Thursday, June 19, 2014

နိုင်ငံပိုင်ငွေ အလွဲသုံးစားမှုဖြင့် ဦးဆန်းဆင့်ကို တရားစွဲဆို

Photo Mmedia
နေပြည်တော် 6-19-2014
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ဘုရားတည်ရာတွင် နိုင်ငံပိုင်ငွေများ အလွဲသုံးစားပြုသည်ဟုဆိုကာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းတွင် ပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဦးဆန်းဆင့်သည် နေပြည်တော် လယ်ဝေးမြို့နယ် ယက္ကန်းစင်တောင်ကျေးရွာတွင် တည်ထားမည့် နှစ် ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော်အား မိသားစုအလှူတစ်ရပ်အနေဖြင့် လှူဒါန်းရာတွင် ၀န်ကြီးဌာန ပိုင်ငွေများ သုံးစွဲခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားခြင်းဖြစ်သည်။

‘‘ဒီနေ့ နေ့လယ် ၂ နာရီလောက်က ရုံးထုတ်ပြီး ဦးဆန်းဆင့်ကို ခေါ်စစ်တယ်။ ကားတွေရော လုံခြုံရေးတွေရော ပွက်လောရိုက်နေတာပဲ။ တရားရုံးမှာ ၁၅ မိနစ်လောက် စစ်ပြီးတော့ ယာဉ်တန်းပြန်သွားတယ်’’ဟု အနီးဝန်းကျင်သို့ရောက်နေသူ သတင်းထောက်တစ်ဦးက ဆိုသည်။

ပထမဆုံးရုံးချိန်းအဖြစ် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် နေ့လယ် ၂ နာရီခန့်က အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)က တရားလိုပြုလုပ်ခြင်းဖြစ်ပြီး ဒုတိယရုံးချိန်းကို မည်သည့်နေ့တွင် ပြန်ခေါ်မည်ကို မသိရှိရသေးပေ။

ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်ကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လာရောက်စစ်ဆေးခေါ်ဆောင်သွား သည်မှာ မှန်ကန်ကြောင်း ဝန်ကြီးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၃ ဧပြီမှ ဒီဇင်ဘာအထိ သာသနာရေးဝန်ကြီးဌာနရုံး၏ လုပ်ငန်းစည်းကမ်းချက်များတွင် မပါဝင်သော လုပ်ငန်းရပ် များဖြစ်သည့် နေပြည်တော် လယ်ဝေးမြို့နယ် ယက္ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော် မူစေတီတော်တွင် မိသားစုအလှူတစ်ရပ်အနေဖြင့် လှူဒါန်းရာ၌ ဌာနပိုင်မော်တော်ယာဉ်ဝန်ထမ်းများ၊ အသုံးပြုခြင်း၊ ထိုသို့အသုံးပြုရာတွင် အလှူငွေပစ္စည်း၊ စက်သုံးဆီ အပါအဝင် ငွေကျပ် ၃၃ သိန်းကျော်အား မိသားစုအလှူအနေဖြင့် လှူဒါန်းခဲ့ခြင်းတို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် စေ တီတော်ထီးတင်ပွဲ၌ မိသားစုအလှူဟု ပြောသော်လည်း ဌာနပိုင် ဘဏ္ဍာငွေ သိန်း ၁၀၀ ကျော် ထုတ်ယူသုံးစွဲခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ငွေကျပ် ၂၈ သိန်းကျော်သာ ပြန်လည်ပေး သွင်းခဲ့သဖြင့် ကျပ်ငွေ ၇၂ သိန်းကျော် ကျန်ရှိနေသေးသည်။ ထို့ကြောင့် အဆိုပါငွေကြေးများကို ဝန်ကြီးဌာနနှင့် သက်ဆိုင်မှုမရှိသော မိသားစုအလှူအတွက် လှူဒါန်းခဲ့ပြီး ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
7Day Daily

0 comments:

Post a Comment