Monday, March 10, 2014

မန္တလေးမြို့ရပ်ကွက်များထိ ရေသယ် ယာဉ်များဖြင့် ရေပေးဝေရန်စီစဉ်

မန္တလေး၊ မတ် ၉
မန္တလေးမြို့တော်အတွင်း နွေရာသီတွင် နှစ်စဉ် ဖြစ်လေ့ရှိသော ရေလိုအပ်ချက်ကို ဖြည့်တင်း ပေးနိုင်ရန်အတွက် ရေလိုအပ်လျက်ရှိသော ရပ်ကွက်မြို့နယ်များအထိ ရေသယ်ယာဉ် များဖြင့် လိုက်လံ ရေဖြန့်ဖြူး ပေးနိုင်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

“နွေရာသီ ရောက်လာပြီ ဆိုရင် မြေအောက်ရေ နည်းပါးသွားတာတို့၊ မြစ်ရေ တင်ကနေ ရေဖြန့်ဖြူး ပေးရ တာလည်း မနိုင်တော့ဘူး။ နွေရာသီရောက်ရင် ရေအသုံးပြုသူတွေလည်း များလာတယ်လေ။ ဒါကြောင့် ရေမရရှိတဲ့ ရေမလောက်တဲ့ ရပ်ကွက်၊ မြို့နယ်တွေကို ဌာနကနေ ရေကားတွေနဲ့ လိုအပ်တဲ့ နေရာတွေကို ဖြန့်ဖြူးပေးနိုင်အောင် ကြိုတင် စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော်အတွင်း ရေပြတ်လပ်မှုနှင့် ရေလိုအပ်ချက်များ ရှိပါက ရေနှင့် သန့်ရှင်းရေးဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ မိမိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ဖြစ်စေ ဆက်သွယ် အကူအ ညီ တောင်းနိုင်ကြောင်း၊ ယမန်နှစ် နွေရာသီတွင်လည်း ဌာနမှ နေ့စဉ် ရေသယ်ယာဉ်များဖြင့် လိုအပ်သော နေရာများကို နေ့စဉ် သွားရောက် ဖြန့်ဖြူးပေးခဲ့ပြီး ပျမ်းမျှတစ်ရက်လျှင် ရေဂါလန် ၆၀၀၀ ကျော်ခန့် ဖြန့်ဖြူးပေးရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနှစ်လည်း ရေပြတ်မှာ စိုးရိမ်နေရတယ်။ နွေရာသီဆိုတော့ ရေ အသုံးပြုကြတာ များတယ်လေ” ဟု မန္တလေးမြို့မဟာမြိုင် ရပ်ကွက် အပိုင်း (၁) တွင် နေထိုင်သူ အသက် ၃၄ နှစ်အရွယ်ရှိ ဒေါ်ခင်သိန်းမြင့် က ပြောကြားသည်။

ယခုလက်ရှိတွင် ရေဂါလန် ၁၆၀၀ ဆံ့သည့် ရေသယ်ယာဉ် နှစ်စီးခန့်ရှိပြီး ယင်းကဲ့သို့ ရေလိုအပ် သည့် နေရာများတွင် ရေပေးဝေနိုင်ရန် ရေသယ် မော်တော်ယာဉ်များလည်း တိုးချဲ့ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
The Voice Weekly