Monday, July 28, 2014

အထက်တန်း ကျောင်းသူတစ်ဦးက သူငယ်ချင်းဖြစ်သူကို ရိုက်သတ်ပြီး အပိုင်းပိုင်းဖြတ်

ဆာဆေဘို၊ ဇူလိုင်၊ ၂၈
ဂျပန်နိုင်ငံတွင် အထက်တန်း ကျောင်းသူတစ်ဦးက သူမ၏ သူငယ်ချင်းကို သတ်ပြီး အပိုင်းပိုင်း ဖြတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ဂျပန်ရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့က နိုင်ငံတောင်ပိုင်း နာဂါဆာကီ စီရင်စု အတွင်းရှိ ဆာဆေဘိုမြို့တွင် အထက်တန်း ကျောင်းသူတစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။

အသက် ၁၅ နှစ်အရွယ် အဆိုပါ ကျောင်းသူသည် စနေနေ့က သူမ၏ သူငယ်ချင်းကို ရိုက်နှက်ကာ လည်ပင်း ညှစ်သတ်ပြီး ဦးခေါင်းနှင့် လက်များကို ဖြတ်ပစ်ခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အသတ် ခံရသူမှာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပြီး လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းသူ တက်ရောက်နေသော အထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးပင် ဖြစ်ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ဝင်များသည် အသတ်ခံရသည့် မိန်းကလေး၏ အလောင်းကို လူသတ်မှုဖြင့် ဖမ်းဆီးထားသည့် ကျောင်းသူ၏ တိုက်ခန်းထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ လူသတ်မှုဖြင့် ဖမ်းဆီး ခံထား ရသော ကျောင်းသူသည် မိဘများနှင့် အတူမနေဘဲ မိမိဘာသာ အိမ်ခွဲ၍ နေထိုင်သူ ဖြစ်ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

တရားခံသည် သူမ၏ သူငယ်ချင်းကို ရိုက်နှက်ရန်အတွက် သတ္တုပစ္စည်း တစ်မျိုးမျိုးကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ထို့ပြင် လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော ကျောင်းသူက လူသတ်မှုကို သူမတစ်ဦးတည်း ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်ဟုလည်း ကျိုဒိုသတင်းဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
လူသတ်မှုတွင် ဓားစာခံဖြစ်ခဲ့သော မိန်းကလေးက သူမ၏ ဝတ်ပုံစားပုံနှင့် ပတ်သက်ပြီး အင်တာနက်ပေါ် တွင် ဝေဖန်ပြောဆိုခဲ့သဖြင့် ယခုကဲ့သို့ သတ်ဖြတ်ပြီး အပိုင်းပိုင်း ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားခံအဖြစ် ဖမ်းဆီးခံထားရသော ကျောင်းသူက ဒေသတွင်း မီဒီယာများကို ပြောကြားခဲ့သည်။

ယခု လူသတ်မှု ဖြစ်ပွားသော ဆာဆေဘိုမြို့၌ပင် လွန်ခဲ့သော ၁၀ နှစ်ခန့်ကလည်း ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦးက ၁၂ နှစ်အရွယ် သူမ၏ သူငယ်ချင်းကို ဓားဖြင့်ထိုးသတ်မှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။
The Voice Weekly

0 comments:

Post a Comment