Monday, May 26, 2014

စွဲလမ်းမှု ပြဿ နာ

Monday, May 26, 2014
ယခုမနက် ထိုင်း၊ မြန်မာနှစ်နိုင်ငံနှင့် စစ်တပ်အာဏာသိမ်းမှုများ အကြောင်း ဆွေးနွေးပါမည်။

ထိုင်းနိုင်ငံကို လူတစ်ဦး အနေဖြင့် တွေးကြည့်ရလျှင် ဆေး ကုသမှုအရေးတကြီးလိုအပ် နေသည့် လူနာတစ်ဦးဟု ဆိုရ မည်။ အရက်စွဲမှု၊ မူးယစ် ဆေးစွဲမှုများကို ဆေးရုံတက်ပြီး ဖြတ်ရသလို ထိုင်းနိုင်ငံမှာလည်း ဖြတ်တောက်ကုသရမည့် စွဲလမ်း မှုပြဿနာတစ်ခုရှိနေသည်။

အာဏာသိမ်းမှုကို စွဲလမ်း ခြင်း (Coup Addiction)ပဲဖြစ်ပါ သည်။

စစ်တပ်က ပထမဆုံး အာ ဏာသိမ်းခဲ့သည့် ၁၉၃၂ ခုနှစ်မှ စတွက်လျှင် ယခုအချိန်ထိ ၈၂ နှစ်အတွင်း အောင်မြင်စွာ အာ ဏာသိမ်းခဲ့သည်က(၁၂)ကြိမ်၊ ကြိုးပမ်းအားထုတ်မှုက (၇)ကြိမ်၊ စုစုပေါင်း (၁၉)ကြိမ်ဖြင့် ‘‘ကမ္ဘာ့ ဖလားအာဏာသိမ်းပြိုင်ပွဲ’’မှာ ထိုင်းက ရွှေဖိနပ်ဆုရဖို့ ကျိန်းသေ နေပါသည်။

အရက်စွဲသူများက ဝီစကီ၊ ရမ်၊ ဂျင်၊ ဘရန်ဒီ စသည့်အရက် အမျိုးမျိုးကို ဘာရရမှီဝဲတတ်ကြ သလို ထိုင်းနိုင်ငံရေး သမိုင်းမှာ လည်း အာဏာသိမ်းမှုများကို တံဆိပ်အမျိုးမျိုး၊ ကြွေးကြော်သံ အမျိုးမျိုးဖြင့် ထုပ်ပိုးသုံးစွဲလေ့ရှိ ကြသည်။

ကွန်မြူနစ်အန္တရာယ်ကို ချေ မှုန်းရေးအာဏာသိမ်းမှု၊ အရှင် မင်းမြတ်ကို ကာကွယ်ရေး အာဏာသိမ်းမှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအာဏာသိမ်းမှု၊ ငြိမ်ဝပ်ပိပြားရေးအတွက် အာဏာသိမ်းမှု၊ အာဏာသိမ်းမှုကို ကြိုတင်ကာကွယ်ရေး အာဏာသိမ်းမှု၊ သိမ်းချင်လို့သိမ်းသည့် အာဏာသိမ်းမှု စသည်ဖြင့် အရောင်စုံမထပ်အောင် ထုပ်ပိုးပြင်ဆင်ကြသည်။

ထိုင်းနိုင်ငံရေးရာသီဥတုမှာ အာဏာသိမ်းပွဲ၏ ရွာရန်ရာနှုန်း ကို ခန့်မှန်းဖို့အတွက် မိုးလေဝသ ပညာရှင် ဆရာဦးထွန်းလွင်၏ အကူအညီမလိုပါ။ ထိုင်းစစ်ဗိုလ် ချုပ်ကြီးများ၏ စကားကိုသာ နား ထောင်ကြည့်ဖို့ ဖြစ်ပါသည်။ ဗိုလ် ချုပ်ကြီးများက ‘‘အာဏာသိမ်း မည်မဟုတ်ပါ’’ဆိုလျှင်တော့ အိမ် အတွက် ဆီနှင့် ဆန်ကို အပြည့် ဝယ်ထားရန် လိုအပ်ပါလိမ့်မည်။ ရက်အနည်းငယ်အတွင်းမှာ ဘန် ကောက်မြို့၏ လမ်းများပေါ်ကို တင့်ကားများလှိမ့်တက်လာဖို့ နီး စပ်နေပါပြီ။

ယခုနောက်ဆုံးတစ်ကြိမ် (၁၉)ကြိမ်မြောက်ဂိုးကို သွင်းသူ ကတော့ ထိုင်းကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ချန် အိုချာဖြစ်သည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်က စစ်အုပ်ချုပ်ရေးကို ၎င်းက ကြေညာခဲ့သည်။ အာဏာ သိမ်းခြင်းလုံးဝမဟုတ်ပါဟု အာမခံသည်။ အာမခံပြီး ၄၈ နာရီအကြာမှာတော့ ရုပ်မြင်သံကြားကတစ်ဆင့် ၎င်းကပဲ နိုင်ငံအာဏာကို ထိုင်းစစ်တပ်ကသိမ်းယူလိုက်ပါပြီဟု ကြေညာပြန်သည်။

အရက်ဖြတ်ဖို့ ကြိုးစားသူ တစ်ဦးက စိတ်ညစ်မှုကိုအကြောင်း ပြပြီး အရက်ပြန်သောက်သလို ထိုင်းနိုင်ငံသည်လည်း အရပ်သား နိုင်ငံရေး အကျဉ်းအကျပ်များကို အကြောင်းပြုပြီး အာဏာသိမ်းမှု နည်းလမ်းက ရုန်းမထွက်နိုင်သေး ပါ။ အာဏာသိမ်းမှုများနှင့် ထိုင်း နိုင်ငံ မည်မျှကျင့်သားရနေသည် ကို ဘန်ကောက်မြို့လမ်းများပေါ် တွင်တွေ့နိုင်သည်။ လုံခြုံရေးယူ ထားသည့် စစ်သားများနှင့် တွဲ ရိုက်သည့် ဓာတ်ပုံများနှင့် Selfie များက အာဏာသိမ်းမှုကို စွဲလမ်း သည့် လက္ခဏာများအဖြစ် မြင် တွေ့ရသည်။

ထိုင်းနိုင်ငံရေးမှာ အာဏာ သိမ်းယဉ်ကျေးမှု (Coup Culture) တည်ရှိနေသည်ဟု ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ နိုင်ငံ တကာရေးရာကျွမ်းကျင်သူ ဒေါက်တာနီကိုးလပ်စ်ဖာရယ်လီက ဩစတြေးလျနိုင်ငံတကာ ဆက်ဆံရေးဂျာနယ်မှာ ၂၀၁၃ ခုနှစ်က ရေးသားခဲ့သည်။ ထိုင်းနိုင်ငံရေးမှာ အကျပ်အတည်းများတွေ့သည့်အခါ မျက်နှာချင်းဆိုင်ရင်ကြားစေ့ဖြေရှင်းမှုကိုမလုပ်နိုင်ဘဲ စစ်တပ်က ဝင်ရောက်အာဏာသိမ်းခြင်းဖြင့်သာ အဆုံးသတ်သွားလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဆက်ဆံရေးကောင်စီ (Council on Foreign Relations) က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူဆောင်းပါးရှင် ဂျို ရွာကာလန်ဇစ်ကတော့ ထိုင်းစစ် တပ်၏ သဘောသဘာဝကို သုံး သပ်သည်။ မည်သည့်နိုင်ငံနှင့်မှ စစ်ဖြစ်ပွားနေခြင်းမရှိဘဲ ကြီးထွားနေသည့် တပ်အင်အားကို ထောက်ပြသည်။ ထိုင်းနိုင်ငံတွင် ကြည်း၊ ရေ၊ လေ ဗိုလ်ချုပ်စုစု ပေါင်း ၁,၇၀၀ ခန့်ရှိနေသည်။ စစ် သားအရေအတွက် အချိုးနှင့် ကြည့်လျှင် အမေရိကန်စစ်တပ် ထက်ပင် ပိုများသည်ဟုဆိုရမည်။ ၎င်းတို့အများစုမှာ အလုပ်တာဝန် များ မည်မည်ရရမရှိပါ။ သို့နှင့် ၎င်းတို့အတွေးအခေါ်မှာ နိုင်ငံရေး တွင် စွက်ဖက်လွှမ်းမိုးခြင်းဖြင့်ဂုဏ်သိက္ခာ၊ အဆောင်အယောင်နှင့် အခွင့်အလမ်းများရဖို့ကို ဦးတည်နေသည်ဟု ဂျိုရွာက ဆိုသည်။

ယခုတော့ အသက် (၆၀) ပြည့်နေသည့် ဗိုလ်ချုပ်ကြီး ပရာ ယွတ်က ပင်စင်မယူမီ ထိုင်းနိုင်ငံရေး  အကျပ်အတည်းကို  ဖြေရှင်းမည်။ မဖြေရှင်းနိုင်သေးလျှင်ပင်စင် မယူသေးပါဟု ဆိုလာသည်။

၁၉ ဂိုးသွင်းသည့် ထိုင်းစစ် တပ်ကိုကြည့်ပြီး မြန်မာတို့အား ငယ်ရန် မလိုအပ်ပါ။ မြန်မာက ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်သာ အာ ဏာသိမ်းခဲ့ပါသည်။ သို့သော် ထို တစ်ကြိမ်က နှစ် ၅၀ ကျော်တည် တံ့ပါသည်။ ထိုင်းနိုင်ငံ၏ ပြဿ နာက နိုင်ငံရေးအကျပ်အတည်း များတွေ့တိုင်း အာဏာသိမ်းလေ့ ရှိသည့် အလေ့အထကို ဖျောက် ဖျက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြဿနာက တစ်ကြိမ်အာဏာ သိမ်းပြီး တိုင်းပြည်ကို ဆယ်စုနှစ် များကြာအောင် စစ်မှုပြုခဲ့သည့် စနစ်ကို တစ်စစီပြန်ဖြုတ်ရမှာ ဖြစ်သည်။

လမ်းများပေါ်ကို တင့်ကား များ တက်မလာသည့်တိုင် အရပ် ဘက် လူ့အဖွဲ့အစည်း၏ ဌာန အသီးသီးနှင့် အဖွဲ့အစည်းတိုင်း မှာ ဝင်ရောက်ချုပ်ကိုင်ထားသည့် တပ်မတော်သားများနှင့် တပ်မတော်သည် နိုင်ငံရေး၏ ဗဟိုချက်ဆိုသည့်စနစ်ကို တစ်ဆင့်ချင်းပြုပြင်ပြောင်းလဲသွားဖို့ဖြစ်သည်။

ထိုင်းနိုင်ငံ၏ သင်ခန်းစာကို ယူရလျှင် မျက်နှာချင်းဆိုင်စေ့စပ် ဆွေးနွေးရေးများကို လူ့အဖွဲ့ အစည်းအကျိုးကိုကြည့်ပြီး မဖြစ် ဖြစ်အောင် ပြုလုပ်သွားနိုင်ကြဖို့ ဖြစ်သည်။ စေ့စပ်ဆွေးနွေးမှုများ ကို အောင်မြင်အောင်မလုပ်နိုင် လျှင် နောက်တစ်ဆင့်မှာတွေ့မည့် ထိပ်တိုက်ရင်ဆိုင်မှုများက တပ် မတော်အပါအဝင် တာဝန်ရှိသူ များကို ထာဝရနာမည်ဆိုးပေးပါ လိမ့်မည်။

ယခုအထိတော့ ထိုင်းနိုင်ငံ က အရက်စွဲလမ်းမှုကို ဖြတ်ဖို့ ကြိုးစားသည့်တိုင် မအောင်မြင် သူဟုဆိုရလျှင် မြန်မာနိုင်ငံက ဖြတ်ဖို့ မစဉ်းစားဘဲခိုးသောက်နေ သူဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ ပြုပြင်ပြောင်းလဲရေးများစတင်ပြီး အပြုသဘောဆောင်သည့် ခြေ လှမ်းများ လှမ်းပြနေသည့်တိုင် စွဲလမ်းမှုကို မဖြတ်နိုင်သည့် သင်္ကေတများကို တွေ့ရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆုပ်ကိုင်ထားမှုက သက်သေပြနေသည်။

နိုင်ငံတကာ အသိုင်းအဝိုင်း က အနံ့ခံ၍ သိပ်မရနိုင်သည့် ‘‘ဂျင်’’အရက်ကို သံပရာသီးညှစ် ပြီး မှီဝဲဦးမည့်သဘောရှိသည်။ ထိုင်းနိုင်ငံမှာတော့ တင့်ကားများ က လမ်းများပေါ်မှာ နေရာယူထားကြသည်။ မြန်မာနိုင်ငံမှာတော့ တင့်ကားများက လမ်းများပေါ်မှာ ရှိမနေကြပါ။

တင့်ကားများက နိုင်ငံ၏ စီးပွားရေးဈေးကွက်၊ အစိုးရအဖွဲ့ ရုံး၊ လွှတ်တော်နှစ်ရပ်နှင့် ရွေး ကောက်ပွဲကော်မရှင်တို့ကို ထိန်း ချုပ်ထားပြီး ဖြစ်နေလို့ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့် အာဏာသိမ်းမှု (Constitutional Coup)ဟုပဲ ဆိုရ ပါလိမ့်မည်။။
ရဲမိုး
7Day Daily

0 comments:

Post a Comment