Friday, May 23, 2014

ထိုင်းနိုင်ငံရေးခေါင်းဆောင်တွေ စစ်တပ်က ခေါ်ယူ ထိန်းသိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် လိုက်ပါလာတယ်လို့ ယူဆရတဲ့ အလုံပိတ်ကား စစ်တပ်ဝင်းထဲ ဆိုက်ရောက်လာ။ (မေ ၂၃၊ ၂၀၁၄)
23.05.2014
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ နိုင်ငံရေးခေါင်းဆောင် တော်တော်များများ ဟာ စစ်တပ်ရဲ့ ဆင့်ခေါ်မှုအရ ဘန်ကောက်မြို့က စစ်စခန်းတခုကို သွားရောက် ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဆင့်ခေါ်မှုကို လာရောက် သတင်းပို့ကြတဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က အစောင့်အရှောက်နဲ့ တခြားနေရာတခု ကို ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေကြောင့် ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိတယ်လို့လည်း ယူဆရပါတယ်။

အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အ စည်းတွေ ပါဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အစိုးရခေါင်းဆောင်တွေ အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေးသမား ၁၅၅ ယောက်ကို နိုင်ငံကနေ ထွက်ခွာခွင့် တားမြစ် ထားကြောင်း ဖော်ပြထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင် ငံရေး ပြုပြင်ပြောင်းလဲမှုကို ရှေ့ရှုပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့အကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက် သလို၊ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်တွေကလည်း ထုတ်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေ အပါအ၀င် သတင်းမီဒီယာတွေကိုလည်း ပိတ်ပင်တားမြစ်မှုတွေ လုပ်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲလာပြီး နောက် ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခေါက်နဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။
ဗွီအိုအေ (မြန်မာပိုင်း)

0 comments:

Post a Comment