Tuesday, June 17, 2014

သန္တိသုခ သံဃာ ထိန်းသိမ်းခံရခြင်းအပေါ် သမ္မတရုံးတုံ့ပြန်မှု ဆရာတော်အချို့ အပြင်းအထန်ကန့်ကွက်

Tuesday, June 17, 2014
မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်ခံရပြီး သံဃာတော်အချို့ လူဝတ်လဲကာ ထိန်းသိမ်းခံရသည့်ဖြစ်စဉ် တွင် နိုင်ငံတော် သမ္မတရုံး၏ တုံ့ပြန်မှုကို လူသိများသည့် ဆရာတော်များက အပြင်းအထန် ဝေဖန် လိုက်သည်။

 မဟာသန္တိသုခကျောင်းတိုက်ကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် သာသနာရေးဝန်ကြီးဌာနကို ကိုယ်စားပြု၍ ရှင်းလင်းပြောကြားခြင်းသာဖြစ်ကြောင်း သမ္မတရုံးက တုံ့ပြန်သည်။

နိုင်ငံတော်သမ္မတရုံး   အကြံပေးပုဂ္ဂိုလ်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ဦးအံ့မောင် သည် နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် လုံးဝမဟုတ်ကြောင်း၊ အမည်မဖော်ပြထားသည့် နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက   ပြောကြားကြောင်း ဇွန်လ ၁၅ ရက်ထုတ် ပုဂ္ဂလိကသတင်းစာအချို့တွင် ပါဝင်ခဲ့သည်။

‘‘အဲဒါသူတို့ဘက်က ဗြောင်လိမ်တာ’’ဟု ရွှေဝါရောင်သံဃာတော်များ ကွန်ရက်မှ ဆရာတော်တစ်ပါးဖြစ်သူ အရှင်ပဏ္ဍိဝံသက မိန့်သည်။

သတင်းစာရှင်းလင်းပွဲအပြီး နောက်တစ်နေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် ဦးအံ့မောင် ကို နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဟု ဖော်ပြထားခြင်း၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်မဟုတ် ဟုဆိုသော်လည်း ယင်းရာထူးကို အသုံးပြုခဲ့သည့် ဦးအံ့မောင်အား တစ်စုံတစ်ရာအရေးယူမှုမပြုခြင်း တို့သည် အစိုးရ၏ ပြောစကားများနှင့် လုပ်ရပ် ကွဲလွဲနေကြောင်း ရွှေဝါရောင်သံဃာတော်များကွန်ရက်မှ ဆရာတော်များက မိန့်သည်။

‘‘ဘယ်လိုဘဲ ခေါင်းရှောင်ရှောင် ဒါကအစိုးရတစ်ဖွဲ့လုံးရဲ့ ပေါ်လစီနဲ့ ဆိုင်တယ်။ အစိုးရ တစ်ဖွဲ့လုံးရဲ့ တာဝန်လို့မြင်တယ်’’ ဟု ရွှေဝါရောင်သံဃာတော်ကွန်ရက်မှ ဆရာတော် အရှင်စန္ဒာသီရိ မိန့်သည်။

ယင်းပြဿနာများမဖြစ်ပွားမီတွင် မဟာသန္တိသုခကျောင်းတိုက်မှ ဖယ်ရှားရန် မလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်မှတစ်ဆင့် ပီနန် ဆရာတော်ကြီးထံ သူအပါအ၀င် ရဟန်း နှင့် လူပရိသတ်များရှေ့တွင် သတင်းစကားပါးခဲ့ကြောင်း၊ သို့သော်လည်း နောက်တစ်လအကြာတွင် အကြမ်းဖက်မှုအသွင် ဖြစ်ပွားခဲ့ကြောင်း  အရှင်ပဏ္ဍိဝံသက မိန့် သည်။

‘‘အဲဒီလူ(ဦးညိုအုန်းမြင့်) က ဘယ်ကလူမို့လို့လဲ။ နိုင်ငံခြားသားမဟုတ်ဘူးလေ။ သမ္မတရုံးတို့ Peace Center တို့က တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ပဲ’’ဟု အရှင်ပဏ္ဍိဝံသကမိန့်သည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်က ဦးညိုအုန်းမြင့်မှ တစ်ဆင့် ပီနန်ဆရာတော်ထံ သတင်းစကားပါးခဲ့ သည်မှာ မဟုတ်မှန်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမသတင်းဌာနအား ပြောကြား ခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်သည့်ဖြစ်ပွားခဲ့သော ပြဿနာများသည် အစိုးရတွင် တာဝန်ရှိကြောင်း  ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်သည့် ရွှေည၀ါဆရာတော်ကလည်း ဇွန်လ ၁၅ရက်က မိန့်ကြားလိုက်သည်။
ထွန်းခိုင်/အောင်ခိုင်
7Day Daily

0 comments:

Post a Comment