Wednesday, May 21, 2014

Notebook နှင့် Tablet နှစ်မျိုးစပ် Surface Pro 3 ကို Microsoft မိတ်ဆက်

May 21 14Tabletဈေးကွက်တွင်ရော၊ Notebook ကွန်ပျူတာများကို စိန်ခေါ်နိုင်မည့် ထုတ်ကုန်တစ်ခုအဖြစ် Surface Pro 3ကို Microsoftက ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ အနိမ့်ဆုံးဈေးနှုန်း (၇၉၉)ဒေါ်လာမျှ သတ်မှတ် ရောင်း ချမည့် အဆိုပါ Tabletသည် Tablet ဈေးကွက်ကို လွှမ်းမိုးထားသည့် Appleထုတ်ကုန် iPadကို ထိပ်တိုက်ယှဉ်ပြိုင်သွားနိုင်ရန် Microsoftက ရည်ရွယ်ထားသည်။ သို့သော်လည်း iPad၏ ဈေးနှုန်းသည် (၄၉၉)ဒေါ်လာမျှသာဖြစ်ပြီး Screenအကျယ်မှာ (၉.၇)လက်မသာ ရှိသည်။ ထို့ကြောင့်လည်း Surface Pro 3သည် Samsungက ထုတ်လုပ်သည့် (၁၂.၂)လက်မအကျယ် Screenပါရှိသည့် Galaxy Note Proနှင့်သာ ပိုမို၍ တိုက်ရိုက်ကျကျ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

Microsoftသည် Surface Pro 3ကို တွဲဆက်နိုင်မည့် Keyboardများကိုပါ ရောင်းချသွားမည်ဖြစ်ရာ လုပ်ငန်းသုံး Notebookများ၏ ရပ်တည်ချက်ကိုပါ စိန်ခေါ်နိုင်မည် ဖြစ်သည်။ Surface Pro၏ ယခင်မော်ဒယ်လ်သည် Screen အကျယ် (၁၀.၆)လက်မသာရှိပြီး ယခုတစ်ဖန် Tabletနယ်ပယ်တွင် တတိယအကြိမ်မြောက် ခြေလှမ်းသစ် စတင်ရာ၌ အရွယ်အစားကို ထပ်မံတိုးမြှင့်ရန် Microsoftက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီက Surface Pro 3သည် ယခင်ထုတ်ကုန်များထက် ပိုမိုပါးလွှာပြီး စွမ်းဆောင်ရည် မြန်နှုန်းလည်း ပိုမိုမြင့်မားမည်ဟု ဆိုသည်။ Suface Pro 3သည် Microsoft၏ အဓိက မီးမောင်းထိုး ပြသသည့် ထုတ်ကုန်ဖြစ်သော်လည်း အမှုဆောင်ချုပ် ဆတ်ယာနာဒယ်လာက ပိုမိုသေးငယ်သည့် Tablet တစ်မျိုးကိုလည်း မိတ်ဆက်သွားသေးသည်။

နယူးယော့ခ်တွင် ပြုလုပ်သည့် အခမ်းအနား၌ အမှုဆောင်ချုပ်က “ကျွန်တော်တို့ဟာ Hardwareပိုင်းကို အဓိကထား မြှင့်တင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီက လုပ်ဆောင်ပေးနိုင်တဲ့ အတွေ့အကြုံ ဖြတ်သန်းမှု အားလုံးကို အခြေခံ တည်ဆောက်ပြဖို့ ရည်ရွယ်ထားတာပါ။ Surface Pro 3ဟာ Laptopအနေနဲ့ရော၊ Tabletအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ Surface Pro 3သည် လုပ်ဆောင်မှုစွမ်းရည်၊ သိုလှောင်နိုင်စွမ်း ပမာဏတို့ကို အခြေခံ၍ (၇၉၉)ဒေါ်လာမှ (၁၉၄၉)ဒေါ်လာထိ ဈေးနှုန်း အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်သည်။

အဆိုပါ Tabletတွင် OSအဖြစ် Windows 8.1 64-bitကို အသုံးပြုထားပြီး Intel၏ 4th Generation Processorများဖြင့် မောင်းနှင်မည်ဟု ဆိုသည်။ RAMပမာဏမှာ 4GBနှင့် 8GBဟူ၍ ကွဲပြားပြီး သိုလှောင်မှု စွမ်းရည်မှာလည်း 64GB၊ 128GB၊ 256GBနှင့် 512GBဟူ၍ ကွဲပြားမည် ဖြစ်သည်။ Tablet၏ ရှေ့ဘက်တွင်ရော၊ နောက်ဘက်တွင်ပါ 1080p HD အရည်အသွေး ရိုက်ကူးနိုင်သည့် 5MP ကင်မရာ တစ်လုံးစီ တပ်ဆင်ထားပြီး Wi-Fi၊ Bluetooth ချိတ်ဆက်မှုများနှင့် USB 3.0 အထောက်အပံ့ စနစ်တို့ ပါဝင်ကြောင်း သိရှိရသည်။
Planet Myanmar Network

0 comments:

Post a Comment