Sunday, June 29, 2014

မက္ကဆီကိုနှင့်ပွဲတွင် ပင်နယ်တီရရန် ဟန်ဆောင်လှဲချခဲ့ကြောင်း ရော်ဘင်ဝန်ခံ

Monday, June 30, 2014
မက္ကဆီကို အသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ပင်နယ်တီရလိုစိတ်ဖြင့် ဟန်ဆောင်လှဲချ (ဒိုင်ဗင်ထိုး) ခဲ့ကြောင်း နယ်သာလန် တောင်ပံတိုက်စစ်သမား အာဂျန်ရော်ဘင်က ဝန်ခံခဲ့သည်။

နယ်သာလန်သည် မက္ကဆီကို အသင်းကို နောက်မှလိုက် ကစားခဲ့ရပြီး ရော်ဘင်၏ နောက်ဆုံးမိနစ်တွင် ထိုးဖောက်မှုကို မက္ကဆီကို နောက်တန်းက တားဆီးပုံ ကြမ်းတမ်းရာမှ ပင်နယ်တီ ရခဲ့ပြီး ယင်းကို ကလက်စ် ဂျန် ဟန်တဲလားက ကန်သွင်းကာ (၂-၁)ဖြင့် အနိုင်ရခဲ့သည်။

ဘိုင်ယန်မြူးနစ် အသင်း၏ ကစားသမား အဆိုပါ နောက်ဆုံးမိနစ် ပင်နယ်တီအတွက် ပေါ်တူဂီ ဒိုင်လူကြီး ပက်ဒရို ပရိုယန်ကာ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထောက်ခံခဲ့သော်လည်း ပထမပိုင်းတွင်မူ မရိုးဖြောင့်သော သဘောဖြင့် ဟန်ဆောင်လှဲချမှုတစ်ကြိမ် ပြုလုပ်ခဲ့မိကြောင်း ဆိုသည်။

“ကျွန်တော် တောင်းပန်ရပါလိမ့်မယ်။ နောက်ဆုံးမိနစ် ပင်နယ်တီက မှန်ကန်ပါတယ်။ ဒါပေမဲ့ ပထမပိုင်း မှာတော့ ကျွန်တော် ဟန်ဆောင်ပြီး လှဲချခဲ့တဲ့ တစ်ကြိမ်ရှိတယ်။ ဒါမျိုး ကျွန်တော် မလုပ်ခဲ့သင့်ဘူး” ဟု ရော်ဘင်က ပြောကြားခဲ့သည်။

ရော်ဘင်က ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် ကန်သွင်းခဲ့သည့် ဟန်တဲလားအတွက် ဂုဏ်ယူကြောင်း လည်း ဆိုသည်။ “ပုံမှန်ဆိုရင် ကျွန်တော်က ပင်နယ်တီကန်ဖို့ တာဝန်ယူနိုင်မှု အပြည့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က ဖျက်ထုတ်ခံထားရတာပါ။ ဒါကြောင့် ဟန်တဲလား ကန်တာက ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆခဲ့တယ်။ ဒါဟာ သူ့အတွက် အမှတ်ရစရာ အခိုက်အတန့်ပါပဲ။ သူ့အတွက် ထိုက်လည်း ထိုက်တန်ပါတယ်။ ဂိုးဝင်သွားတော့ ကျွန်တော် ငိုချမိမတတ် စိတ်လှုပ်ရှားခဲ့ မိတယ်။ ဒီခံစားချက်က သိပ်ကို အားကောင်းပါတယ်။ ကျွန်တော်တို့ နိုင်လိုစိတ် အပြည့်နဲ့ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒီအတွက် အရမ်းဂုဏ်ယူမိပါတယ်”ဟုလည်း ရော်ဘင်က ဖွင့်ဟသွားသည်။
7Day News Journal
_Ref: Dailymail

0 comments:

Post a Comment