Wednesday, May 28, 2014

မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည်များလာရောက်မှု လျော့ကျ

မန္တလေးကျောက်ဝိုင်းတွင် အရောင်းအ၀ယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ − စိုင်းသာအောင်)

မန္တလေး Thursday, May 29, 2014
ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံသားများတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်နေဟုခန့်မှန်း။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီး သည့်နောက် မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မျက်ဈေးဖြစ်သော မန္တလေးကျောက်ဝိုင်းသို့ တရုတ်နိုင်ငံ မှ ကျောက်မျက်ကုန်သည်များ လာရောက်မှု ယခုရက်ပိုင်းအတွင်း သိသာစွာ လျော့နည်းသွားကြောင်း သတင်းရရှိသည်။

ပုံမှန်အချိန်များတွင် မန္တလေးကျောက်ဝိုင်းသို့ နေ့စဉ် ကျောက်မျက်ကုန်သည် နှစ်ရာကျော် လာရောက်မှု ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ကျောက်ဝိုင်းသို့ လာရောက်သည့် တရုတ် နိုင်ငံသား ထက်ဝက် ခန့် လျော့နည်းသွားကြောင်း မန္တလေး ကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့မှ ဦးအောင်ချိုက ပြောသည်။

ထိုသို့ တရုတ်ကျောက်မျက်ကုန်သည်များ လာရောက်မှုနည်းပါးသောကြောင့် မန္တလေး ကျောက်ဝိုင်း အရောင်းဝယ် စံချိန်တင်အေးနေသည်ဟု မန္တလေးမြို့ ခံ ကျောက်မျက်ကုန်သည်များက ပြောသည်။ မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကျောက်ကုန်သည်များ လာရောက်မှု နည်းပါးရခြင်းနှင့် ပတ်သက်၍ မြို့ခံကျောက်မျက်ကုန်သည်များကြားတွင် အမြင်အမျိုးမျိုးရှိနေသည်။

ယခုလဆန်းပိုင်းက ဗီယက်နမ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ယူနန်ပြည် နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများကြောင့် တရုတ်ကျောက် မျက်ကုန်သည်များ မန္တလေးသို့ လာရောက်မှု နည်းပါးသွားခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ကျောက်မျက် ကုန်သည်အချို့က ခန့်မှန်းသည်။

‘‘သူတို့ဆီမှာလည်း ဘူတာရုံမှာ တိုက်ခိုက်ခံရတာတို့၊ ဗုံးပေါက်ကွဲတာတို့လို အကြမ်းဖက်မှုတွေ ဖြစ်နေ တယ်။ ဗီယက်နမ်မှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှုတွေက ဖြစ်နေတော့ တရုတ်နိုင်ငံသားတွေ သွားလာနေထိုင် ဆင်ခြင်နေကြတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်း မန္တလေး ကို တရုတ်ကုန်သည်တွေ မလာဘူး’’ ဟု မန္တလေးကျောက်ဝိုင်းမှ ၀ါရင့်ကျောက်မျက်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

တရုတ် ကျောက်ကုန်သည်များကို အဓိကထား၍ အရောင်းအ၀ယ်လုပ်နေသည့် မန္တလေး ကျောက်ဝိုင်းသို့ တရုတ်ကျောက်မျက်ကုန်သည်များ လာရောက်မှု နည်းသည့်အတွက် အရောင်းအ၀ယ် အေးနေသလို ထိုသို့ အရောင်းဝယ်အေးနေသည့်အတွက် မလာရောက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပွင့်ကောင်းကျောက်မျက်လုပ် ငန်းမှ ဦးသန်းဝင်းက သုံးသပ်သည်။

‘‘ကျောက်ဝိုင်းမှာ အရောင်းအ၀ယ်မကောင်းလို့ မလာတာပါ’’ ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံအစိုးရ၏ ဘဏ်များမှ တရုတ်ကျောက်မျက်ကုန်သည်များအပေါ် ငွေထုတ်ချေးပေးခြင်းမ ရှိတော့ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံရှိ ကျောက်မျက်အရောင်းဝယ်လုပ်ငန်းများ အရောင်းဝယ်အေးနေ ပြီး အကျိုးဆက်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ကျောက်မျက်ကုန်သည်နည်းပါး သွားခြင်း ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ကျောက်မျက်ကုန်သည်အချို့က ထင်ကြေးပေးသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီကြယ်ခေါင် ကျောက်မျက် ဈေးကွက်တွင်လည်း အရောင်းဝယ်အေးနေသည်ဟု ရွှေလီဒေသခံ ကျောက်မျက်ကုန်သည်များက ပြောသည်။

လွန်ခဲ့သည့် လများမှစတင် ၍ မြန်မာ ကျောက်မျက်ဈေး ကွက်သို့ လာရောက်ဝယ်ယူနေ သည့် တရုတ်ကျောက်မျက်ကုန် သည်များအား တရုတ်အစိုးရ၏ ဘဏ်များက ငွေထုတ်ချေးခြင်း မရှိတော့ကြောင်း၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီးသည့်နောက် တရုတ်နိုင်ငံအစိုးရ၏ မူဝါဒအပြောင်းလဲ အဖြစ် ကျောက်မျက်ကုန်သည်များ၏ ငွေချေးယူခြင်းများတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တရုတ်အစိုးရက ကျောက်ကုန်သည်များအား ငွေမချေးတော့ဘဲ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများကို အဓိက ငွေချေးပေးနေကြောင်း ရွှေလီ ဒေသခံအချို့က ဆိုသည်။

ထိုသို့ တရုတ်အစိုးရဘဏ်များသည် ကျောက်မျက်ကုန်သည်များထံမှ ငွေများပြန်သိမ်းနေသည့်အတွက် မြန် မာကျောက်မျက်ဈေးကွက် အရောင်းဝယ်ထိခိုက်မှု ရှိနေခြင်းဖြစ်ကြောင်း မန္တလေး ကျောက်ဝိုင်းမှ ကျောက် မျက်ကုန်သည်အချို့က ယူဆသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) မှ တာဝန်ရှိသူတစ်ဦး ကမူ ‘‘သူတို့ဘက်မှာလည်း အရောင်းအ၀ယ်က မကောင်းဘူး။ အဲဒါကြောင့် ဒီဘက်ကို တရုတ်ကုန် သည်လာတာ နည်းတာပါ။ တရုတ်အစိုးရကလည်း မြန်မာ့ကျောက်မျက်ဈေးကွက် ထိခိုက်အောင် လုပ်တယ်လို့ မထင်ပါဘူး’’ ဟု ပြောသည်။

မြန်မာ့ကျောက်မျက်ဈေးကွက် အလားအလာ မည်သို့ ဖြစ်နိုင်မည်ကို လာမည့်ဇွန်လအတွင်း နေပြည်တော် တွင် ယူရိုငွေဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲသို့ တရုတ်ကျောက်ကုန်သည်များ လာရောက်မှု ရှိ၊ မရှိ အပေါ် စောင့်ကြည့်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ ကျောက်မျက်ကုန်သည်များက ပြောကြားသည်။
7Day Daily

0 comments:

Post a Comment