Monday, March 10, 2014

လမ်းလျှောက်ပြီး ရေကူးနိုင်သည့် ခြေလေးချောင်းပါ ငါးတွေ့ရှိ

နေပြည်တော်၊ မတ်-၉
နေပြည်တော် ပျဉ်းမနားမြို့နယ် အလယ်ရွာကျေးရွာမှ ငါးဖမ်းသူလူငယ် တစ်ဦးသည် မတ် ၇ ရက်က ဆင်သေချောင်းအတွင်း ပိုက်ကွန်ပစ် ငါးဖမ်းစဉ်ရရှိသောငါးများအတွင်းမှ ငါးရံ့ ခေါင်းတိုနှင့်တူ၍ အဖြူရောင်ဖြစ်ပြီး ခြေချောင်းလေးများဖြင့် ခြေထောက်လေးချောင်းပါရှိကာ ပါးဟက်အပြင်ဘက်မှ နားရွက်သဏ္ဌာန် ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါသော အမည်မသိ ငါးတစ်ကောင်အား အရှင်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါအမည်မသိငါးကို ပျဉ်းမနားမြို့ အလယ်ကျေးရွာနေ မောင်သန်းဦး (၁၄) နှစ်က မတ် ၇ ရက် နံနက် ၁ နာရီခွဲခန့်က ၎င်း၏ညီဖြစ်သူနှင့်အတူ ရွာအနီးရှိ ဆင်သေချောင်းအတွင်း ကွန်ပစ်ငါးရှာသွားရာမှ ငါးရံ့ဖြူနှင့် တူပြီး ခြေထောက်လေးချောင်းပါသော ငါးလက်မခန့်အရှည်ရှိ ငါးတစ်ကောင် ပိုက်ကွန်အတွင်း ပါလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါငါး၏ ရှေ့ခြေထောက်များတွင် ခြေချောင်းလေးများ သုံးချောင်းစီ ပါပြီး နောက်ခြေထောက်များ ၌ ခြေချောင်းငါးချောင်းစီပါသည့်အပြင် ပါးဟက် နေရာ၌ နားရွက်သဏ္ဌာန်ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါပြီး ငါးကန်အတွင်း ရေကူး၍လည်းကောင်း၊ ခြေထောက်ဖြင့် လမ်းသွား၍လည်းကောင်း သွားလာလှုပ်ရှားလျက်ရှိသဖြင့် အထူးအဆန်းအဖြစ် လူအများက လာရောက်ကြည့်ရှုလျက်ရှိကြသည်။
ဒဏ္ဍာရီ(ပျဉ်းမနား)
စံတော်ချိန် နေ့စဉ်သတင်းစာ