Saturday, June 14, 2014

မဟာသန္တိသုခမှ သံဃာငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ပို့

မဟာသန္တိသုခကျောင်းတိုက်ကို ချိပ်ပိတ်စဉ် ( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
On Sat, 2014-06-14
မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး ဖယ်ရှား အရေးယူခံထားရသော ပီနန် ဆရာတော်ကြီး၏ တပည့်အရင်းဖြစ်သူ ဆရာတော်ဦးဥတ္တရ(အင်္ဂလန်)နှင့် သံဃာလေးပါးအား  ဇွန်လ ၁၃ ရက်က လူဝတ်လဲကာ တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်ဦးဥတ္တရ(အင်္ဂလန်) နှင့် သံဃာတော် လေးပါးအား သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

‘‘ဦးဉ္စင်းကြားတာက ဒီနေ့ ပြန်လွှတ်မယ်လို့ ကြားတာပါ။ ဘာဖြစ်လို့ လူဝတ်လဲလိုက်တာလဲ။ သူတို့က လူဝတ်လဲချင်တိုင်း လဲလို့ရတယ်လား’’ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော် ဦးပညာဝံသက မိန့်သည်။

‘‘ဒီနေ့ပဲ လူဝတ်လဲလိုက်တယ်ပြောလို့ တာမွေတရားရုံးကို လိုက်သွားပါတယ်။ ဦးဥတ္တရနဲ့ သံဃာလေးပါး လူဝတ်လဲခံရတာ ဟုတ်ပါတယ်။ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ဇွန် ၂၀ ရက်နေ့မှာ တာမွေတရားရုံးမှာပဲ ရုံးထုတ်မယ်လို့ သိရပါတယ်’’ဟု ဆရာတော် ဦးဥတ္တရ(အင်္ဂလန်)နှင့် သံဃာ လေးပါးအား လူဝတ်လဲခံရ မှုနှင့်  ပတ်သက်ပြီး တာမွေတရားရုံးသို့ သွားရောက်ခဲ့သူ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တိုင်းသံဃနာယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က ၀င်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များအား ဖယ်ရှား၍ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

ကျောင်းတိုက် ချိပ်ပိတ်ဖယ်ရှားချိန်တွင် ကျောင်းတိုက်အတွင်း၌ရှိနေသော အင်္ဂလန်ဆရာတော် အပါအ၀င် သံဃာကိုးပါးအား သံဃာ့လုပ်ထုံးလုပ်နည်းများဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် ၃၂ ဦး အား တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
7Day Daily

0 comments:

Post a Comment