Monday, June 30, 2014

နင်းမိုင်းနှစ်လုံး ဖယ်ရှားပေးရန် လိုလား

သီပေါ၊ ဇွန် ၃ဝ။
သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက် ယခင်သံတံတားဟောင်းထိပ်တွင် ဧပြီလ(၁၄)ရက် နေ့က တွေ့ရှိ ခဲ့သော နင်းမိုင်းနှစ်လုံးအား ဖယ်ရှားပေးနိုင်ရန် ဒေသခံများအကြား လိုလားလျက်ရှိနေကြောင်း သတင်းရရှိသည်။

ယခင်တံတားလုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ပြီး သီပေါမြို့အခြေစိုက် ခ.လ.ရ (၂၃)တပ်က တံတားလုံခြုံရေး
တာဝန်ယူစဉ် မြုပ်နှံခဲ့ခြင်း ဖြစ်ကာ တပ်ပြန်လည်ရုပ်သိမ်းချိန်တွင် အဆိုပါ မိုင်းနှစ်လုံး တူးဖော်ရန် ကျန်ရှိ
နေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သီပေါမြို့ ဒုဌ၀တီတံတားဟောင်းအနီးတွင် ဖီး (လ်)ဟိုတယ်တည်ဆောက်ရန် မြေထိန်းနံရံအတွက်
မြေတူးဖော်စဉ် အဆိုပါ မိုင်းနှစ်လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်ကာ တွေ့ရှိသည့်အချိန်တွင် သက်ဆိုင်ရာ တပ်ရင်း
တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သော်လည်း ယခုချိန်ထိ လာရောက်ရှင်းလင်းဖယ်ရှားပေးခြင်း မရှိသေးကြောင်း
ဒေသခံများက ပြောသည်။ “ မိုင်းက သံချေးတက်နေတာ၊ မိုင်းကိုအုပ်ထားတဲ့ သဲအိတ်တွေလည်း ပေါက်ပြဲနေ ပြီ အကြောင်းအမျိုးမျိုးကြောင့် ပေါက်ကွဲသွားရင် ဒေသခံတွေပဲ ဒုက္ခရောက်မယ်၊ လာရှင်းပေးသင့်နေပါပြီ” ဟု သီပေါမြို့ပန်းတိမ်တောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

သီပေါမြို့မရဲစခန်းမှ ဒုရဲမှူးက ပြောကြားရာတွင် မိုင်းနှစ်လုံးအတွက် တစ်ရက်လျှင် အစောင့်နှစ်ဦး ချထားပေးကြောင်း၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့သို့ မိုင်းရှင်းလင်းပေးနိုင်ရန် အကြောင်းကြားထား ပါကြောင်း ပြန်လည်ဖြေကြားသည်။ နင်းမိုင်းနှစ်လုံးမှာ တပ်မတော်သုံး ပဖန (၁) အမျိုးမျိုးအစား နင်းမိုင်း ဖြစ်ပြီး သံချေးတက်နေပြီး ဖြစ်ကာ ပေါက်ကွဲမည့် အရေး စိုးရိမ်နေရ၍ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့မှ အမြန်ဆုံးလာရောက်ရှင်းလင်းပေးရန် ဒေသခံများက လိုလားနေကြခြင်း ဖြစ်သည်။
စိုင်းကံသာ (လားရှိုး)
The Myanma Age

0 comments:

Post a Comment