Wednesday, May 21, 2014

မြို့ပြ၏ အနှေးယာဉ်

ညနေပိုင်းရုံးဆင်းချိန်ုတွင် မြောက်ဥက္ကလာပမြို့နယ် အစွန်ရပ်ကွက်တစ်ခု၌ ကားသံ၊ ဆိုင်ကယ်သံ၊ လူသံ များနှင့် ဆူညံနေလျက်ရှိသည်။ ထိုရပ်ကွက်အတွင်းရှိ နွယ်သာကီဘတ်စ်ကားဂိတ်သို့ လိုင်းကားတစ်စီး ထိုးရပ်လိုက်တိုင်း ခရီးသည်တစ်အုပ်ပြီးတစ်အုပ် ဆင်းလာသည်။

လိုင်းကားရပ်လိုက်သည်နှင့် ဆိုင်ကယ် ကယ်ရီသမား ခုနစ်ယောက်ခန့် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး လက်ညှိုးကို ပြိုင်တူထောင်လိုက်ကာ ‘‘ဆိုင်ကယ်လား’’ ဟု အော်မေးလိုက်ကြသည်။ ကားပေါ်ကဆင်းလာသော ခရီးသည်သုံးယောက်က ဆိုင်ကယ်များပေါ်သို့ တက်ထိုင်လိုက်ကြသည်။

ယင်းကားဂိတ်အနီးတွင် ယခင်က ယခုကဲ့သို့ ဆိုင်ကယ်များမတွေ့ရ။ ဆိုက်ကားဂိတ်နှစ်ခုသာရှိသည်။ ယခုလို ညနေစောင်းဆိုလျှင် ဆိုက်ကားဆရာများ အလွန်အလုပ်များကြသည်။ ယခုတော့ ဆိုင်ကယ် ကယ်ရီသမားများနှင့် ဆိုက်ကားဆရာများကြား ဈေးကွက်လုနေရပြီဖြစ်သည်။

လူဦးရေထူထပ်သော မြောက်ဥက္ကလာပမြို့နယ် အပါအ၀င် အခြားမြို့နယ်များ၌ အငှားဆိုင်ကယ်သမားများ တိုးပွားလာခြင်းကြောင့် တရားဝင်လိုင်စင်ဖြင့်နင်းသူ အနှေးယာဉ်လုပ်သားများ ၀င်ငွေလျော့ကျလာသည်။

ခရီးသည်များက ဆိုက်ကားထက် ဆိုင်ကယ်ကယ်ရီများကို ပိုမိုရွေးချယ်လာခြင်းကြောင့် ဆိုက်ကားနင်းသူများ အလုပ်အကိုင်ခက်ခဲလာပြီး မိသားစုဝင်ငွေများပါ ထိခိုက်လာရသည်။

‘‘ခုက ဆိုင်ကယ် ကယ်ရီတွေ အရမ်းများလာတယ်။ မိုးရွာတဲ့အချိန်ဆို သူတို့နဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး’’ဟု လုပ်သက် ၁၀ နှစ်ရှိ ဆိုက်ကားဆရာက သက်ပြင်းမောကို မှုတ်ထုတ်ရင်း ပြောသည်။

မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ ဒဂုံတောင်၊ မင်္ဂလာဒုံ၊ ပုလဲမြို့သစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ သာကေတ၊ သံလျင်မြို့နယ်၊ သုံးခွနှင့် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့နယ်တို့တွင် ဆိုင်ကယ် ကယ်ရီသမားများ တိုးပွားလာခြင်းကြောင့် မူလအနှေးယာဉ်လုပ်သားများ ၀င်ငွေလျော့ကျလာပြီး စီးပွားရေးမပြေလည်မှုများ ရင်ဆိုင်လာရသည်။

လွန်ခဲ့သော ၂ နှစ်ခန့်မှစ၍ ဆိုင်ကယ်ကယ်ရီများ ပေါများလာပြီး အလုပ်သမားများသော လှိုင်သာယာမြို့ နယ်၊ ဘီအိုစီအ၀ိုင်းတွင် ဆိုက်ကားဆရာ ၃၀ ခန့်က ၀င်ငွေခက်ခဲလာသဖြင့် ဆိုင်ကယ် ကယ်ရီသမား များကို နှိမ်နင်းရန် ဆန္ဒပြခဲ့သည်။

‘‘တခြားမြို့နယ်တွေကတော့ ဆန္ဒပြကြတယ်။ ဆိုက်ကားဆရာများတဲ့ မြောက်ဥက္ကလာပကတော့ မလှုပ်ရှားသေးဘူး။ အရမ်းကျပ်တည်းလာရင်တော့ ပြောလို့မရဘူး’’ ဟု မြောက်ဥက္ကလာပအ၀ိုင်းမှ ဆိုက်ကားဆရာတစ်ဦးက ပြတ်သားစွာဆိုသည်။ ဆိုက်ကားသမားများ ၀င်ငွေနည်းပါးသော အကြောင်းတစ်ချက်ကား လွန်ခဲ့သည့်နှစ်များက စတင်ပြီး မြို့တွင်း၌ ဆိုက်ကားပြေးဆွဲမှုကို ကန့်သတ်လိုက်ခြင်းကြောင့် ဆိုက်ကားဆွဲသူအများစုက မြို့အစွန်သို့ ပြောင်းရွှေ့သွားရခြင်း လည်း ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ခရီးတိုဆက်သွယ်ရေး အသုံးပြုယာဉ်များအဖြစ် အနှေးယာဉ်လုပ်သားများ က ပြည်သူကို အကျိုးပြုခဲ့သည်။ ဆိုက်ကားဆရာများသည် တစ်နှစ်တစ်နှစ်ကို မိုင်ပေါင်းများစွာ သယ်ဆောင်ပေးခဲ့ပြီး လူနှင့်ကုန်ချိန်များစွာ သယ်ဆောင်အကျိုးပြုခဲ့ကြသည်။

‘‘ဆိုက်ကားသမားတွေက သနားဖို့ကောင်းတယ်။ နေပူထဲနင်းရတာလေ။ ဈေးသည်တွေကတော့ ဆိုက်ကားပဲ အားကိုးရတယ်’’ ဟု နေ့စဉ်ဆိုက်ကားငှားစီးသော လှည်းတန်းဈေးတွင် ဆိုင်ဖွင့်ထားသူ အသက်(၆၀)အရွယ်အမျိုးသမီးက ဆိုသည်။

ရန်ကုန်မြို့မှာ လိုင်စင်ဆိုက်ကားနှင့် လိုင်စင်မဲ့နင်းသည့်ဆိုက်ကားပေါင်း သိန်းနှင့်ချီရှိပြီး ဆိုက်ကားနင်းသည့် ကာယသမားအများစုက ဒေသခံထက် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြသည်။

စပေါ်ငွေ၊ အာမခံငွေ သောင်းဂဏန်းအချို့ကို အသုံးပြုရပြီး အရင်းအနှီးအနည်းဆုံးနှင့် ရန်ကုန်မြို့ပေါ်မှာ အလုပ်အကိုင်ရရန် လွယ်ကူတာက ဆိုက်ကားနင်းသည့်အလုပ်ဖြစ်သည်။

ရန်ကုန်မြို့တွင် ဆိုက်ကားနင်းသူတစ်ယောက်၏ ၀င်ငွေက ငွေကျပ်ငါးထောင်နှင့် တစ်သောင်းကြား ရှိပြီး ဈေးဦးမပေါက်သည့်နေ့များလည်း ရှိနိုင်သည်။

ကိုယ်ပိုင်ကား၊ ဘတ်စ်ကား၊ ရထား၊ တက္ကစီများကို အသုံးပြုသွားလာနေရသော နေရာဒေသ များရှိသော်လည်း ရန်ကုန်မြို့လယ်နေရာများတွင်ပင် အနှေးယာဉ်ဆိုက်ကားများကို သုံးနေကြရဆဲဖြစ်သည်။

ဝေဘာဂီမြို့သစ်နေ ဆိုင်ကယ်စီးခရီးသည်တစ်ဦးက ‘‘ဆိုင်ကယ်က ဈေးသက်သာတယ်။ မြန်မြန် လည်းရောက်တော့ ဆိုင်ကယ်ပဲစီးတယ်’’ဟု ဆိုသည်။

မြို့နေလူထု သွားလာရေးအထောက်အကူပြုရာတွင် ဆိုက်ကားများပါဝင်ပြီး ဆိုက်ကားဆရာအများစု က ငွေကျပ်ရှစ်သိန်းတန် ဆိုက်ကားတစ်စီးပိုင်ဆိုင်ရန် မျှော်လင့်နေချိန်တွင် ငွေကျပ်သုံးသိန်းရှိရုံဖြင့် ဆိုင်ကယ်ဝယ်ပြီး ကယ်ရီဆွဲနိုင်သဖြင့် ဈေးကွက်ဝေစုက ဆိုက်ကားသမားများအတွက် တဖြည်းဖြည်းကျဉ်းလာသည်။

စားဝတ်နေရေးကျပ်တည်းမှုများက အခြေခံလူတန်းစားများကို ၀င်ငွေရှစ်ထောင်၊ တစ်သောင်း ရနိုင်သည့် ဆိုင်ကယ်ကယ်ရီသမား ဖြစ်လာစေကြောင်း မြောက်ဥက္ကလာပ ခြောက်ကွေ့မှ ဆိုင်ကယ် ကယ်ရီသမား တစ်ဦးက ဆိုသည်။

‘‘ဆိုင်ကယ်တွေ များလာတာ အုံနာတွေရှိတယ်လေ။ ဆိုင်ကယ်အုံနာက နှစ်ထောင်၊ ဆိုက်ကားအုံနာက တစ်ထောင်ဆိုတော့ ဆိုင်ကယ်ပဲ မောင်းကြတာပေါ့’’ ဟု ၎င်းကရှင်းပြသည်။

ရပ်ကွက်အတွင်းမှ စီးပွားရေးသမားတစ်ဦးက ‘‘လမ်းဘေးစီးပွားရေးပဲ။ ဆိုင်ကယ်က သုံးသိန်း ရင်းပြီး ငွေငါးထောင်၊ ခြောက်ထောင် ၀င်နိုင်တယ်။ ဆိုက်ကားက အုံနာကြေး ၁၂၀၀ နဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်တယ်’’ဟု မှတ်ချက်ပေးသည်။

ဆိုင်ကယ်ကယ်ရီများက မြို့ပြပို့ဆောင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာနေသည်။ သို့သော် ဆိုင်ကယ် ကယ်ရီများကို တရားဝင်ခွင့်ပြုခြင်း (သို့မဟုတ်) ကန့်သတ်ဧရိယာများ စနစ်တကျ သတ်မှတ်ဆောင်ရွက်ပေးရန် လိုအပ်သည်။

ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်တိုက်မှု ၂၇၅ မှုဖြစ်ပွားပြီး ၃၃ ဦး သေဆုံးခဲ့၍ ၃၇၅ ဦး ဒဏ်ရာရရှိခဲ့သည်။

‘‘ဆိုင်ကယ် ကယ်ရီတွေ မဖမ်းတာများလို့ အတင့်ရဲလာတာ။ အင်းစိန်၊ မင်္ဂလာဒုံဘက်မှာ ပေါ် တင်လုပ်နေတာ။ မဖမ်းလို့ သွေးတိုးစမ်းနေတာ။ တိတိကျကျလုပ်ရင် လိုက်နာထိန်းသိမ်းလာမယ်’’ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဆင်းရဲသားပပျောက်ရေးအတွက် အနှေးယာဉ်လုပ်သားများကို သယ်ယူပို့ဆောင်ရေးသမ၀ါယမအသင်းလီမိတက်သို့ ၀င်ရောက်စေကာ အသေးစားချေးငွေများ ထုတ်ချေးပေးနေသော်လည်း သိန်းချီရှိသော ဆိုက်ကားသမားအများစုမှာ ယင်းအသင်းနှင့် ဝေး ကွာနေပါသည်။

‘‘မိသားစုအတွက် ရှာဖွေရတာခက်လာတယ်။ ဆိုင်ကယ်သမားတွေ မရှိတော့ရင် ကောင်း မယ်’’ဟု မြောက်ဥက္ကလာပမှ ဆိုက်ကားဆရာက ယတိပြတ်ပြောသည်။

သို့သော် ဆိုင်ကယ် ကယ်ရီများကလည်း အချိန်နှင့်တစ်ပြေးညီ သွားလာလုပ်ကိုင်နေရသည့် မြို့နေလူထုအတွက်တော့ လိုအပ်နေသည်။ ထို့ကြောင့် ဆိုက်ကားရော၊ ဆိုင်ကယ် ကယ်ရီပါ မျှတစွာလုပ်ကိုင်နိုင်မည့် အနေအထားကို တာဝန်ရှိသူများက ဖန်တီးပေးရမည်ဖြစ်သည်။

‘‘အဖြေမရှာနိုင်ရင်တော့ ပြဿနာက ပိုကြီးလာဖို့ပဲရှိမယ်။ အစိုးရအနေနဲ့ အဖြေရှာပေါ့’’ဟု မြို့ပြစီမံကိန်းပညာ ရှင် ဦးဝင်းမြင့်က အကြံပြုပြောကြားသည်။
ဇေနွေထွန်း
အတွဲ (၁၃)၊ အမှတ်(၁၁)
7Day News

0 comments:

Post a Comment