Tuesday, June 3, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက်ပေးခြင်း

ဇွန်လ ၁၂ရက်ကနေ ဇူလိုင် ၁၃ရက်အထိ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက် ၉ရက်ကြာရင် ကျွန်တော်တို့ရဲ့ မြင်ကွင်းထဲ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ အတတ်နိုင်ဆုံး မိတ်ဆက်ပေးချင်တဲ့အတွက် တစ်ရက်ကို အုပ်စုတစ်စုအကြောင်း သုံးသပ်ဖော်ပြပေးသွားမှာပါ။

အုပ်စု(A)
ဘရာဇီး(ဖီဖာအဆင့်-၄) ၊ ဗိုလ်စွဲနိုင်ခြေ-၁၁/၎
မက္ကဆီကို(ဖီဖာအဆင့်-၁၉)၊ ဗိုလ်စွဲနိုင်ခြေ- ၂၀၀/၁
ခရိုအေးရှား(ဖီဖာအဆင့်-၂၀)၊ ဗိုလ်စွဲနိုင်ခြေ-၁၇၅/၁
ကင်မရွန်း(ဖီဖာအဆင့်-၅၀)၊ ဗိုလ်စွဲနိုင်ခြေ-၇၅၀/၁

ဒီအုပ်စုမှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အိမ်ရှင်ဘရာဇီးအကြောင်း စပြောချင်ပါတယ်။ ပြည် သူ့ဘဏ္ဍာငွေတွေကို ကမ္ဘာ့ဖလားကျင်းပရာမှာ အသုံးပြုတယ်ဆိုတဲ့ စွဲချက်ကြောင့် ဘရာဇီးအစိုးရနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြည်သူတွေက ကန့်ကွက်နေချိန် ကွင်းပြင်ဆင်မှုတွေ အချိန်မီ မပြီးစီးတာကလည်း အိမ်ရှင်ဘရာဇီးအတွက် ရတက်ပွေစရာပါ။

ကွင်းပြင်ပ ပရောဂတွေက ရှိနေသလို စကိုလာရီ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ့ခြေစွမ်းအရ ဘရာဇီးကို ဒေါင်ဒေါင်မြည် ချန်ပီယံလောင်းစာရင်း ထည့်သွင်းလို့ မရသေးတာ သေချာပါတယ်။ ခံစစ်နဲ့ ကွင်းလယ်ပိုင်းက ထိပ်တန်းအသင်းတွေကို တူတူတန်တန် ယှဉ်နိုင်စွမ်းရှိတယ်ဆိုပေမယ့် ဘာစီလိုနာမှာ သာမန်အဆင့်ပဲ ခြေစွမ်းပြနိုင်တဲ့ နေမာ၊ ရာသီနှောင်းပိုင်း ချဲလ်ဆီးမှာ ခြေစွမ်းကျသွားတဲ့ အော်စကာ၊ ကစားပုံ လေးလွန်းတဲ့ ဟော့ခ် တို့ရဲ့ တိုက်စစ်ပိုင်းက ချန်ပီယံတိုက်စစ်မျိုး မဟုတ်ပါဘူး။

ဒါပေမဲ့ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်းတို့လို့ ပြိုင်ဘက်တွေနဲ့ ကစားရမှာမို့လို့ ဘရာဇီးအတွက် (၁၆)သင်းအဆင့်တက်ဖို့ အခက်အခဲ မရှိနိုင်သလို အုပ်စုတွင်း ပြိုင်ဘက်တွေနဲ့ တွေ့ဆုံမှုတွေမှာ မှတ်တမ်းကောင်း ရခဲ့ဖူးတာကလည်း သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အားသာချက်ဖြစ်နိုင်ပါတယ်။ (၂၀၀၆)ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ကာကာရဲ့ဂိုးနဲ့ ခရိုအေးရှားကို အနိုင်ရခဲ့တဲ့ ဘရာဇီးဟာ (၁၉၉၄) ကမ္ဘာ့ဖလားမှာလည်း ကင်မရွန်းကို (၃)ဂိုးပြတ် အနိုင်ရခဲ့ဖူးပါတယ်။ ဒါ့အပြင် မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်(၃)ပွဲမှာ ရာနှုန်းပြည့် အနိုင်ရလဒ် ရယူနိုင်ခဲ့တဲ့ မှတ်တမ်းတွေက ဘရာဇီးအတွက် အားတက်စရာပါ။

ကျန်(၃)သင်းထဲက ဘရာဇီးနဲ့အတူ (၁၆)သင်းအဆင့် တက်ရောက်ဖို့ အခွင့်အရေး ပိုရှိနေတာကတော့ ခရိုအေးရှားနဲ့ မက္ကဆီကိုပါပဲ။ ခရိုအေးရှားဟာ မိုဒရစ်၊ ရာကီတစ်၊ ကိုဗာဆစ်တို့ရဲ့ စိန်ပွင့်ပုံ ကွင်းလယ် ပိုင်းကြောင့် ကင်မရွန်း၊ မက္ကဆီကိုတို့ထက် ကွင်းလယ်အား အသာရနေပေမယ့် ခံစစ်ယိုယွင်းမှုက သူတို့ရဲ့ အားနည်းချက်ပါပဲ။ ဒီအတွက်ကြောင့် ဥရောပဇုန် ခြေစစ်ပွဲမှာလည်း မရှုံးသင့်တဲ့ပွဲတွေ ရှုံးနိမ့်ခဲ့ပြီး အုပ်စု ဒုတိယပ ရခဲ့လို့ ရှုံးထွက်အဆင့် ကစားခဲ့ရတာပါ။

ဟာနန်ဒက်စ်၊ ဒို့စ်ဆန်းတို့စ်၊ ရာအူးလ်ဂျီမီနက်စ်၊ ပါရဲတာတို့ကြောင့် မက္ကဆီကို တိုက်စစ်ပိုင်း အားကောင်းပေမယ့် ကွင်းလယ်မှာ လောက်လောက်လားလား ကစားနိုင်စွမ်းရှိသူ ရှားပါးပါတယ်။ ဒါပေ မဲ့ နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲတွေ မှာတော့ မက္ကဆီကိုတို့ ဆက်တိုက်ရလဒ်ကောင်းခဲ့တာ တွေ့ရ ပါတယ်။ အာဖရိက နာမည်ကျော် အသင်းဖြစ်တဲ့ ကင်မရွန်းဟာ အီတူး၊ ၀ီဘိုတို့လို တိုက်စစ်မှူးတွေကိုပဲ ဖက်တွယ်ထားရလို့ သူတို့ရဲ့ တိုက်စစ်ပိုင်းက အိုမင်းလှပါတယ်။ ဘာစီလိုနာမှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ အဲလက်စ်ဆောင်းနဲ့ ခြေစွမ်းကျနေတဲ့ မက်ကွန်းတို့ရဲ့ ကွင်းလယ်ပိုင်းကိုလည်း ယုံကြည်ဖို့ ခက်နေပါတယ်။
YoYarLay

0 comments:

Post a Comment