Thursday, March 6, 2014

တွတ်ငါးသောင်းပေါက်ဟု အကြောင်းကြား အမှန်တကယ်သိန်း ၁၅၀၀ ဆုပေါက်နေခဲ့

ပုသိမ်၊ မတ်-၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မတ် ၁ ရက်တွင် အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀ပေါက်သူ ကြင်စဦးဇနီး မောင်နှံအား မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်ကိုယ်စားလှယ်က တွတ်ငါးသောင်း သာရရှိကြောင်း မှားယွင်းစွာအကြောင်းကြားခဲ့သည်ဟု သိရသည်။

ပုသိမ်မြို့ ကင်မလင်းကျွန်းရပ်ကွက် ကန်သာယာ (၃)လမ်းနေ ကိုထိန်လင်းအောင်နှင့် မသော်တာတို့က ထီသိန်း ၁၅၀၀ ပေါက်သည်ကို အက္ခရာတူ ရှေ့နှစ်လုံးတူအဖြစ်တစ်စောင်ကို ကျပ်ငါးသောင်းဖြင့် ငါးစောင်တွဲအား ကျပ် ၂၅၀၀၀၀ ရသည်ဟု သွားရောက်အကြောင်းကြားရာမှ ပါလာသော ထီပေါက်စဉ်ဖြင့် တိုက်ကြည့်ရာ၌ သိန်း ၁၅၀၀ ပေါက်သည်ကို သိရှိခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

"မတ် ၁ ရက် ညနေ ၄နာရီခွဲ လောက်မှာလာအကြောင်းကြားတာပါ။ ကျွန်တော်က သူတို့လာပြောတော့ တစ်စောင်နှစ်သိန်းဆိုရင် ငါးစောင် ဆိုတော့ ၁၀သိန်းမရဘူးလားဆိုတော့ သူတို့ကလည်း ပါလာတဲ့ ထီပေါက်စဉ်ကိုထုတ်ပြပြီး ကျပ်သိန်း ၁၅၀၀ ဂဏန်းကို ဒီလိုတိုက်ရတယ်လို့ပြောရင်းနဲ့ ကြည့်လိုက်တော့ ကျွန်တော်ထိုးထားတဲ့ ငါးစောင်တွဲမှာ ပေါက်ဂဏန်းပါနေတာ သိရတာပဲ " ဟု ပုသိမ် မြို့မှ ကျပ်သိန်း ၁၅၀၀ထီပေါက်ခဲ့သူ ကိုထိန်လင်းအောင်က ရှင်းပြသည်။

အဆိုပါ ထီငါးစောင်တွဲအား ၎င်းတို့မင်္ဂလာဆောင်မည့် ဖေဖော်ဝါရီ ၂၀ရက် နံနက်မတိုင်မီ ၁၉ရက်ညပိုင်းက မင်္ဂလာဆောင်တွင် ကမ်းမည့်ကတ်များ သွားယူစဉ် လမ်းတွင် ထိုးခဲ့ခြင်းဖြစ်ပြီးမိသားစုအတွင်း၌ နှစ်ကျပ် တန် ထီခေတ်ကလည်း အမြင့်ဆုံးဆုဖြစ်သည့် ၁၀သိန်း ဆုပေါက်ခဲ့ဖူးကြောင်း ၎င်းကဆက်ပြောသည်။ ပုသိမ်မြို့မှ ထီဆိုင်ကြီးများသို့ ရန်ကုန်ပင်ရင်းဆိုင်မှ ပေါက်ဂဏန်းထွက်ပြီး အချိန်ပိုင်းအတွင်း အကြောင်း ကြားလေ့ရှိသော်လည်း ကိုယ်စားလှယ်များက မည်သည့် ဒေသမှပေါက်သည်ကိုဆက်လက်ကြည့်ရှု ပြီး အကြောင်းကြားလေ့ရှိသည်။

ကိုယ်စားလှယ်များအကြောင်းကြားမှုပျက်ယွင်းသဖြင့် ပေါက်သူမှာ မိမိ ထီပေါက်မှန်း မသိရှိသဖြင့် သိန်းဆု အကြီးစားများပင် မကြာခဏနိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေသဖြင့် ထီထိုးထားသူများအနေဖြင့် ကိုယ်စားလှယ် များ အကြောင်းကြားသည်ကိုမစောင့်ဘဲ ထီပေါက်စဉ်ဝယ်ကာ တိုက်ကြည့်ကြစေ လိုကြောင်းပုသိမ်မြို့မှ ထီဆိုင်ပိုင်ရှင်များက ဆိုသည်။

"ကျွန်တော်တို့က ထီပေါက်စဉ်နဲ့ တိုက်ကြည့်ပြီးမှ အရင်ဆုံးငါးသောင်းဆု ကနေစပြီး တွတ်ရတဲ့ဆုသေးတွေ ကို လိုက်လျော်ပေးတယ်။ အဲဒီနေ့ကလည်း တွတ်ငါးသိန်းရတဲ့လူတစ်ယောက်ကို သွားပေးရင်းနဲ့ ၀င်သွား တာပါ။ ကျွန်တော်တို့ သိန်း ၁၅၀၀ပေါက်နေတယ်ဆိုတာ အဲ့ဒီအချိန်အထိမသိခဲ့ ပါဘူး။ လိမ်ချင်ရင်တော့ သူတို့ငြင်းတဲ့ ၁၀ သိန်းကို ချက်ချင်းပေးခဲ့မှာပေါ့ဗျာ။ ပါသွားတဲ့ထီပေါက်စဉ်တောင် ထုတ်မပြဘူး "ဟု သိန်း ၁၅၀၀ဆုကို မှားယွင်းကာသွားရောက်ပေးလျော်ခဲ့သူ ပုသိမ် မြို့မှ ထီကိုယ်စားလှယ် ကိုစိုးသူကျော်က ရှင်းပြသည်။

မတ် ၁ရက်က (၃၀၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်း ၁၅၀၀ဆုမဲအဖြစ် တ-၆၅၆၉၉၈ ထွက်ပေါ်ခဲ့ကာ ပုသိမ်မြို့တွင် ယခုတစ်ကြိမ် ကျပ်သိန်း ၁၅၀၀ဆုမဲပေါက်ခဲ့မှုမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ထီဆိုင်ပိုင်ရှင်များထံမှ သိရသည်။
မျိုးမင်းထွန်း(မြစ်မခ)
စံတော်ချိန် နေ့စဉ်သတင်းစာ