Saturday, February 1, 2014

Unity ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းကို ဖော်ပြခဲ့မှုဖြင့် Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်သုံးဦး ဖေဖော်ဝါရီလ ၁ ရက်နေ့မွန်းလွဲပိုင်းက သတင်းတပ်ဖွဲ့၏ လာရောက် ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း တာဝန်ခံ အယ်ဒီတာ ဦးမင်းထက်မြက်က The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက် Unity ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် ‘ဗိုလ်မှူးကြီးဟောင်း၊ လက်ရှိကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ’ သတင်းဆောင်းပါးကို ဖော်ပြပြီး နောက်တစ်ပတ် အကြတွင် ယခုကဲ့သို့ ခေါ်ဆောင်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် ညီညီသန်းက ၎င်းအထက်အရာရှိက မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး နေ့ခင်း ၃ နာရီ ၁၅ မိနစ်တွင် အကြီးတန်း သတင်းထောက် ဦးရာဇာဦး၊ ဦးသက်ပိုင်ကျော်နှင့် အငယ်တန်း သတင်းထောက် ဦးစည်သူစိုးကို ခေါ်ဆောင်သွားကြောင်း၊ ပေါက်မြို့နယ် သတင်းထောက် ဦးလူမော်နိုင်ကိုမူ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၁ နာရီတွင် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“နယ်သတင်းထောက်ကိုတော့ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ စွဲတယ်ပြောတယ်။ ကျွန်တော်တို့ သတင်းမှာ ဖော်ပြတဲ့ ဓာတ်ပုံတွေက Public (အများပိုင်) ဧရိယာက ရိုက်တာ၊ ရွာသားတွေ ပြောတဲ့ အသံဖိုင်တွေလည်း သတင်းထောက်တွေမှာ ရှိသေးတယ်၊ အစိုးရရဲ့ လျှို့ဝှက်ချက်ကို ခိုးတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှု မရှိလို့ ပြည်သူသိအောင် သတင်းပေးတာ” ဟု ဦးမင်းထက်မြတ်က ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ သတင်းလွတ်လပ်ခွင့်ကို ဦးချိုးလိုက်သည့် ပုံစံမျိုး ဖြစ်ပြီး ယခုလာရောက် ခေါ်ဆောင် သွားခြင်းတွင်လည်း ဖမ်းဝရမ်းနှင့် ရှာဖွေပုံစံများ မပါရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ သတင်းကို ရေးသားခဲ့သည့် သတင်းထောက်များ၏ အိမ်သို့လည်း သွားရောက် မေးမြန်းမှုများ ရှိခဲ့ပြီး အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များ ခေါ်ဆောင်ခံရပြီး နောက်တွင်လည်း သတင်းအဖွဲ့ဝင်များကို နောက်ယောင်ခံလိုက်မှုများ ရှိနေကြောင်း Unity ဂျာနယ်မှ အယ်ဒီတာတစ်ဦးက ဆိုသည်။

နောက်ဆုံးရ သတင်းများအရ နယ်သတင်းထောက် ဦးလူမော်နိုင်ကို ပခုက္ကူသို့ ပြောင်းရွှေ့ထားသည်ဟု မိသားစုများက တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားထားပြီး အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များ ပြန်လည် လွတ်မြောက် လာရေးအတွက် ယာယီစာနယ်ဇင်း ကောင်စီနှင့် မြန်မာသတင်းထောက်များ ကွန်ရက် (MJN)၊ Myanmar Journalist Union? Myanmar Journalist Association သို့ ဆက်သွယ် အကူအညီ တောင်းခံသွားမည် ဖြစ်ပြီး သမ္မတနှင့် ပြန်ကြားရေး ဝန်ကြီးဌာနသို့လည်း အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လာရောက် ခေါ်ဆောင်ခဲ့သူ ဒုရဲအုပ် ညီညီသန်း၏ တယ်လီဖုန်းကို ဆက်သွယ်ရာ ပြန်လည် ဖြေကြားခြင်းမရှိဘဲ အခြားသတင်းတပ်ဖွဲ့ဝင် တစ်ဦးကို မေးမြန်းရာတွင်မူ စက်ရုံသတင်းကြောင့် ဖမ်းဆီးခံရခြင်းကို သိကြောင်း၊ သို့သော် ထားရှိသည့် နေရာနှင့် တာဝန်ယူ ဆောင်ရွက်နေသူများကို မသိကြောင်း ပြန်လည် ဖြေကြားသည်။

စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက Unity ဂျာနယ်မှ တယ်လီဖုန်းဖြင့် တိုင်ကြားထားပြီး စာဖြင့်လည်း အကြောင်းကြားရန် ရှိကြောင်း၊ တရားဝင် ဥပဒေအရ ဆုံးဖြတ်ခြင်း မပြုမီအထိ တတ်နိုင်သမျှ ဆောင်ရွက်ပေးမည် ဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်း မဟုတ်သည့်အတွက် စေ့စပ်ညှိနှိုင်းခြင်းနည်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဂျာနယ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ရာ အချက်အလက်များသည် ဒေသခံများ၏ ပြောကြားချက်နှင့် Unity ဂျာနယ်မှ သတင်းအဖွဲ့၏ စက်ရုံအတွင်းနှင့် စက်ရုံ အပြင်ဘက်သို့ သွားရောက် စုံစမ်းခဲ့မှုအရ ရေးသားထားခြင်း ဖြစ်ပြီး Unity ဂျာနယ် သတင်းအဖွဲ့၏ ထင်မြင် ယူဆချက်နှင့် အာဘော်လုံးဝ မပါဝင်ကြောင်း စာဖတ်သူများကို သိစေအပ်ပါသည်ဟု ရေးသားထားသည်။

နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီးသော လက်နက်စက်ရုံ အကြောင်းကို ဓတ်ပုံ အထောက်အထား များဖြင့် ဖော်ပြခဲ့ခြင်းမှာ သူလျှိုမှု ကျူးလွန်ခြင်းသာဖြစ်ပြီး အတော် မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားသည်။

“လေယာဉ်ကနေ ဗုံးလာကြဲလို့ ရအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတယ်၊ ခင်ဗျားတို့လည်း သိမှာပါ။ ပစ်ကွင်း ရွေးပေးလိုက်သလို ဖြစ်သွားတာ” ဟု ၎င်းကဆိုသည်။

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေတွင် -မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ငှာ -(ကက) ပိတ်ပင်ထားသော နေရာကို ချဉ်းကပ်လျှင်သော် လည်းကောင်း၊ ဖြတ်ကျော်လျှင်သော် လည်းကောင်း၊ ထိုအရပ် အနီးအနားတွင် ရှိနေလျှင်သော် လည်းကောင်း၊ ထိုအရပ်ကို ဝင်ရောက်လျှင်သော် လည်းကောင်း ။ (ခခ) ရန်သူတစ်ဦး အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးကျစေလိုသည့်၊ အသုံးကျစေမည့်၊ အသုံးကျစေရန် ကြံရွယ်၍၊ ရုပ်ပုံ၊ နယ်ပုံ၊ မှတ်စုတစ်ခုခုကို ပြုလျှင်သော် လည်းကောင်း။ (ဂဂ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးကျစေလိုသည့်၊ အသုံးကျစေမည့်၊ အသုံးကျစေရန် ကြံရွယ်၍၊ လျှို့ဝှက်သော အမှုထမ်းသုံး၊ အရာထမ်းသုံး စကားကိုဖြစ်စေ၊ စကားဝှက်ကို ဖြစ်စေ၊ ရုပ်ပုံ၊ နယ်ပုံရေးသားချက်၊ မှတ်စု၊ အခြားစာတမ်း အမှတ်အသား သတင်း တစ်ခုခုကိုဖြစ်စေ ရယူလျှင်သော် လည်းကောင်း၊ စုဆောင်းလျှင်သော် လည်းကောင်း၊ ပုံနှိပ် ထုတ်ဝေလျှင်သော် လည်းကောင်း၊ အခြားသူတစ်ဦးဦးအား သတင်းပေးလျှင်သော် လည်းကောင်း ထိုသူအား ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည်။ ထို့ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက်၊ (ကြည်း) (ရေ) (လေ) တပ်တစ်ခုခုကို ထားရာဒေသ၊ ၎င်းတပ်တစ်ခုခု၏ တပ်နယ်တစ်ခုခု၊ မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ၊ စက်ရုံ၊ သင်္ဘောကျင်း၊ စစ်စခန်းသင်္ဘော၊ လေယာဉ်ပျံ တစ်စီးစီးနှင့် စပ်လျဉ်း၍ ထိုပြစ်မှုကို ကျူးလွန်လျှင်သော် လည်းကောင်း၊ (ကြည်း) (ရေ) (လေ) တပ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခြားနည်းဖြင့် ကျူးလွန်လျှင်သော် လည်းကောင်း၊ လျှို့ဝှက်သော အမှုထမ်းသုံး၊ အရာထမ်းသုံး စကားတစ်ခုခုနှင့် စပ်လျဉ်း၍ ကျူးလွန်လျှင်သော် လည်းကောင်း ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်ဟု ပါရှိသည်။
The Voice Weekly