Saturday, July 12, 2014

လိုင်းကားတစ်စီး နေအိမ်နှင့် ဆိုင်ခန်းများအတွင်းသို့ အရှိန်လွန်ပြီး ၀င်သွား

Saturday, July 12, 2014
လူနေအိမ်နှင့်ဆိုင်ခန်း များကို ၀င်တိုက်သည့် ၂၁၃ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို အတိုက်ခံ ရသောနေအိမ်ပိုင်ရှင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက အခင်းဖြစ်ပွား ရာ နေရာတွင်ပင် ဖမ်းဆီးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက်ရှိ ဧရာကားမှတ်တိုင်အနီး၌ ဇူလိုင် ၁၀ ရက် ည ၁၂နာရီက ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။အဆိုပါယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ အသွားတွင်အရှိန်လွန်ကာ နေအိမ်သုံး လုံး၊ဓာတ်ပုံဆိုင်တစ်ဆိုင်၊ စားသောက်ဆိုင်တစ်ဆိုင်တို့ကို ဆက်တိုက်ဆိုသလို ၀င်တိုက်ထိုးဝင်သွား ခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ကို အချိန်မီဖမ်းပေးနိုင်ခဲ့သည်။
‘‘ယာဉ်မောင်းနဲ့ စပယ်ယာ ကိုတစ်ခါတည်းဖမ်းထားပါတယ် ။ရဲစခန်းမှာ အမှုဖွင့်ဖို့အတွက်ကို အိမ်ပိုင် ရှင်တွေနဲ့ ညှိနှိုင်းနေပါ တယ်။ ညှိနှိုင်းတာအဆင်ပြေရင် တော့ အမှုဖွင့်မှာမဟုတ်ဘူးထင်တယ်။ ပြစ်မှု ကနှစ်ခုဖြစ်သွားတဲ့ သဘောပါ။ ယာဉ်မဆင်မခြင် မောင်းတာရယ်၊ လူနေအိမ်တွေ ဆိုင်ခန်းတွေတိုက် သွားတာတွေ က ပြစ်မှုပိုကြီးတယ်။ လမ်းဘေး က သစ်ပင်တိုက်သွားတာတောင် ပြစ် မှုတော်တော်လေးကြီးတယ်’’ ဟု အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမျိုးဆွေကပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော  ယာဉ်လိုင်းမှာ ဒဂုံတက္ကသိုလ်မှ ပုဇွန်တောင်အထိ ပြည်လမ်းအတိုင်းပြေး ဆွဲနေခြင်းဖြစ်ပြီး ဓာတ်ငွေ့ဖြည့်ရန် အသွားလမ်းကြောင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက် မှုဖြစ်ပွားချိန်တွင်  ယာဉ်ပေါ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးသာပါရှိပြီး အိမ်တွင်နေ ထိုင်သူများမှာ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် လမ်းမပေါ်၌ ပြေး ဆွဲနေသော ဆိုက်ကားသမားတစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်းမျက်မြင်တွေ့ရှိသူများ ကပြောသည်။

‘‘ဖြစ်တာက ညကတည်းကဗျ။မိုးလင်းလို့ ၉နာရီကျော်တဲ့အထိလာမဖယ်ဘူး။ အထဲမှာ ပိတ်နေတာလေ။ ဖုန်းဆက်တာလည်း ဟိုရုံး နဲ့ ဆိုင်သလို ဒီရုံးနဲ့ဆိုင်သလိုပြော တယ်။ အရင်ဆုံးရဲစခန်းကို အကြောင်းကြား ပါတယ်’’ဟု ကား အတိုက်ခံရသော နေအိမ်ပိုင်ရှင်ဦးနေစိုးကပြောသည်။

အဆိုပါယာဉ်ကို ဇူလိုင် ၁၁ရက်နေ့လယ်ပိုင်းတွင်  လာရောက်ရှင်းလင်းပေးခဲ့ပြီး  ယာဉ်တိုက်မှုကို  အရေးယူဆောင်ရွက်ရန်အတွက် ယာဉ်ပိုင်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
သူရကျော်
7Day Daily

0 comments:

Post a Comment