Friday, June 27, 2014

ပြိုင်ဘက်ကစားသမားကို ကိုက်ခဲ့သဖြင့် ပြစ်ဒဏ် လေးလပွဲပယ် ချမှတ်ခံရ

ရီယိုဒီဂျနေးရိုး၊ ဇွန် ၂၆
ဥရုဂွေးအသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ရှိခဲ့သည့် အီတလီနှင့် ပွဲစဉ်တွင် အီတလီခံစစ်မှူး ချီလီနီကို ပွဲချိန်အတွင်း ကိုက်ခဲ့သဖြင့် ဖီဖာ၏ သမိုင်းတစ်လျှောက် ကြီးမားသည့် ပြစ်ဒဏ်အဖြစ် လေးလ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ဖီဖာဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

အသက် ၂၇ နှစ်အရွယ် လီဗာပူးလ် တိုက်စစ်မှူးသည် ထိုသို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကမ္ဘာ့ဖလား ပွဲစဉ်များ အပါအဝင် နိုင်ငံတကာပွဲစဉ် ကိုးပွဲနှင့် ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ် ကိုးပွဲခန့် လွဲချော်မည် ဖြစ်သည်။
ဖီဖာဒုဥက္ကဋ္ဌ ဂျင်းဘွိုက်က “လေးလ ပွဲပယ်ပြစ်ဒဏ်ကို ဆွာရက်ဇ် ကျခံရမည် ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ထိုပြစ်ဒဏ်ကို ဥရုဂွေးအသင်း အနေနှင့် သုံးရက်အတွင်း အယူခံဝင်မည် ဖြစ်ကြောင်း ဥရုဂွေးအသင်း တာဝန်ရှိသူများက ဆိုသည်။

ဆွာရက်သည် လေးလပွဲပယ်အပြင် ဒဏ်ကြေး ပေါင် ၆၅,၆၈၀ ကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။

ဆွာရက်ဇ်အနေနှင့် ယခုပြစ်ဒဏ်သည် သုံးကြိမ်မြောက် ဖြစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်က PSV အသင်းတွင် ကစားခဲ့စဉ် ပြိုင်ဘက်ကစားသမား ဘက်ခ်ကယ်ကို ကိုက်ခဲ့သဖြင့် ခုနစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးကာ ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်က ချယ်လ်ဆီးကစားသမား အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့သဖြင့် ခုနစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ကစားသမားလည်း ဖြစ်သည်။
The Voice Weekly

0 comments:

Post a Comment