Monday, April 28, 2014

ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်ဖြူ ဧပြီ ၂၇
ရခိုင်အမျိုးသား ညီလာခံ(ကျောက်ဖြူ) ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက် နံနက် ၇ နာရီက ကျောက်ဖြူမြို့ အစိုးရ ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းဝင်းကွင်း ပြင်၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်ငြိမ်း၊ ညီလာခံကျင်းပရေး ဦးဆောင်ကော်မတီ (ရန်ကုန်) ဦးသာဗန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်၊ ရခိုင်ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ယဉ်လှိုင်၊ ဒေါက်တာ အေးချမ်း(သမိုင်းပညာရှင်)၊ စာရေးဆရာ ကျော်ဝင်း၊ စာရေးဆရာ ဖေမြင့် (ပြည်သူ့ခေတ် အယ်ဒီတာချုပ်)၊ ရခိုင်ပါတီနှင့် အမျိုးသား အင်အားစုများမှ ကိုယ်စားလှယ်များ၊ သံဃာတော်များ၊ ခရိုင်၊ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်သူလူထု စုစု ပေါင်းအင်အား (၁၅၀ဝ)ဦးခန့် တက်ရောက် ကြသည်။

ဦးစွာ ရခိုင် စည်တော်တီး ခတ်၍ အရှင်နာဂိန္ဒ မော်ကွန်းရွတ်ဆိုပြီး မိုးပျံပူပေါင်းများ လွှတ်တင်ကာ အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီးနောက် တက်ရောက် သူများမှ ကျဆုံးလေပြီးသော အမျိုးသား ခေါင်းဆောင် များနှင့် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်များ၊ ရဲဘော်များ အားလုံးကို အောက်မေ့ ဂုဏ်ပြုသော အားဖြင့် တစ်မိနစ်ခန့် မတ်တပ်ရပ် ငြိမ်သက်စွာ နေကြသည်။ ယင်းနောက် မြို့နယ် ကိုယ်စားလှယ် တော်များက အဖွဲ့လိုက် မိတ်ဆက်ကြပြီး ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ) ကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ငြိမ်းက ရခိုင်အမျိုးသား ညီလာခံကျင်း ပရခြင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကား ပြော ကြားကြသည်။ ထို့နောက် သံဃာတော်များ ကိုယ်စား ဆရာတော် ဟိတဓရ ဦးဝိမလဘိဝံသ(ရန်ကုန်)မှ သြဝါဒကထာ မြွက်ကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်သူများ အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် စာရေးဆရာ ဦးကျော်ဝင်းနှင့် စာရေးဆရာ ဖေမြင့် (ပြည်သူ့ခေတ် အယ်ဒီတာချုပ်) တို့က မြန်မာနိုင်ငံ ဒီမိုကရေစီဆိုင်ရာ လူမှုစီးပွားပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်၍ လည်းကောင်း၊ အသင်းအဖွဲ့ (၈)ဖွဲ့တို့မှ ကိုယ်စားလှယ်များက အထွေထွေ သဝဏ်လွှာ ဖတ်ကြား၍ လည်းကောင်း၊ ခရိုင်(၅)ခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်(၅)ဦး တို့က ညီလာခံအပေါ် အမြင်နှင့် မျှော်မှန်းချက်များကို လည်းကောင်း ဆက်လက် တင်ပြဆွေးနွေး ကြမည်ဖြစ်သည်။ ရခိုင် အမျိုးသား ညီလာခံ(ကျောက်ဖြူ)ကို ဧပြီ ၂၇ ရက်နေ့မှ မေ ၁ ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ ညီလာခံမှ ရှေ့ဆက်လက်မည့် အမျိုးသားမူ ဘောင်များ အပြီးသတ်ရေးဆွဲခြင်းနှင့် အမျိုးသား ညီလာခံမှ ရလဒ်များအား သဘောထားရေး ဆွဲထုတ်ပြန် ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar