Thursday, February 6, 2014

Unity ဂျာနယ် အမှုဆောင်အရာရှိချုပ်၏ တူတော်စပ်သူ ထပ်မံစစ်ဆေးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
လျှို့ဝှက် ဓာတုလက်နက်စက်ရုံ သတင်းရေးသားမှုဖြင့် Unity ဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ထိန်းသိမ်းခံရပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမှုဆောင် အရာရှိချုပ်၏ တူတော်စပ်ကို ပြည်ထဲရေးဝန်ကြီးဌာန ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ ဦးအောင်ဝင်းထွန်းက ပြောကြားသည်။

၎င်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် နေကြာလမ်းရှိ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ စစ်ဆေးစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင် သွားခြင်း ဖြစ်ပြီး နေ့တစ်ဝက်ကျော်ကြာ စစ်ဆေးပြီးနောက် ည ၇နာရီ ၃၀ မိနစ်ခန့်တွင် Unity ဂျာနယ်တိုက်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ ဂျာနယ်၏ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သူ ဦးအောင်ဝင်းထွန်းက ဆိုသည်။
“အဲဒီဆောင်းပါးက ဘယ်နေရာက ရတာလဲ၊ ဘယ်လို သတင်းယူတာလဲဆိုတာ မေးတယ်။ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေကို မေးတယ်” ဟု ဦးအောင်ဝင်းထွန်းက ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူ စစ်ဆေးသည့် နေရာသည် ရန်ကုန်မြို့တော် ရှစ်မိုင်လမ်းဆုံးအနီးဟု သိရှိသော်လည်း နေရာအတိအကျကို မသိရှိခဲ့ကြောင်း၊ စစ်ဆေးသူများ မည်သူမည်ဝါ ဖြစ်သည်ကိုလည်း မေးမြန်းခွင့် မရကြောင်း ၎င်းကဆိုသည်။
“ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုစက်ရုံ” အမည်ရ သတင်းဆောင်းပါးကို ဖော်ပြခဲ့မှုသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှု စစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း၊ အားပေးကူညီခြင်း တို့ကြောင့် အရေးယူပေးရန် သက်ဆိုင်ရာဌာနက ပေါက်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားသဖြင့် Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် အပါအဝင် ငါးဦးကို မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(က)/၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လျှို့ဝှက် ဓာတုလက်နက်စက်ရုံ သတင်းဆောင်းပါး ရေးသားမှုဖြင့် ဖမ်းဆီး ခံထားရသည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ သတင်းထောက်၏ ဇနီးဖြစ်သူကိုလည်း ထပ်မံထိန်းသိမ်းခံခဲ့ရာ ဖမ်းဆီးပြီး တစ်ရက်အကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားရုံး အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း ယင်းဌာနမှ သိရှိရသည်။
The Voice Weekly