Monday, March 3, 2014

လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ဖြေရှင်းနိုင်ရေး လွှတ်တော် အမတ်များ ပူးပေါင်း ပါဝင်ရန် သမ္မတ တိုက်တွန်း

ရန်ကုန်၊ မတ် ၃
ကာလ ကြာရှည်စွာ ဖြစ်ပွားနေသော လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရာတွင် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေး အတွက် ပြည်သူအများ ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ စာပေးပို့ တိုက်တွန်းထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ပြောကြားသည်။

မတ်လ ၃ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပေးပို့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တိုက်တွန်းစာတွင် လွှတ်တော် ကိုယ်စာလှယ်များ အနေနှင့် မြေပြင်ကွင်း ဆင်း ဆောင်ရွက်လျက် ရှိသော မြို့နယ်မြေ အသုံးချ စီမံခန့်ခွဲရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ရန် အဓိကထား တိုက်တွန်းထားကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

ယင်းသို့ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် အများပြည်သူတို့ နစ်နာမှုမရှိ စေရန်နှင့် ပွင့်လင်းမြင်သာမှု ပိုမို ရှိလာစေသည့် အပြင် ပြဿနာများ၏ ပကတိ အခြေအနေမှန်ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင် မည် ဖြစ်ကြောင်း သမ္မတက လွှတ်တော်သို့ ပေးပို့သည့် တိုက်တွန်းစာတွင် ဖော်ပြပါရှိသည်။

သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများက လယ်ယာမြေ အမှုအခင်းများကို ဖြေရှင်းရာတွင် နှောင့်နှေး ကြန့်ကြာမှုများ ရှိနေပြီး မိုးသီးနှံများ အတွက် ၂၀၁၄ ခုနှစ် ဇွန်လ မကုန်မီနှင့် ဆောင်းသီးနှံများအတွက် စက်တင်ဘာလ မတိုင်မီ ဖြေရှင်းပေးနိုင်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော် ဝါရီလ နောက်ဆုံးပတ်က စာပေးပို့ခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင် ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းစာ ပြန်လည် ပေးပို့လာခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

အစိုးရ သက်တမ်းအတွင်း ဖြေရှင်းခဲ့သည့် ယင်းပြဿနာများ ကြန့်ကြာနေခြင်းမှာ ပွင့်လင်း မြင်သာမှုမ ရှိခြင်းကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က The Vocie သို့ ပြောကြားသည်။

ယင်းအပြင် အဆိုပါ ပြဿနာများကို ယခုနှစ် စိုက်ပျိုးရာသီ မတိုင်မီ ဖြေရှင်းပေးရန် မှာလည်း မဖြစ်နိုင်ကြောင်း ဒေါက်တာမြင့်နိုင်က ဆိုသည်။

“သိတဲ့ အတိုင်းပဲလေ ရှင်းရမှာတွေက အများကြီး ကျန်သေးတယ်။ အချိန်က နည်းတယ်။ ပြီးတော့ ကိုယ်စားလှယ်တွေ မှာကလည်း လွှတ်တော် တက်ရဦးမယ်။ ဒီကြားထဲ သင်္ကြန်ရက်က ခံနေသေးတယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှု ဖြေရှင်းပေးရန် စုံစမ်းရေး ကော်မရှင်က အစိုးရ အဖွဲ့ထံသို့ တင်ပြထားသော တိုင်ကြားစာ ၆၄၃၅ စောင်ကို ၂ နှစ်နီးပါး ကြာမြင့်သည် အထိ ၄၃၂ စောင်သာ ဖြေရှင်း ပေးခဲ့သောကြောင့် အစိုးရအဖွဲ့ အနေနှင့် တာဝန်ကျေရန် လိုအပ်ချက်များ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းများ အတွက် သိမ်းဆည်းထားသော မြေဧက တစ်သိန်းခွဲကျော်ကို မူလ ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်ဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြု ပြောကြား ထားကြောင်း ဖေဖော်ဝါရီလ ပထမပတ်က ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားထားသည်။
The Voice Weekly