Thursday, May 29, 2014

ခြံစည်းရိုးမှ စိုးရိမ်သံ

Thursday, 29 May 2014 05:49
နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် အနောက်ဘက်တံခါး လုံခြုံရေးမှာ စိုးရိမ် အမှတ်သို့ ရောက်နေဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် လုံခြုံရေး တာဝန်ယူထားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO (Rohingya Solidarity Organization) အမည်ရ လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲသုံးကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့မှုတွင် ရဲတပ်သား လေးဦးကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ရာ နယ်စပ်ဒေသ လုံခြုံရေး အခြေအနေမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

မေလ ၁၃ ရက်နေ့က မိုင်တိုင်အမှတ် ၃၈၊ ၃၉ ကြားတွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် RSO တပ်ဖွဲ့က ဗိုလ်မှူး အဆင့်ရှိသူတစ်ဦး ကျဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီးရွှေသန်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် လေးရက်အကြာ မေလ ၁၇ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦး ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် မဟာဗန္ဓုလ ကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေး တက်ရန် လာရောက် စဉ် မိုင်တိုင်အမှတ် ၅၂ အရောက်တွင် အင်အား ၆၀ ခန့် ပါဝင်သည့် RSO တပ်ဖွဲ့က ချုံခို တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်သားလေးဦး ကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မေလ ၂၈ ရက်နေ့တွင်လည်း RSO လက်နက်ကိုင်နှစ်ဦး နယ်စပ် ခြံစည်းရိုး ချဉ်းကပ်လာသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ RSO လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ထွက်ပြေးသွားကြောင်း နယ်ခြားစောင့် ရဲတပ်ရင်း (၂) မှ ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန် က ပြောကြားသည်။

နယ်စပ်နေရာများတွင် လုံခြုံရေးတပ်ဖွဲ့များ ချထားသည်ဟု ဆိုသော်လည်း RSO လက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများလည်း အကြမ်းဖက် တိုက်ခိုက်ခံရမည်ကို  စိုးရိမ်နေကြကြောင်း ဒေသခံရခိုင် တိုင်းရင်းသားများက ပြောဆိုကြသည်။
“လုံခြုံရေးတွေ ချထားတယ် ဆိုပေမယ့် ကျွန်တော်တို့ စိတ်မချဘူး။ အရမ်းကြောက်ကြောက် လန့်လန့် နဲ့ နေနေရတယ်” ဟု ပြောဆိုသူက နယ်စပ်ခြံစည်းရိုး အနီးတွင် တည်ရှိသည် နံသာတောင်ကျေးရွာမှ ဦးစိန်လှဦး ဖြစ်သည်။

နိစ္စဒူဝ လုပ်ကိုင်နေသည့် ထင်းခုတ်၊ ကဏန်းရှာ၊ ငါးဖမ်းစသည့် ဝမ်းရေး ဖြေရှင်းနေရသည့် လုပ်ငန်းများကို နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံများ ဆက်လက် မလုပ်ကိုင်ဝံ့ကြကြောင်း လက်ရှိ အခြေ အနေကို ၎င်းက ဆက်လက်ရှင်းပြသည်။

မောင်တောဒေသတွင် RSO နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း အကြမ်းဖက် အဖွဲ့အစည်းများ ဝင်ရောက်လာ သည့် သတင်းများကြောင့် ၂၀၁၃ခုနှစ် သြဂုတ်လကလည်း လုံခြုံရေးများ သိသိသာသာ တိုးမြှင့်ခဲ့ဖူးသည်။ ယင်းသို့ မတည်ငြိမ်မှုများ၊ ဘင်္ဂါလီ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး တိုင်းရင်းသား လူဦးရေ နည်းပါးသည့် လူဦးအချိုးအစား မညီမျှမှု ပြဿနာ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားမှုများကြောင့် လုံခြုံရေးကို အထူးအစီအမံဖြင့် လုပ်ဆောင်ပေးရန် ဒေသခံများက အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မေလ ၁ ရက်နေ့က ကျင်းပခဲ့သည် ရခိုင် အမျိုးသား ညီလာခံတွင်လည်း ရခိုင်ပြည်နယ် နောက်ကျော မလုံသည့် အရေးနှင့် ပတ်သက်၍ အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။ ယင်းညီလာခံက အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြတောင်းဆိုရန် ချမှတ်ထား သည့် မူဝါဒ အကြမ်းတွင် လုံခြုံရေး အစီအစဉ်များနှင့် ပတ်သက်၍ အောက်ပါအတိုင်း တွေ့ရှိရသည်။

လုံခြုံရေးအင်အား သုံးဆတိုးမြှင့်ပေးရန်၊ ရေတပ်များကို ပြည်နယ်အစိုးရက တိုက်ရိုက်စီမံခွင့် အခွင့်အာ ဏာပေးရန်၊ မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်ရပ်ရွာများ တိုးချဲ့ရန်နှင့် လုံခြုံရေးအထူး စီမံချက်ချရန်၊ နယ်စပ် လုံခြုံရေးအတွက် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့ စစ်တပ်ဖွဲ့စည်း၍ အစိုးရ ကာကွယ်ရေး တပ်များ၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင် လုံခြုံရေးအတွက် အဆင့်မြင့် လက်နက်များ၊ နည်းပညာများအပြင် ကမ်းရိုးတမ်း အမြန်ယာဉ်နှင့် အဆင့်မြင့် ရေတပ် သင်္ဘောများ၊ ကင်းလှည့် ရေယာဉ်များ၊ ရေဒါစခန်းများကို တိုးမြှင့်ပေးရန်၊ မောင်တောနယ်စပ်တွင် ရခိုင်ပြည် ကာကွယ်ရေးအတွက် ဒေသခံများ ဦးစီးသော ကာကွယ်ရေးတပ်တစ်ခု ထားရှိရန်၊ ကမ်းရိုးတန်း တစ်လျှောက် ခိုင်ခံ့သော ခြံစည်းရိုး ကာရံခြင်းနှင့် လုံခြုံရေးဝန်ထမ်း ကင်းစခန်း များကိုလည်း မလှမ်းမကမ်း အကွာအဝေးတွင် ချထားရန်စသည့် အချက်များ ပါဝင်နေသည်။

ပကတိ အခြေအနေတွင် RSO တပ်များ ဝင်ရောက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလာသော်လည်း လုံခြုံရေး အင်အား သိသိသာသာ တိုးမြှင့်ပေးမှု မတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်တာဝန်ယူနေသည့် တပ်မတော်သား ခြောက်ဦးခန့် ရှိသော်လည်း လုံခြုံရေး အခြေအနေ စိုးရိမ်ကြသဖြင့် တပ်မတော်သားများနှင့် ပူးပေါင်းကာ ဒေသခံများ ကင်းစောင့်နေကြောင်း နံသာတောင် ကျေးရွာမှ ဦးစိန်လှဦးက ပြောကြားသည်။
“နေ့ဘက်ဆိုရင် အလှည့်ကျ ကင်းစောင့်ပေးတယ်။ ညဘက်ဆိုရင် တစ်ရွာလုံးက လူတွေ ကင်းစောင့် တယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေသခံများ လုံခြုံရေး တိုးမြှင့်ပေးရန် တောင်းဆိုမှု၊ RSO အဖွဲ့အစည်းနှင့် တိုက်ပွဲများ မကြာခဏ ဖြစ် ပွားမှုများ ရှိနေသော်လည်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းကမူ နယ်စပ်ဒေသ လုံခြုံရေးအတွက် လုံခြုံရေး အစီအမံ ထူးထူးခြားခြား လုပ်ဆောင်ရန် မလိုအပ်ကြောင်း ဆိုသည်။

“လုံခြုံရေးကတော့ အရင်အတိုင်းပါပဲ။ မောင်တောမှာရှိတဲ့ လုံခြုံရေး အင်အားက နည်းတဲ့အင်အား မဟုတ်ဘူး။ လုံခြုံရေး အပြည့်ထားပါတယ်။ ဘာမှ မဖြစ်ပါဘူး” ဟု ၎င်းက ယတိပြတ် ပြောဆိုသည်။

RSO များ၏ တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် ရဲတပ်သားများသည် သင်တန်းဆင်းခါစ တာဝန် ထမ်းဆောင်ရသည့် အတွေ့အကြုံ မရှိသေးသည့် ဝန်ထမ်းများဖြစ်ပြီး ကိုင်ဆောင်သည့် လက်နက်များမှာ လည်း အရည်အသွေး ညံ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကို ဆက်သွယ်ခဲ့ရာ မေးမြန်းခွင့် မရရှိခဲ့ပေ။

မောင်တောခရိုင်တွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကို ဖျက်သိမ်းပြီးနောက် ရဲတပ်ဖွဲ့က တာဝန်ယူခဲ့ပြီး အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာနက ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ယင်းဒေသတွင် တာဝန် ထမ်းဆောင်နေသည့် ကျောင်းဆရာ တစ်ဦးကမူ အစိုးရက လုံခြုံရေး အပြည့်အဝ မပေးထားသဖြင့် အချိန်ပြည့် စိုးရိမ်နေရပြီး လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ပိုမိုသတိထားရ မည် ဖြစ်ကြောင်း ပြောကြားသည်။

“အဲဒီနေရာမှာ တာဝန်ကျနေတဲ့ သူတွေကတော့ အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ တာဝန် ထမ်းဆောင်နေကြတာပါ။ အသက်စွန့်ပြီး လုပ်နေရတာပါ” ဟု ၎င်းက ဖွင့်ဟသည်။

နယ်စပ်ဒေသ ဖြစ်သည့် မောင်တော၊ ဘူးသီတောင် စသည့် မြို့များသည် ဘင်္ဂါလီများ တရားမဝင် ခိုးဝင်၊ ခိုးထွက်မှု အန္တရာယ်၊ ဘင်္ဂါလီနှင့် ရခိုင် တိုင်းရင်းသားများကြား ပဋိပက္ခ အန္တရာယ်၊ RSO ကဲ့သို့ လက်နက် ကိုင်များ၏ အန္တရာယ် စသည့် ပြဿနာ များကြောင့် လုံခြုံရေးသတိ အမြဲရှိရန်၊ လုံခြုံရေး အစီအမံများကို စနစ်တကျ လုပ်ကိုင်ရန် အထူးအရေးကြီးသည်။

နယ်စပ်ခြံစည်းရိုးနှင့် တစ်မိုင်ဝန်းကျင် အကွာတွင် တည်ရှိသည့် နံသာတောင် ကျေးရွာမှ ဦးရဲနိုင်ဦးကမူ “ဒီအတိုင်းသာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ဘေးလွတ်ရာသို့ ပြေးရမယ်” ဟု ပြောဆိုလိုက်သည်။  
အောင်မြင့်ထွန်း
The Voice Weekly

0 comments:

Post a Comment