Tuesday, March 25, 2014

နိုင်ငံသားများသာ ပါတီတည်ထောင်ခွင့်ပြုမည့်ဥပဒေ လွှတ်တော်နှစ်ရပ်စလုံး အပြီးသတ်အတည်ပြု

နေပြည်တော်၊ မတ် ၂၅
အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသည့် နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း အပြီးသတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြော ကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၄) ဟူသည့် ပြင်ဆင်ချက်မှအပ အမျိုးသား လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်များအတိုင်း လွှတ်တော် နှစ်ရပ်ကြား သဘောထား ကွဲလွဲမှုမရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အတည်ပြုလိုက်သည့် ဥပဒေအရ နိုင်ငံသားများသာ ပါတီတည်ထောင်ခွင့် ရရှိတော့မည် ဖြစ်ပြီး ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ (၂၀၁၀) အရနိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများဖြင့် တည်ထောင်ထားသည့် ပါတီ များကိုလည်း ဥပဒေအသစ်နှင့်အညီ ဖွဲ့စည်းထားသည်ဟု ယာယီမှတ်ယူမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

သို့သော် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးသည့် အချိန်တစ်ခုအတွင်း အဆိုပါ ပါတီများအနေနှင့် ဥပဒေသစ်နှင့်အညီ ပြင်ဆင် ဖွဲ့စည်းရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ယင်းကဲ့သို့ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရရှိသူ၊ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများဖြင့် တည်ထောင်ထားသည့် ပါတီများ တရားဝင်ဆက်လက် ခွင့်ပြုထားခြင်းသည် ယခု ပြင်ဆင် ပြဋ္ဌာန်း လိုက်သည့် ဥပဒေကို ခိုင်မားအားကောင်းမှု လျော့ကျစေကာ အနှစ်သာရ မရှိသကဲ့သို့ ဖြစ်နေစေကြောင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော် က ထောက်ပြ ပြောဆိုသည်။

မူလဥပဒေများကို ပြင်ဆင်သည့် ဥပဒေများ အသက်ဝင်ရန် ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အ စည်းများက ဥပဒေသစ်နှင့်အညီ ဆောင်ရွက်ရန် အချိန်တစ်ခု ပေးခြင်းမှာလည်း ဖြစ်သင့်ကြောင်း ပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဆိုသည်။
“နိုင်ငံသား မဖြစ်သေးတဲ့သူတွေ ဒီအထဲမှာ ပါနေတယ်ဆိုရင် ခုနက ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေက လည်း အကျိုးအမြတ် ဖြစ်စေပါတယ်။ အခုလို အချိန်တစ်ခုပေးခြင်းဟာ နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့ အကျိုးအ တွက် ဖြစ်တယ်လို့ပဲ ယူဆစရာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် အဆိုပါကိစ္စကို လာမည့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ဆောင် ရွက်နိုင်ရန်နှင့် ယင်းဥပဒေ အတည်ဖြစ်ပြီးပါက ရွေးကောက်ပွဲ ဥပဒေသစ်နှင့်အတူ နိုင်ငံသားများသာ မဲပေးခွင့်ပြုရေးသည် အလိုအလျောက် ဖြစ်လာနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များက ပြောဆိုထားသည်။
The Voice Weekly