ်ထားတာကို ရေနဲ့ဖျော်ပြီးရော ကျိုလိုက်တော့ မုန့်ဟင်းခါးဟင်းက ရွှေခြည်နံ့လေးကို မွှေးလို့ ဟင်းချခါနီး ထန်းလျက်ခဲလေး တစ်ခဲနှစ်ခဲလောက်များ ထည့်လိုက်ရင် ဖျာပုံ တင်တင်အေးတို့၊ ခင်ထွေးရီတို့တောင် အရှုံးပေးသွားရမယ့် ဟင်းတစ်ခွက် ရတယ်။

ထောင်ထဲမှာ ခိုးပြီး ချက်စားရပေမယ့် အကောင်းဆုံးဖြစ်အောင် ကြံဖန်ပြီး ဖန်တီးကြတယ်။ တောင်ယာတွေ ကိုယ့်ဖာသာကိုယ် စိုက်ခွင့်ရတော့ သီးနှံမျိုးစုံကို စိုက်ကြတယ်။ အလျှံအပယ်ကို စားရတယ်။ ကိုက်လန် တို့ နိုကိုဥတို့ဆိုတာ အပြင်လောကမှာ ရှားပါး ပစ္စည်းဖြစ်ပေမယ့် ထောင်ထဲမှာတော့ ပေါများတယ်။ တစ်နေ့ တာ ပုံစံထဲက ပိုနေတဲ့ ပန်းဂေါ်ဖီလို ဟာမျိုးကို ရှမ်းချဉ်လို ထည့်တယ်။ အမှုန့်ဖြစ်အောင် ထောင်းထားတဲ့ ထန်းလျက်နဲ့ သမအောင်မွှေပြီး ကော်ဘူးထဲမှာထည့် နေလှန်းထားလိုက်ရင် သုံးရက်လေးရက်လောက်ဆို စားကောင်းတဲ့ ရှမ်းချဉ်ကိုရတယ်။ ဒါကို အစိမ်းမစားချင်ရင် ကြော်ပြီးတော့ ဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ်လုပ်ရင် အပြင် ဟော်တယ်တွေမှာ ဈေးကြီးပေး စားရတဲ့ ကြံမဆိုင် ဟင်းချို၊ ကြံမဆိုင်ကြော် စားရတယ်။ မစားနိုင်တော့တဲ့ ချဉ်ဖတ်တွေကို အခြောက်လှမ်းထားလိုက်ရင် စွန်တန်ခြောက်ကို ရတယ်။ ဒီစွန် တန်ခြောက်တွေကို သေချာ သိမ်းထားပြီး လိုအပ်တဲ့အခါ ရေနွေးနဲ့ရော ကျိုပြီး စွန်တန်ဟင်းချို တစ်ခွက်ကို ရပြန်တယ်။ အချိန်ကာလနဲ့ အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။ အခက်အခဲဆိုတာ ဘယ်လောက် ရှိနေပါစေ ကျော်ဖြတ်ရမယ့် နည်းလမ်းတွေကတော့ တစ်ခုမဟုတ် တစ်ခုရှိပြီးသားပါ။ ထောင်လို အန္တရာယ်တွေနဲ့ လက်တစ်လုံးလောက် နီးတဲ့ နေရာ မှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောကက အခက်အခဲ ဆိုတာကို ဖြတ်ကျော် နည်းတွေက အမြောက်အမြား ရှိမှာပါ။ အပြင်လောကက လောကဓံနဲ့ အခက်အခဲ တစ်ခုခု ကြုံတိုင်း ထောင်ထဲက အန္တရာယ်တွေနဲ့ ကြောက်ကြောက် လန့်လန့် ကြားထဲက မဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ ဟင်းတစ်ခွက်ကို သတိရနေတုန်းပဲ။
အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါသည်
Maha Mingyi
https://www.facebook.com/photo.php?fbid=900284546652446&set=a.626297084051195.1073741826.100000127263276&type=1

0 comments:

Post a Comment