Tuesday, June 10, 2014

ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၁၃ ရက်နေ့ နီပေါသွားမည်

Photo Google
ရန်ကုန်၊ ဇွန် ၁၀
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်နေ့တွင် နီပေါနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်က ပြောဆိုသည်။

နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့သို့ သွားရောက်မည် ဖြစ်ပြီး နီပေါနိုင်ငံ လွှတ်တော် (Baneshwar) သို့လည်း သွားရောက် လေ့လာကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Subash Chandra Nembang နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ထို့အပြင် နီပေါနိုင်ငံသမ္မတ Mr. Subash Chandra Nembang နှင့် ဝန်ကြီးချုပ် Rt. Hon. Mr. Sushil Koirala အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. B.P. Koirala နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားမည့်အပြင် ဗုဒ္ဓဖွားတော်မူရာ လုမ္ဗိနီဥယျာဉ် (Lumbini) သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ယင်းနောက် ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း NLD ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော သုံးကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ နီပေါ ဝန်ကြီးချုပ် Mr.Sushil Koirala တက်ရောက်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နီပေါသို့ လာရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် မိခင်ဖြစ်သူ သံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် ကာလအတန်ကြာ နေထိုင်၍ ပညာသင်ကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ကွယ်လွန်သွားသည့် နီပေါဝန်ကြီးချုပ် BP Koirala တို့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိခဲ့ပြီး အတူတကွ အလုပ်လုပ်ကိုင်ဖူးကြောင်း နီပေါအခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် kantipur သတင်းဌာနတွင် ဧပြီလ နောက်ဆုံးပတ် အတွင်းက ဖော်ပြခဲ့သည်။
The Voice Weekly

0 comments:

Post a Comment