Wednesday, May 21, 2014

ဦးဝင်းတင် ဖြစ်စေချင်သော နိုင်ငံရေး အသိုက်အဝန်း ဖြစ်ပေါ်ရေး ကြိုးပမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရန်ကုန်၊ မေ ၂၀
ဧပြီလက ကွယ်လွန်သွားသော ဝါရင့်သတင်းစာ ဆရာကြီးတစ်ဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယကလည်း ဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင်ကို လေးစားပါက ၎င်းဖြစ်စေချင်သည့် နိုင်ငံရေး အသိုက်အဝန်းမျိုး ပေါ်ထွန်းစေရန် ကြိုးပမ်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင်များကို တိုက်တွန်း ပြောကြားသည်။

မေလ ၂၀ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဆရာ (ဟံသာဝတီ ဦးဝင်းတင်) သေဆုံးတာနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှု ရှိတယ်လို့ ပြောရင်လည်း ရပါတယ်။ ဘာမှမဆုံးရှုံးဘူးလို့ ပြောရင်လည်း ရပါတယ်။ ဆရာထားရစ်ခဲ့တဲ့ အမွေအနှစ်တွေဟာ ဘယ်တော့မှ ကျွန်မတို့ မဆုံးရှုံးပါဘူး။ ဆုံးရှုံးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး” ဟု ဒေါ်စုအောင်ဆန်းစုကြည်က ဆိုသည်။

ဟံသာဝတီ ဦးဝင်းတင် သေဆုံးမှု တစ်လပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက ဦးတင်ဦး၊ စာရေးဆရာ ဦးမိုးသူနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် ကိုဌေးတင်တို့ တက်ရောက် အမှတ်တရ စကားပြောကြားခဲ့သည်။

စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက် ၆ နာရီခွဲက ရန်ကုန် ပြည် သူ့ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။
(အိမိုမို၊ နွေဦး)
The Voice Weekly

0 comments:

Post a Comment