Friday, June 20, 2014

တောကြောင် အံ့မောင် လက်ပမ်းမောင်းခတ်မလား?

စာရေးသူ ယခင် က ဖေါ်ထုတ်ရန်ရှိသော်လဲ စာရေးသူ၏ တင်ပြမှုများတွင် သနာသနာရေး ၀န်ကြီးဌာန နှင့် သံဃာ့မဟာ နာယက ဦးဆောင်အဖွဲ့ အား တတိယအဆင့်လောက်တွင်သာ ထား၍ နေခဲ့ဘူးသည်မှာ အမှားကြီး မှားခဲ့လေပြီ..

ယခု မရေး၍မရ ရေးကို ရေးရတော့မည့်ကိန်းဆိုက်လာပြီမို့ ရေးလိုက်လေသည်။

မြန်မာနိုင်ငံ ဗဟိုသံဃာ့ဦးဆောင်အဖွဲ့ (သို့)မဟုတ် မဟန အား ၁၉၈၃ ခုနှစ် ဇွန်လတွင် ဦးနေ၀င်းမှ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာ ခေါ်ယူပြီးနောက် မွေးဖွားပေးခဲ့လေသော အဖွဲ့ဖြစ်သည်။ မဟန စတင်ဖွဲ့စည်းစဉ်ကပင် ယနေ့ မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့် အချိန်ထိ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သော သံဃာ့အရေးခင်းပေါင်း (၁၂) ခုရှိပြီး ကျောင်းတော်များအား ချိပ်ပိတ်ခြင်း ဖျက်ဆီးခြင်း သံဃာတော် များအား အဓမ္မ လူဝတ်လဲစေခြင်း ဖမ်းဆီးခြင်း စစ်ကြောရေးတွင် နှိပ်စက်ညှင်း ပမ်းခြင်း ထောင်ချခြင်း နှင့် အချို့သော ဆရာတော် မထေရ်ကြီးများပင် အကျဉ်းထောင်ထဲတွင် ဘ၀ တပါးပျံလွန်တော်မူခြင်း များ ရှိခဲ့သည်ကို စာဖတ်သူများအားလုံး လက်ခံနိုင်မည်ထင်ပါသည်။

ဦးနေ၀င်းလက်ထက်တွင် ပထမဆုံး ပြုလုပ်သည့် ၁၉၈၅ မေလ သံဃာ့ သန့်ရှင်းရေး ကိစ္စတွင် အပြီးပြတ်ချေမှုန်းသုတ်သင်ခံရရှာသော ဆရာတော်ဘုရားကြီးမှာ အထူးထင်ရှားပြီး မြန်မာ့ ဇီဝက လို့ပင် ထင်ပေါ်ခဲ့ဘူးလေသော သိမ်ဖြူ ဆရာတော်ဘုရားကြီး ရှင်နာဂသေနမထေရ်…ဆရာတော် ဘုရားကြီးအား ဖမ်းဆီးသွားခဲ့ပြီး နောက် ယနေ့ထိ အစပျောက်သွားခဲ့လေသည်မှာ အသိနိုင်ဆုံးသူသည် ဦးအံ့မောင်သာ ဖြစ်ကြောင်း မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ၏ အကြီးကဲတဦးမှာ စာရေးသူအား (၂) ကြိမ်မျှ ပြောခဲ့ဘူးသည်။

ရန်ကုန်မြို့ သိမ်ဖြူ ဆရာတော်ဘုရား၏ ကျောင်းတော်အား မိုးသည်းထန်လွန်းနေသာ ည (၁၀ နာရီ ၃၀) ခန့်တွင် ဦးအံ့မောင်ကိုယ်တိုင် စစ်ကြောရန် သနက (၃) မှ လက်နက်ကိုင်များဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး အစဖြောက်ပစ်ခဲ့လေသည်။

ထိုခေတ်က ရွှေရင်ကျော်ဂိုင်း ၊ မနော ဆေးတို့ဖတ်ဂိုင်းတို့သည် အလွန်ခေတ်စားနေပြီး ဘုန်းတော်ကြီးအချို့  ပရောဂကုနေသော အချိန်ကာလတွင် မြန့်ဆေးကျမ်းပေါင်း (၄၄) တွဲ ရေးသားခဲ့လေသော ဆရာတော်ကြီး ၏ ထက်မျက်မှုကို မနာလိုသော ဦးအံ့မောင်မှ အစဖြောက်ခဲ့ကြောင်း သနာရေး ၀န်ထမ်းဟောင်း တဦးကလည်း ပြောပြလေသည်။ တခါတရံ ကမ္ဘာအေး သာသနာ ရုံးချုပ်တွင် ဦးအံ့မောင်မှ “ ဒီကိုယ်တော် တွေလောက်ကတော့ ဘာအရေးလဲကွာ …သိမ်ဖြူ ကိုယ်တော်ကို ငါ ကိုယ်တိုင်ရှင်းခဲ့တာ” ဟုပင် စိတ်တိုတိုဖြင့် ပြောလေ့ရှိလေသည်။

၁၉၈၈ အရေးခင်းဖြစ်ပေါ်သော ကာလတွင် ဦးအံ့မောင် သမ္မတ ရူးသော ရောဂါ ထလာသည်ဟု သူနှင့် နီးစပ်သော အသိုင်းဝိုင်းမိတ်ဆွေ တဦးမှ ပြောပြပြန်လေသည်။ သံဃာတော်များ ၁၉၈၈ အရေးခင်းတွင် ပါဝင်ဆန္ဒပြလာခြင်း ရဟန်းပျို သမ္မဂ္ဂများ ပေါ်ပေါက် လာခြင်းတို့အား ဦးအံ့မောင်မှ ဦးနေ၀င်းထံသို့ သွားရောက်၍ မျက်နှာလို မျက်နှာရဖြင့် အဆိုပါ သံဃာများအား ပစ်ခတ်ဖြေရှင်း ထိုက်ကြောင်း ဖမ်းဆီး ထောင်ချလျင်လည်း အကုသိုလ်မဖြစ်ကြောင်းတို့အား ဦးနေ၀င်းနှင့် အနီးကပ်ရှိနေသူ ဦးခင်ညွန့် (ဗိုလ်မှူးချုပ်) ခင်ညွန် ၏ အရှေ့မှာ ပင် သံတော်ဦး တင်ခဲ့လေကြောင်း သိရသည်။

ဦးအံ့မောင်၏ သံတော်ဦး လျောက်တင်မှုများအား ဦးနေ၀င်း မှ အလွန်ပင် နှစ်ထောင်း အားရကြောင်း ထိုနောက် သံဃာတော်များအား ဖမ်းဆီးပြီးနောက် လူဝတ်လဲစေခြင်း ကိစ္စများအား သံဃာ့ မဟာ နာယက အဖွဲ့၏ ၀ိနည်း ၀ိဇထိုများဖြင့် စီရင်စရာ မလိုအပ်ပဲ ဦးအံ့မောင်မှ မြန်မာ့ စစ်ထောက်လှမ်းရေး တပ်ဖွဲ့အသီးသီးသို့ ရေးသားပေးပို့ထားသော စာတစောင်အား ဖတ်ပြယုံဖြင့် သင်္ဃန်း ချွတ်ချခဲ့ခြင်း လူဝတ်လဲစေခြင်းများ ပြုလုပ်ခဲ့ကြောင်း ( ၂၀၀၃) ခုနှစ် နိုဝင်ဘာလတွင် ထိုင်းမြန်မာ နယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာသော စစ်ဘက်ထောက်လှမ်းရေး အရာရှိတဦးမှ ပြောပြလေသည်။

၁၉၈၉ ခုနှစ်အစောပိုင်းတွင် ဖမ်းဆီးခံရသော မန္တလေးမှ ဂဋုံဏီ ဆရာတော်အား သင်္ဃန်းချွတ်၍ လူဝတ်လဲကာ အလုပ်ကြမ်းနှင့် သေဒဏ်အား ချမှတ်ရန် လုပ်ဆောင်ခဲ့သော အနောက်မှ တွန်းအားပေးသူမှာ ဦးအံ့မောင်ဖြစ်ကြောင်းလည်း သိရလေသည်။

၁၉၈၈ အရေးခင်းကာလတွင် ဦးမောင်မောင်အား လူထုမှ လက်မခံ၍ ဆက်တိုက်ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများအား ၄င်းမှ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ကြောင်း နှင့် ၄င်းအား ကိုင်တွယ်ခွင့်ရှိသော အခွင့်ရာထူးအား ပေးအပ်ပါရန် ဦးနေ၀င်းထံ လူကိုယ်တိုင် လာရောက်၍ တောင်းခံခဲဘူးကြောင်း၊ ဦးနေ၀င်းမှ “ဟေ့…အံ့မောင် ..မင်း ပေါက်ပမ်းလေးဆယ်တွေ မပြောနဲ့ကွာ …မင်း နိုင်တဲ့အဖွဲ့က ဘုန်းကြီးတွေမဟုတ်လား…အဲဒါ မင်း ဘုန်းကြီးတွေပဲ ထိန်းကွာ” ဟု ပြောလွှတ်ခဲ့ဘူးသည်ဟု သိရသည်။

၁၉၈၈ အာဏာသိမ်းပြီးနောက် အရေးပေါ် ဖွဲ့စည်းခဲ့သော စစ်အစိုးရတွင် ဦးအံ့မောင် ပါဝင်ရန် ငမ်းငမ်းတက် ဖြစ်ခဲ့သော်လည်း စစ်အစိုးရ မို့ အရပ်သားနှင့် ဘုန်းကြီး လူထွက်များအား ဘေးဖယ်ဖွဲ့စည်းခဲ့ပြီးနောက် ဦးအံ့မောင်အား ဘာသာ သာသနာရေးဆိုင်ရာ အကြံပေး နာယက နေရာတွင် ထားပေးကာ အာဏာသိမ်း စစ်အစိုးရမှ ပြန်လည် အသုံးပြုခဲ့လေသည်။

၁၉၉၀ ခုနှစ် ဇွန်လတွင် အပြင်းထန်ဖြစ်ပေါ်လာသော မန္တလေး သံဃာတော်များ၏ ကံဆောင်မှု သပိတ်အား အပြီးပြတ် လက်စလက်န မကျန်အောင် ရှင်းလင်းရန်နှင့် ရှင်းလင်း နိုင်ကြောင်းအား ဦးအံ့မောင်မှ ဗိုလ်ချုပ်ကြီး စောမောင်ထံသို့ တိုက်ရိုက် တင်းသွင်းသော ၄င်း၏ စာချွန်လွှာနှင့် ကိုင်တွယ်ရန် နည်းနိသသျှ တို့အား ထိုအချိန်တွင် စစ်ရုံးတွင် တာဝန်ထမ်းဆောင်နေခဲ့ဘူးသော စစ်အရာ၇ှိတဦးမှ ပြောဆိုပါသည်။

ဘာသာရေးကိစ္စများနှင့်ပတ်သက်သော အစ္စလမ်ဘာသာဝင်များ ၊ ခရစ်ယန် ၊ ဟိန္ဒြူ ၊ ဗုဒ္ဓဘာသာ စသော ဘုရားတည် ကျောင်းဆောက် တရာစခန်း နောက်ဆုံးဆရာကြီး ဂိုအင်ဂါ၏ ဓမ္မရိပ်သာ များပါမကျန် သာသနာရေးဆိုင်ရာ လုပ်ငန်း တခုခု ပတ်သက်လာလျင် ဦးအံ့မောင် ထံသို့ ပြေး၍ လဒ်ပေးခဲ့ရကြောင်း အဖြစ်များ ထောင်နှင့်ချီလောက်အောင်ပင်ရှိခဲ့လေသည်။

ဦးအံ့မောင် စစ်အစိုးရ ဗိုလ်ချုပ်ကြီး စောမောင်း နှင့် ပေါင်းပြီး မန္တလေးက သံဃာတော်များ အား မည်သို့ မည်ပုံ နှိပ်စက် ခဲ့ကြောင်းလေးကို တော့ စာရေး သူ အောက်မှာ အကျဉ်းရုံး ဖေါ်ပြပါရစေ…….
၁၉၉၀ မန္တလေး နဲ့ ရန်ကုန် မှာရှိတဲ့ သံဃာတော် တွေကို အာဏာပိုင် တွေက ဆက်တိုက် ဆိုသလိုပဲ ဖမ်းဆီး ထောင်ချ တာတွေ ပြုလုပ် လာကြပါတယ်။ အဲဒီအချိန် မှာ ဆရာတော် ဦးကောဝိဒ (သံဃာ့ ဥသျှောင် ဆရာတော်၊ အမေရိကား မှာ ပျံလွန်တော်မူ) နဲ့ ဆရာတော် ဦးရာဇဓမ္မဘိဝံသ ကို ဦးဆောင် သံဃာတော် တွေ အပါအ၀င်၊ ရန်ကုန်မှာ ရှိတဲ့ မေဒိနီ ဆရာတော် ဦးဉာဏ၀ံသ၊ မဟာဗောဓိ ဆရာတော် ဦးပဏ္ဍိတ ဘိဝံသ၊ ရွှေဘုန်းပွင့် ဆရာတော် ဦးဗြဟ္မသီရိ၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလ လင်္ကာရ၊ အင်းစိန် ရွာမ ဆရာတော် ဦးတိလောက ဘိဝံသ အပါအ၀င် ဆရာတော် သံဃာတော် တွေ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တွေ အသီးသီး ချမှတ်ခြင်း ခံကြရရှာပါတယ်။

ဒါ့အပြင် ဦးရေ၀တ၊ ဦးက လျာဏ၊ ဦးကာဝိယ တို့ကို သက်ဆိုင်ရာ က သေဒဏ် များ ချမှတ်ခဲ့ပြီး ဒေါက်တာ သြသဓ အပါအ၀င် သံဃာ ငယ်များစွာ ကို ပြစ်ဒဏ် တွေ အသီးသီး ချမှတ် ခဲ့တယ်။

““အဲဒီတုန်း က ၁၉၉၀ ပြည့်နှစ် မန္တလေး ပတ္တနိက္ကုစ္စန ကံဆောင် တဲ့ အထဲမှာ ပါဝင်တဲ့ သဘာပတိ ဆရာတော် ဦးဉာဏိကာ ဘိဝံသ ကို အာဏာ ပိုင်တွေ က အသည်းအသန် လိုက် ဖမ်းခဲ့တယ်။ ဆရာတော်နဲ့ ဘွဲ့နာမည် တူတဲ့ သံဃာတော် (၁၃) ပါး အဖမ်း ခံကြရတယ်။ အဖမ်း ခံကြရတဲ့ သံဃာ တော် (၁၃) ပါးထဲက အချို့သံဃာ တော်တွေ ထောင်ထဲမှာ ပျံလွန်တော် မူခဲ့ကြရ ပါတယ်။ ဆရာတော် ဦးဉာဏိကာ ဘိဝံသက တော့ တိမ်းရှောင် နေရင်း လွတ်မြောက် ခဲ့ တယ်။

အာဏာပိုင် တွေဘက်က ဆရာတော် သံဃာတော် တွေကို ဖမ်းဆီး ထောင်ချကြ တဲ့အခါ အချို့တရား ရေးဌာနမှ ၀န်ထမ်းများ ဆိုလျှင် သာသနာ ရေးဝန်ကြီး ဌာနရဲ့ ညွှန်ကြားရေး မှူးချုပ် ဖြစ်တဲ့ ဦးအံ့မောင်၏ ဖိအားနဲ့ အမိန့် ပေးခိုင်း စေခံ ရတာကြောင့် စိတ်ဝေဒနာ ဖြစ်သွား တာမျိုးတွေ ရှိခဲ့တယ်။
““ဆရာတော် ဦးကောဝိဒ ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် သုံးနှစ် စစ်ခုံရုံးက အရာရှိ တွေ ကိုယ်တိုင် ဦးအံ့မောင် မှ ညွန်ကြားလွှာကို စောင့်ပြီး အမိန့်ချရကြောင်း သိရပါတယ်။

ဆရာတော် ဦးကောဝိဒ အကျဉ်းထောင် ထဲရောက် တဲ့အခါ အာဏာပိုင် တွေက ချွတ်ပြီး အကျဉ်းထောင် ၀တ်စုံ လဲခိုင်းတဲ့ အခါမှာ တော်လဲ သံတွေနဲ့ အတူ ငလျင် အကြီးအကျယ် လှုပ်သွား တယ်လို့ သိရတယ်။ အဲဒီမှာ ဆရာတော်ကြီး က ရဟန်းရဲ့သိက္ခာ ဆိုတာ သင်္ကန်းမှာ တည်တာ မဟုတ်ဘူး၊ သီလသမာဓိ ပေါ်မှာ တည်တယ် ဆို ပြီး ရဲရဲတောက် မိန့်ကြား ခဲ့တယ်ဆို တာ အကျဉ်းထောင် ထဲမှာ ဆရာတော်ကြီး နဲ့ အတူ ရှိခဲ့တဲ့ သံဃာတော် တွေက ပြန်မိန့်ကြား လို့ သိရတယ်။
ပတ္တနိက္ကုစ္စန ကံ ဆောင်ကြတဲ့ ဆရာတော် သံဃာတော် တွေအပေါ် ပြစ်မှား ခဲ့တဲ့ ကံတွေ အရ သူတို့ရဲ့ လက်ရှိ ဘ၀မှာ လည်း ဗိုလ်ချုပ်မှူးကြီး စောမောင် ဆိုရင် တာဝန် ကို ဆုံးခန်း တိုင်အောင် မထမ်းဆောင် လိုက်ရဘဲ ဆုံးပါးခဲ့ရ တာ၊ အားလုံး ပါ။

စစ်တပ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ လူကြီးသား သမီး အချို့ဆိုရင် ဆွံ့အနားမကြား တာမျိုးတွေ မွေးဖွား လာတယ်လို့ တောင် ပြန်ကြား ရတယ်။ စစ်ဘက် ဆိုင်ရာ ခေါင်းဆောင်ပိုင်း အတော် များများ ဆိုရင်လည်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ ပဲ ဘ၀ကို ဖြတ်သန်း နေရတာ တွေရှိတယ်။
ခုတော့ သံဃာတော်တွေအပေါ် သတ်ဖြတ် နှိပ်စက်ခဲ့သော တောကြောင်တကောင်၏ အလှည့် ဘယ်လို ဆိုက်ရောက်လာတော့မည်ကို စာရေးသူ အချက်လက် ပိုင်ပိုင်နှင့် ဆက်လက်၍ မနက်ဖြန် ဇွန်လ ( ၂၁) ရက်တွင် တင်ပြပေးသွားမည်ကို စောင့်မျော်ကြပါလို့ မေတ္တာရပ်ခံလျက်………….

စာဖတ်သူများအား အထူးကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

0 comments:

Post a Comment