![]() |
ပြည်ပတင်ပို့ရန် သီလ၀ါဆိပ်ကမ်း ဧရိယာအတွင်း ထားရှိသော သစ်လုံးများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) |
ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနှင့် အထပ်သား၊ အခြားသစ်တောထွက်ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုးနှင့် နယ်စပ်စခန်းများမှ ၃၁ ဒသမ ၄၁၆ သန်းဖိုးအထိ တင်ပို့ခဲ့သည်။
ပြည်ပသို့ အများဆုံးတင်ပို့ခဲ့သည့် သစ်တောထွက်ပစ္စည်းမှာ ကျွန်းသစ်လုံးဖြစ်ပြီး ၆၃၈ ဒသမ ၃၇၇ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ကျွန်းသစ်ခွဲသားများအား တန်ချိန်ပေါင်း ၃၄၃၂၈ တန်အထိ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၅၂ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရသည်။
သစ်မာလုံးများအား ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ခဲ့ပြီး စုစုပေါင်း တန်ချိန် ၅၉၀၀၀၀ ကျော်အထိ တင်ပို့ခဲ့ကာ ၂၂၂ ဒသမ ၂၆၁သန်းအထိ တင်ပို့ခဲ့ကြောင်း သိရသည်။ သစ်မာခွဲသား တန်ချိန် ကိုးထောင်ကျော်နှင့် သစ်ပါးလွှာနှင့် အထပ်သားတန်ချိန် ၁၈၀၀၀ ကျော်ကိုလည်း တင်ပို့ခဲ့ကြောင်း သိရသည်။
သစ်တောပြုန်းတီးမှုများပြားသည့် မြန်မာနိုင်ငံတွင် မတ် ၃၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းအား တားမြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်တစား စုံစမ်းမှုများရှိနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းအား ရပ်ဆိုင်းရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င်သစ်တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ နှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ "အချက်အလက်ခြစားမှု" အစီရင်ခံစာအရ သိရသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့် သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှုအချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်ကာလအတွင်း တရားမ၀င်သစ်တင်ပို့မှုပမာဏများသည် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာသစ်ကုန်သွယ်မှုများ၏ ၂၈ရာခိုင်နှုန်းသာရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက်ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှုပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ်တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာ ခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှုအပါအ၀င် တရားမ၀င်သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင်ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၄၁၃ သန်းခန့်ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င်သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။
Eleven Media Group