Wednesday, May 28, 2014

အေဒီမီးပွိုင့်အနီးရှိ အင်းလျားကန်စပ်တွင် ၁၆ နှစ်အရွယ်ခန့် ပုပ်ပွလူသေအလောင်း တွေ့ရှိ

ကန်စပ်တွင်ပေါ်နေသော လူငယ်အလောင်းအား တွေ့ရစဉ်
မရမ်းကုန်းမြို့နယ် အေဒီမီးပွိုင့်အနီးရှိ အင်းလျားကန်စပ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက သိရှိရသည်။

မေ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် အေဒီမီးပွိုင့်အနီးရှိ အင်းယားကန်စပ်တွင် လူသေ အလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသဖြင့် စုံစမ်းရာ သေဆုံးသူမှာ အမည်မသိ အသက် ၁၆ နှစ် အရွယ်ခန့်ရှိ လူငယ်အလောင်းတစ်လောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလောင်းအား ရဲတာဝန်ရှိသူများ စစ်ဆေးရာ ယင်းသေဆုံးသည့် လူငယ်မှာ ပုပ်ပွနေပြီး အနီရောင် ရှပ်အင်္ကျီ ၀တ်ဆင်ထားကာ ဘောင်းဘီပါရှိခြင်း မရှိကြောင်းနှင့် အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

“အလောင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ ပြင်ပဒဏ်ရာတွေတော့ မတွေ့ရဘူး။ ပြီးတော့ အဲဒီအလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ပို့အပ်ထားပြီးတော့ မနက်ဖြန်မှာ ရင်ခွဲစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ သေဆုံးသူရဲ့ အမည်နဲ့ နေရပ်လိပ်စာ သိရဖို့ကိုလည်း သူပုံစံနဲ့ လူပျောက်တိုင်တာ ရှိ၊ မရှိကို ရဲစခန်း အသီးသီးကိုရော၊ ရဲစခန်းနဲ့ ဆက်စပ်တဲ့ မြို့နယ်တွေကိုရော မေးမြန်းပြီး အကြောင်းကြား ထားတယ်” ဟု မရမ်းကုန်း မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြောကြား ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို မရမ်းကုန်းမြို့မ ရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment