Tuesday, June 10, 2014

ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ထဲမှ ဝေါလ်မတ် နိုင်ငံခြားရေးဝါဒ

“ဟောသည် ကမ္ဘာသစ်ကြီးနဲ့ လိုက်ဖက်ညီအောင် တုန့်ပြန်ရမယ့် အလုပ်က ခင်ဗျားတို့ မျိုးဆက်တွေရဲ့ တာဝန်ပဲ။ လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ကမ္ဘာကြီးကို အမေရိကန်က ဦးဆောင်မလား၊ ဦးမဆောင်ရဘူးလား ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ ကမ္ဘာကြီးကို အမေရိကန်က ဘယ်လို ဦးဆောင်မလဲ ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဆိုတာ အမေရိကန်တစ်ဦးတည်း ပြဿနာ မဟုတ်ဘူး။ ကမ္ဘာတစ်ခုလုံး နေရာအနှံ့အပြားရဲ့ ပြဿနာကြီး ဖြစ်ပါတယ်။”

(အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား၏ ဝက်စ်ပွိုင့် အမေရိကန်စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ မိန့်ခွန်းမှ)
Tuesday, 10 June 2014
ဝက်စ်ပွိုင့် စစ်တက္ကသိုလ်သည် သက်တမ်းအရှည်ဆုံး အမေရိကန် စစ်တက္ကသိုလ်ကြီး ဖြစ်ပြီး ဂျော့ဝါရှင်တန် ၏ တိုက်တွန်းမှုဖြင့် ၁၈၀၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ပေါ်ထွက်လာသည်။ ထိုစစ်တက္ကသိုလ်မှ အမေရိကန်သမိုင်းတွင် ထင်ရှားသော စစ်ခေါင်းဆောင်ကြီး အများအပြားကို မွေးထုတ်နိုင်ခဲ့ပြီး ယင်းတို့ အနက် အမေရိကန် ပြည်တွင်းစစ်အတွင်း ကျော်ကြားခဲ့ကြသော ဗိုလ်ချုပ်ယူလ်ဆီးဂရန့်၊ ဗိုလ်ချုပ်ဝီလျံရှား မင်းတို့မှ စ၍ ဒုတိယကမ္ဘာစစ်ကာလ ဗိုလ်ချုပ်ကြီးများ ဖြစ်သော အိုင်စင်ဟောင်ဝါ၊ ဒေါက်ဂလပ်စ် မက်အာ သာ၊ အိုမာဘရက်ဒလီ စစ်ပြီးကာလ နောက်ပိုင်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဟိတ်နှင့် အာဖဂန်စစ်ပွဲ စစ်ဦးစီးချုပ် စတန်လီခရိုင်စတယ် စသူများ ပါဝင်လေသည်။ ထိုကဲ့သို့သော အထင်ကရ စစ်တက္ကသိုလ်ကြီးတွင် သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်း ဖြစ်သော အိုဘားမား၏ ပြော ကြားချက်သည် အမေရိကန်နိုင်ငံ၏ အနာဂတ် စစ်ရေး၊ အနာဂတ် နိုင်ငံရေးများနှင့် ပတ်သက်နေမည်ကို အထူးပြောဖို့ မလိုတော့ပေ။

သမ္မတအိုဘားမား၏ မိန့်ခွန်းအပေါ် တုန့်ပြန်မှု အမျိုးမျိုးလည်း ထွက်ပေါ်လာလေသည်။ အချို့က အိုဘား မား၏ ရေရှည် နိုင်ငံခြားရေးမူဝါဒ အမြင်သည် ချုပ်တည်းနိုင်လေလေ ပိုမိုအားကောင်းလေလေ မူဝါဒဖြစ် သည်။ စစ်ကို ငြီးငွေ့နေသော အမေရိကန်များက ဝမ်းသာအားရ ကြိုဆိုမည့် မူဝါဒ ဖြစ်သည်ဟု ဆိုပါသည်။ အချို့ကတော့ အိုဘားမားသည် ပြည်ပရေးရာ ကိစ္စများတွင် အမေရိကန်၏ ခြေတွေလက်တွေကို ချည်နှောင် ဖို့ ကြိုးစားနေသည်ဟု ယူဆကြသည်။ ထို့ကြောင့် သူ့မိန့်ခွန်းပါ အချက်အချို့ကို အရင်ဆုံး ထုတ်နုတ် ဖော်ပြလိုပါသည်။

“အခု ဆက်မယ့် ပြဿနာက အသစ်တော့ မဟုတ်ပါဘူး။ ဂျော့ဝါရှင်တန် ကာကွယ်ရေးဦးစီးချုပ် လုပ်စဉ်က တည်းက ရှိလာခဲ့တဲ့ ပြဿနာပါ။ အဲဒါကတော့ အမေရိကန်တွေဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက် စွက်ဖက် တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ လုံခြုံရေး၊ ဒါမှမဟုတ် စီးပွားရေး စည်ပင်ကြွယ်ဝမှုကို ထိခိုက်ခံလို့ မဖြစ်ဘူးဆို တဲ့ ပြဿနာပဲ။ ဒီအချက်ကို ကိုယ့်ကိုကိုယ် Realist လက်တွေ့ အရှိဖြစ်ရပ်ကိုပဲ လက်ခံတဲ့ အမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေက တစ်လျှောက်လုံး ထောက်ပြကြတယ်။ ဒီနေ့ ယူကရိန်း ပြဿနာ၊ ဆီးရီးယား ပြဿနာ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ ပြဿနာတွေဟာ အမေရိကန် ဝင်ရှင်းရမယ့် ကိုယ့်ပြဿနာ မဟုတ်ဘူးလို့ ပြောကြတယ်။
တစ်ဖက်မှာတော့ Interventionist ဆိုတဲ့ ပါဝင်စွက်ဖက်ရေးကို တောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ အဲဒီအုပ်စုထဲမှာ လက်ဝဲရော လက်ယာပါ ပါတယ်။ ဒီအမြင်အရ ဝရုန်းသုန်းကား ဖြစ်ပြီး ရှုပ်ယှက်ခတ်နေတဲ့ အန္တရာယ်ကို ကာကွယ်ဖို့ဆိုရင် နောက်ဆုံး နည်းလမ်းဟာ တစ်ခုပဲ ရှိတယ်။ အမေရိကန်အနေနဲ့ ကမ္ဘာအနှံ့ အင်အားသုံးပြီး ပါဝင်စွက်ဖက်ရမယ်လို့ သူတို့ ယူဆတယ်။

အဲဒီအမြင် နှစ်ခုစလုံးမှာ သက်ဆိုင်ရာ သမိုင်းအထောက်အထားတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမဲ့ မျက်မှောက် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အဖြေတွေကို ဒီအမြင်နှစ်ခုစလုံးက အပြည့်အဝ မပေးနိုင်ဘူးလို့ ကျွန်တော်ထင်တယ်။

ကျွန်တော်ကိုင်စွဲတဲ့ အရေးကြီးဆုံး မူကတော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံကြီးမှာ အမြဲတစေ ဦးဆောင်နေရမယ်။ ဒီတာဝန်ကို အမေရိကန်ကလွဲရင် တခြားဘယ်နိုင်ငံမှ မထမ်းဆောင်နိုင်ဘူး။ အဲဒီ ဦးဆောင်မှုရဲ့ ကျောရိုးနေရာမှာ ဘယ်သူရှိသလဲ ဆိုတော့ အခု ခင်ဗျားတို့ ရောက်နေတဲ့ စစ်အင်အားတွေ ရှိလိမ့်မယ်။ သို့သော် အမေရိကန် စစ်ရေး ဆောင်ရွက်ချက်ဟာ အမေရိကန် ခေါင်းဆောင်မှု ပေးနေ တဲ့ နေရာတိုင်းမှာ ပါဝင်တယ် ဆိုပြီး အဓိပ္ပာယ်မပေါက်မိဖို့ လိုတယ်။ သံရိုက်တဲ့ တူအကောင်းစား လက်ထဲမှာ ရှိနေတဲ့အတွက် ပြဿနာတိုင်း နေရာတိုင်းကို ရိုက်ရမယ့် သံတွေလို့ မမြင်သင့်ပါဘူး။

ကျွန်တော် သမ္မတ ဖြစ်လာကတည်းက တစ်စိုက်မတ်မတ် ကျင့်သုံးခဲ့တဲ့ မူတစ်ခုကတော့ အမေရိကန်ဟာ စစ်အင်အားကို သုံးတယ်၊ သုံးလည်း သုံးမယ်။ လိုအပ်ရင် ကိုယ့်ဘာသာ တစ်နိုင်ငံတည်း ဆုံးဖြတ်ပြီး သုံးမယ်။ ဘယ်အချိန်မှာ ဒီအင်အားကို သုံးမလဲ။ အမေရိကန်ရဲ့ အရင်းခံ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုချိန်၊ အမေရိကန်လူမျိုးတွေ အခြိမ်းခြောက်ခံရချိန်နဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေ ဘေးအန္တရာယ် ကျရောက်နေချိန်တွေမှာ သုံးမယ်။ ဒီအခြေအနေမျိုး ကြုံတွေ့နေရင် စစ်အင်အား သုံးလိုက်ခြင်းကြောင့် ထိရောက်မှု ရှိ မရှိ၊ အချိုးအစား မျှမမျှဆိုတဲ့ မေးခွန်းတွေ ကိုယ့်ဘာသာ ပြန်မေးတာ ရှိရင် ရှိမယ်။ ဒါပေမဲ့ အမေရိကန်ဟာ ဘယ်သူ့ဆီကမှ ကိုယ့်လူမျိုးကိုယ် ကာကွယ်ပါရစေ၊ ကိုယ့်အမိမြေ ကိုယ်ကာကွယ်ပါရစေ၊ ကိုယ့်ဘဝနေနည်း ကိုယ်ကာကွယ်ပါရစေ ဆိုပြီး ခွင့်ပြုချက် တောင်းစရာ မလိုဘူး...”

အထက်ပါ မိန့်ခွန်းနှင့် ပတ်သက်ပြီး AFP ဝေဖန်သုံးသပ်ရေးဆရာ ဂျင်ဝပ်ဆင်က အိုဘားမား၏ နိုင် ငံခြားရေးမူဝါဒကို Walmart Foreign Policy ဟု အမည်ပေးလိုက်လေသည်။ Walmart သည် အားလုံးသိကြသည့်အတိုင်း လက်လီကုန်ပဒေသာ စတိုးဆိုင် လုပ်ငန်းကြီး ဖြစ်ပြီး ထိုလုပ်ငန်းကြီး ရှင်သန်နေခြင်းမှာ ကုန်ကျစရိတ် နည်းနိုင်သမျှ နည်းရေးနှင့် စွန့်စားမှု အန္တရာယ် ကင်းနိုင်သမျှ ကင်းရေးမူဝါဒ ကျင့်သုံးနေသောကြောင့် ဖြစ်သည်။ အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒလည်း Walmart ဆိုင်ကြီး၏ မူဝါဒကဲ့သို့ ကျန်ကျမှု နည်းနည်း၊ စွန့်စားမှု နည်းနည်းဖြင့် အမေရိကန်၏ ဦးဆောင်မှု နည်းသစ်ကို လမ်းကြောင်းနေသည်ဟု ဂျင်ဝပ်ဆင်က ဆိုပါသည်။

အိုဘားမား၏ မိန့်ခွန်းသည် မိန့်ခွန်းနှင့် မတူဘဲ ယခင်က သူ၏ လုပ်ဆောင်ချက်များအတွက် လျှောက်လဲ ချက် ပေးနေသည်နှင့် တူသည်။ သူ၏ လုပ်ဆောင်ချက် ဆိုရာတွင် မည်သည့်ကိစ္စတွင် အဘယ့်ကြောင့် အရေးယူကိုင်တွယ်ခြင်း မပြုခဲ့ကြောင်း၊ မည်သည့် အရေးအခင်းကို အဘယ့်ကြောင့် ထိထိရောက်ရောက် မတုံ့ပြန်ခဲ့ကြောင်း ဆင်ခြေဆင်လက် ပေးနေခြင်း ဖြစ်သည်ဟု သူက ရေးလေသည်။ ထို့အပြင် နည်းဗျူဟာ ,အရ အိုဘားမားသည် အလယ်အလတ်တန်းစား ပြဿနာများ Middle Game ကိုပင် ကောင်းကောင်း မကစားတတ်သူ ဖြစ်သည်။ မျက်မှောက်ကမ္ဘာသည် စစ်ပွဲကြီးများ၊ ထိပ်တိုက်ရင်ဆိုင်မှုကြီးများ သိပ်မရှိလှဘဲ Middle Game များသာ ပေါ်လေ့ရှိသဖြင့် ယင်းကို မဖြေရှင်းနိုင်ခြင်းမှာ အကြီးဆုံး ပျော့ကွက်ဖြစ်သည်ဟု ဆိုပါသည်။ အိုဘားမားသည် Walmart နည်းအတိုင်း ကုန်ကျစရိတ် နည်းရေးကို ဦးစားပေး၍ Minimalist (အနည်းဆုံး အလွယ်ဆုံး လမ်းလိုက်သူ) လုပ်ခဲ့ကြောင်း၊ ခရိုင်းမီးယား ပြဿနာတွင် ပူတင်၏ ခရိုနီတစ်စုကို Sanctions ဒဏ်ခတ်ခြင်း၊ အင်တာနက် သတင်းအချက်အလက်ခိုးသူ တရုတ်စစ်ဗိုလ်အချို့ကို တရားရုံးသို့ လာမည် မဟုတ်မှန်း သိလျက်နှင့် တရားစွဲခြင်း၊ ဆီးရီးယား အာဏာရှင် အာဆတ်၏ ရက်စက်မှုကို မစို့မပို့ ဟန့်တားခြင်းတို့သာ ပြုခဲ့ကြောင်း ဝေဖန် ထောက်ပြခဲ့လေသည်။ ထိုမိန့်ခွန်းတွင် no good choice ဆိုသည့် ဆီသည်မ လက်သုတ်ဖတ် စကားလုံးကို အကြိမ်ပေါင်းများစွာ သုံးထားပြီး လက်တွေ့ အလုပ်လမ်း ညွှန်ဟူ၍ ရေရေရာရာ မပါကြောင်းကိုလည်း ဖော်ပြခဲ့သည်။

ဤနေရာတွင် နိုင်ငံတကာလုံခြုံရေးနှင့် ပက်သတ်၍ နိုင်ငံရေး ချဉ်းကပ်ပုံ အမျိုးမျိုးရှိကြောင်း အထူး မဖော်ပြတော့ပါ။ လုံခြုံရေးကိစ္စသည် နိုင်ငံရေးတွင် ထိပ်တန်းမှ ပါဝင်နေလေသည်။ ပြည်တွင်းနိုင်ငံရေးတွင် လုံခြုံရေးကို သက်ဆိုင်ရာ ပိုင်နက်အတွင်းရှိ အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်တစ်ရပ်က ဖြေ ရှင်းနိုင်သော်လည်း နိုင်ငံတကာ လုံခြုံရေးတွင်မူ မတူသည့် အုပ်စုများ မတူသည့် အကျိုးစီးပွားများအကြား ထိန်းချုပ်ပေးမည့်သူ ကင်းမဲ့လျက် ရှိသည်။ ထိုအခြေအနေတွင် နိုင်ငံအသီးသီးသည် မိမိလုံခြုံရေးကို မိမိတာဝန်ယူလာရပြီး ထိပ်တိုက်ပဋိပက္ခများ၊ မင်းမဲ့ အထိန်းအကွပ်မဲ့မှုများ ပေါ်လာလေ့ ရှိသည်။

Realism ချဉ်းကပ်ပုံအရ နိုင်ငံတကာ့ နိုင်ငံရေးဟူသည်မှာ egoism + anarchy = power politice (အတ္တဝါဒ + မင်းမဲ့ဝါဒ = အာဏာနိုင်ငံရေး) ဖြစ်သည်။ နိုင်ငံရေး ဟူသည်မှာ အာဏာအတွက် ယှဉ်ပြိုင်တိုက်ခြင်း ဖြစ်သလို အာဏာသည် လက်ငင်းပန်းတိုင် ဖြစ်သည်။ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံအကျိုး၊ ကိုယ့်နိုင်ငံ ရှင်သန်ကျန်ရှိရေးကို ရှေ့တန်းတင် လုပ်နေကြသည်။ ထို့ကြောင့် နိုင်ငံချင်းပဋိပက္ခများ၊ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ အတောမသတ် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတ ကာ့ နိုင်ငံရေး၏ အမြင့်ဆုံး ရည်မှန်းချက်ကို လုံခြုံရေးဟု သတ်မှတ်ရမည်။ နိုင်ငံတကာ့ မင်းမဲ့စနစ်ကြီး အတွင်း ရှင်သန်လိုလျှင် နိုင်ငံတိုင်း ကိုယ့်အားကိုယ်ကိုး၍ စစ်အင်အား ထူထောင်ရမည်ဟု ယူဆကြသည်။ ထိုသို့ စစ်အင်အား ထောက်ကူမှုဖြင့် သံတမန်နည်း သို့မဟုတ် စစ်ပွဲနည်းများ သုံးကာ မည်သည့်နိုင်ငံမျှ အထက်စီးနေရာ မရအောင် လုပ်ရမည်ဟုလည်း ယူဆကြလေသည်။

Liberal ချဉ်းကပ်ပုံကတော့ လစ်ဘရယ် အယူအဆ စံနှုန်းများကို ပိုအခြေပြုသည်။ နိုင်ငံတကာ့ နိုင်ငံရေး တွင် လူတို့၏ ဆင်ခြင်နိုင်စွမ်း၊ လူတို့၏ ကောင်းမွန်သော ကိုယ်ကျင့်တရားများအပေါ် အခြေပြုလျှင် အကျိုးစီးပွား ချိန်ခွင်လျှာညီမျှမှု၊ သဟဇာတဖြစ်မှုများ ထွက်ပေါ်နိုင်မည်ဟု ယူဆလေသည်။ ထိုသို့ သဟဇာတဖြစ်ရန် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ ယန္တရားစနစ်များ လိုအပ်သည်။ နိုင်ငံတကာ ထိန်းအုပ်ရေးအဖွဲ့မျိုး နိုင်ငံတကာ့ အသင်းကြီးမျိုးဖြင့် ချိန်ခွင်လျှာညီအောင် လုပ်ရမည်ဟု မြင်ကြလေသည်။

အိုဘားမားအစိုးရ၏ ချဉ်းကပ်ပုံမှာ ယခင် ဂျော့ဒဗလျူဘုရှ် အစိုးရကဲ့သို့ပင် Realism သာ ဖြစ်ပါသည်။ သူ့မိန့်ခွန်းတွင် “မိမိဘာသာ Realist ဆိုသူများ” ပြောကြားချက်ကို အပြည့်အဝ လက်မခံကြောင်း ပြော ထားသော်လည်း သူ့မူဝါဒသည် Realist မူဝါဒဖြစ်ကြေင်း မိန့်ခွန်း တစ်နေရာတွင် ဖော်ပြခဲ့လေသည်။ ထိုမိန့်ခွန်းထဲတွင် အမေရိကန်၏ စစ်အင်အားကို ပင်မကျောရိုးအဖြစ် သတ်မှတ်ပြီး ကမ္ဘာကြီးကို အမေရိကန်မှ ဆက်လက်ဦးဆောင်မည် ဖြစ်ကြောင်း၊ လိုအပ်လျှင် တစ်ကိုယ်တော် စစ်ရေး ဆောင်ရွက် မှု ပြမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ခဲ့လေသည်။

ထိုသို့ အင်တိုက်အားတိုက် ဟောပြောခဲ့သော်လည်း ချုပ်တည်းမှုများများ ပြုလုပ်ရေး၊ လုံခြုံရေး တာဝန်များကို ကျန်မဟာမိတ်များကလည်း ဝင်ရောက်ထမ်းရွက်ရေး၊ မလိုအပ်ဘဲ အခြားပြည်တွင်းရေးများတွင် မပါဝင်ရေးများ ပြောဆိုထားသဖြင့် ဂျင်ဝပ်ဆင်က Walmart Foreign Policy ဟု ကင်ပွန်းတတ် လိုက်ခြင်း ဖြစ်သည်။ အိုဘားမားမိန့်ခွန်း၏ အထင်ရှားဆုံး ပျော့ကွက်မှာ ၂၁ ရာစုတွင် ကြုံတွေ့ရမည့် စိန်ခေါ်ချက်များအတွက် မဟာဗျူဟာ အတွေးအမြင်များ ချို့တဲ့နေခြင်း ဖြစ်သည်။ ဥပမာ- နိုင်ငံသုံးခုအထက် ပါဝင်မည့် multilateral system သစ် မည်သို့ ပြန်လည်ဖော်ထုတ်မည်၊ အမေရိကန် ဥရောပ၏ အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ် မည်သို့ ပြန်ဖွဲ့မည်၊ ပစိဖိတ်ဒေသကြီးအတွင်း အမေရိကန်မှ မည်သည့် အခန်းမှ ပါဝင်မည်။ ဆိုင်ဘာစစ်ပွဲ၊ နည်းပညာမြင့် စစ်ပွဲများ ခေတ်အတွက် မည်သို့ ရင်ဆိုင်မည်၊ ကမ္ဘာသစ်ကြီးနှင့် ဆက်နွှယ်၍ မည်သည့်အခန်းက အမေရိကန် ပါဝင်မည် စသည့် အချက်များ ကင်းမဲ့နေသဖြင့် ထိုမိန့်ခွန်းမှာ ပေါ့ပျက်ပျက်နိုင် နေသည်ဟု ဂျင်ဝပ်ဆင်က ဆိုပါသည်။

၂၁ ရာစု စိန်ခေါ်ချက်ကို ဂျင်ဝပ်ဆင်နည်းတူ အိုဘားမားလည်း အသိမှတ် ပြုထားပါသည်။ သူ့မိန့်ခွန်းတွင် Classical Realism ဖြစ်သည့် နေရာတကာ စစ်အင်အားကို ဦးစားပေးခြင်းကို အပြည့်အဝ မထောက် ခံကြောင်း ပြောဆိုနေသည်မှာ ၂၁ ရာစု စိန်ခေါ်ချက်များကြောင့် ဖြစ်သည်။ ယင်း ၂၁ ရာစု စိန်ခေါ်ချက် များတွင် အဓိကအကျဆုံးမှာ World Order ဆိုသည့် ကမ္ဘာ့စနစ်ကြီး ပြောင်းလဲနေမှု၊ အာဏာ၏ လက္ခဏာနှင့် အာဏာဆက်ဆံရေး (nature of power and power relations) များ ပြောင်း လဲလာနေခြင်းကြောင့် ဖြစ်သည်။

အမေရိကန်၏ ဦးဆောင်မှုမှာ ၁၉၉၀ ခုများကလို အပြတ်အသတ် သာလွန်ကြီးမားသော hyper power နှင့် ဝင်ရိုးတစ်ခုထဲ unipolar အခြေအနေမျိုး မဟုတ်တော့ချေ။ အမေရိကန်သည် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် စစ်စခန်း ၇၀၀ ကျော် ရှိနေသော်လည်း မျက်မှောက်စစ်ပွဲများမှာ အချိုးမညီစစ်ပွဲ asymmetrical wars များ ဖြစ်နေပြီး အရပ်သားနှင့် စစ်သား၊ အရပ်ဘက် ပစ်မှတ်နှင့် စစ်ဘက် ပစ်မှတ်များ အရောရော အထွေးထွေး ဖြစ်နေသည်။ အာဏာရှင်ကို ဝင်၍ ဖြုတ်ချသော်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခညွန်ထဲ ပို့သလို ဖြစ်လာနေသည်။ ဤအခြေအနေတွင် အမေရိကန်အတွက် စစ်ရေးအရ ဝင်စွက်မှု ချုပ်တည်းရေး၊ ကုန်ကျစရိတ် နည်းပါးရေး Wal-mart ပေါ်လစီ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နေဦးဝေ
The Voice Weekly

0 comments:

Post a Comment