Monday, April 28, 2014

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ ( အပိုင်း၂ )

၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက် လာတဲ့ သဘောပေါ့ဗျာ။အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကိုပို့လိုက် တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။

ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကိုမလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့ကမလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက်လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီးဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင် လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကိုတွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကိုပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘကအိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာသွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။

ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ရိုက်မယ် ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီးအော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလိုဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ် လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။

အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်းအဲဒီကနေ ပြန် လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွား တာပဲ။ ကျနော်က သူတို့နဲ့အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။

ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲ ဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။

ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်ကလာပြီး ဘာရောဂါတွေရှိသ လဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်းသွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်းရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကိုတယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေ ဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ရှိစဉ် ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။

နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက်လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။

နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီးလုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝဖိုးလောက်ကတော့ မှာဖူးတယ်။

အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။တချို့ကိစ္စတွေနဲ့ ပတ်သက် လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ် ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေးဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှမယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။

တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့်အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက် ချင်း တောင်းတာကတော့ ကုတင်အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။

အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘစိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကိုကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကိုရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်းမသိဘူး လို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေလာကြိုပြီး၊ ကျနော့်ကို၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာမကြာသေးဘူးပေါ့ဗျာ။

ဆက် ပါအုံးမည် _ သမိုင်းမှန် မပျောက်ကွယ်စေချင်သော ဆန္ဒဖြင့်
Esther Ohn Mar