Wednesday, May 21, 2014

ဝမ်ပေါင်မှ တရုတ်ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးခဲ့သူများနှင့် ရဲကားဖျက်ဆီးသူများ အမှုဖွင့်ခံရ

မုံရွာ၊ မေ ၂၀
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ကျရောက်နေသော ဆည်တည်း ရွာဟောင်းအနီးတွင် မေလ၁၈ရက်နေ့ နံနက်ပိုင်းတွင် ခြံစည်းရိုးခတ်ရန် လာရောက် တိုင်းတာသည့် တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့သည့် ဆည်တည်း ရွာဟောင်းမှ ဒေသခံများနှင့် ကျောက်ဖြူတိုင်ကျေးရွာ အမကကျောင်းအတွင်း ရဲကားများကို ဖျက်ဆီးခဲ့သည့် ကျောက်ဖြူတိုင်ရွာသူ၊ ရွာသားများအား ဆားလင်းကြီး မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံသား ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦး ဖြစ်သည့် Mr.Luyoanhao နှင့် Mr.Miu Jie တို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ဆည်တည်းရွာဟောင်းမှ ရွာသူရွာသားဦးရေ ငါးဆယ်ကျော်ခန့်အား အရေးယူ ဆောင်ရွက်ပေးပါရန် ဝမ်ပေါင်ကုမ္ပဏီက ဆားလင်းကြီး မြို့မရဲစခန်းသို့ မေလ ၁၈ ရက်နေ့ ညပိုင်းတွင် သွားရောက် တိုင်တန်းခဲ့ကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာဂန်းရီက ပြောကြားသည်။

တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးချုပ်နှောင် ထားရှိခဲ့ခြင်းအတွက် ဆည်တည်းရွာဟောင်းမှ ရွာခံငါးဆယ်ကျော်ကို မြို့မရဲစခန်းက (ပ) ၇၇/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ကျောက်ဖြူတိုင် ကျေးရွာတွင် ထားရှိခဲ့သည့် ပြည်သူပိုင် ယာဉ်များအား လူစုလူဝေးဖြင့် ထုနှက် ရိုက်ခွဲဖျက်ဆီးခဲ့သည့် ကျောက်ဖြူတိုင်ရွာသူ ရွာသားများကို (ပ)၇၈/၂၀၁၄၊ ပြည်သူပိုင် ဥပဒေပုဒ်မ၆ (၁) ဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီး မြို့မရဲစခန်းထံမှ သိရသည်။

“မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးမှာ တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့တော့ ဒေသခံတွေက အရေးယူမှုတွေ လုပ်မှာလားလို့ မေးတယ်။ တာဝန်ရှိသူတွေက နိုင်ငံခြားသားတွေ ဖြစ်တဲ့အတွက် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အမှုဖွင့် အရေးယူထားတယ်လို့ ပြောတယ်။ ရုံးချိန်းရင်လာပြီး တစ်ရက်တည်း အမှုစစ်ဆေးပေးမယ်လို့လဲ နှုတ်ကတိတွေတော့ ပေးခဲ့တယ်။ အရေးယူမှုတွေ မလုပ်ပါဘူးလို့လဲ ပြောတယ်” ဟု ဆည်တည်းရွာသစ် ဆက်ဆံရေးရုံးတွင် ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သည့် ဆည်တည်းကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွင်းရှိ ဆည်တည်းကျေးရွာ အနီးတွင် မေလ ၁၈ ရက်နေ့ညက တရုတ် ဝန်ထမ်းနှစ်ဦးကို ကယ်တင်ရန် ကြိုးစားသည့် ရဲတပ်ဖွဲ့များနှင့် ဒေသခံရွာသားများ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားခဲ့သော်လည်း မေလ ၁၉ ရက်နေ့ ညနေတွင် တရုတ်နိုင်ငံသား နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။
The Voice Weekly

0 comments:

Post a Comment